Thursday, December 19, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အမှတ်(၁၀၂) ယန္တရားတင်ခြေလျင်တပ်ရင်းကြီးသို့ သွားရောက်လေ့လာ



နေပြည်တော် ဒီဇင်ဘာ ၁၈
ဗီယက်နမ် တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ နှစ်(၃၀)မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ တက်ရောက်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ ဗီယက်နမ် နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ နိုဘိုင်း အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဗီယက်နမ်ပြည်သူ့ တပ်မတော်မှ ဒုတိယ စစ်ဦးစီးအရာရှိချုပ် Lieutenant General Ngo Minh Tien၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဟနွိုင်းမြို့ရှိအမှတ် (၁)တပ်မကြီး၊ အမှတ်(၃၀၈) တပ်မကွပ်ကဲမှုအောက် အမှတ်(၁၀၂) ယန္တရားတင် ခြေလျင်တပ်ရင်းကြီး ( 102nd Mechanized Infantry Regiment) သို့သွားရောက်လေ့လာကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ယန္တရားတင်ခြေလျင်တပ်ရင်းကြီး ဧည့်ခန်းမ၌ တပ်ရင်းမှူးက တပ်ရင်းကြီး၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အမှတ်(၃၀၈)တပ်မ တပ်မမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းကြီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လေ့လာကြည့်ရှုကြရာ တပ်မမှူးနှင့် တာဝန်ရှိသူများ က လိုက်လံရှင်းလင်း ပြသခဲ့သည်။
ဗီယက်နမ်တပ်မတော်အနေဖြင့် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ စားဝတ် နေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပိုလျှံသည်များကို ပြည်သူလူထုသို့ ရောင်းချပေးလျက်ရှိကြောင်းကိုလည်း သိရှိရသည်။ ထို့နောက် တပ်ရင်းကြီး၌ အသုံးပြုလျက် ရှိသော တိုက်ယာဉ် ယန္တရားများကို လှည့်လည်ကြည့်ရှုလေ့လာကြရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်ရင်း၏ လေ့ကျင့်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းရာ တပ်မမှူးနှင့် တပ်ရင်းမှူးတို့က အပတ်စဉ်လေ့ကျင့်မှု၊ တပ်ရင်းအလိုက် လေ့ကျင့်မှုနှင့် တိုက်ပွဲဝင် အသင့်လေ့ကျင့်မှုများအား ရှင်းလင်းတင်ပြကြသည်။
အမှတ်(၁၀၂) ယန္တရားတင်ခြေလျင်တပ်ရင်းကြီးကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် မျိုးချစ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူအင်အား ၂၀၀၀ ဦးခန့်ဖြင့် ဟနွိုင်းမြို့တော်၊ Hoan Kiem ခရိုင်ရှိ To Nhu ပြဇာတ်ရုံအနီး၌ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်ရင်းကြီး၏ ပထမဆုံးအမည်မှာ Regiment United Area (Interregional Regiment) ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ဘက်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဟနွိုင်း မြို့တော်၏ တပ်ရင်းကြီး အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ပြင်သစ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်းကြီးသည် မဟာ ဗျူဟာတစ်ရပ်အဖြစ် စစ်ဘေး ရှောင်ပြည်သူ ၃၈၀၀၀ ဦးခန့်အား အောင်မြင်စွာ ကယ်ဆယ် စောင့်ရှောက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ကယ်ဆယ်ပေးနိုင် ခဲ့သည့်အပြင် နောက်မှထပ်ကြပ်လိုက်ပါလာသည့် ပြင်သစ် တပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်နိုင်ခဲ့ သည့်အတွက် အမှတ်(၁၀၂) တပ်ရင်းကြီးသည် Regiment of the Capital အဖြစ် မှတ်တမ်း ဝင်ခဲ့ ကြောင်း၊ အမှတ်(၁၀၂) တပ်ရင်းကြီးသည် ပြင်သစ်ကိုလိုနီများအား တော်လှန်သည့်ကာလ အတွင်း ဒိန်ဗင်ဖူးခံတပ်တိုက်ပွဲအပါအဝင် တိုက်ပွဲကြီး ၁၃ ခုနှင့် အမေရိကန်ခုခံကာကွယ် ရေးစစ်ပွဲတွင် တိုက်ပွဲကြီး သုံးခုတို့အား ဆင်နွှဲခဲ့ ကြောင်းနှင့် ၁၉၇၉ ခုနှစ်တွင် အမှတ်(၁၀၂) တပ်ရင်းကြီးအား ယန္တရားတင် ခြေလျင် တပ်ရင်းကြီး အဖြစ်ပြောင်းလဲခဲ့ပြီး သံချပ်ကာ လူသယ်ယာဉ်များဖြင့် ဖွဲ့စည်း ထားရှိကာ ခြေလျင်တပ်များ၏ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုထိရောက်မှုရှိစေရေးအတွက် အထောက်အကူ ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment