Wednesday, December 18, 2019

ဘာသာပြန်စာရေးဆရာ စိန်ဝင်းစိန် ကွယ်လွန်



(၁၉၄၄-၂၀၁၉)
ဘာသာပြန် စာရေးဆရာ စိန်ဝင်းစိန်သည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ကွယ်လွန် သွားပြီ ဖြစ်သည်။

ဆရာ စိန်ဝင်းစိန်ကို ဖခင် သခင်ဟန်သိန်းနှင့် မိခင် ဒေါ်အုံးမြင့်တို့က ၁၉၄၄ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် လပွတ္တာမြို့၌ မွေးဖွား ခဲ့သည်။ ဆရာ စိန်ဝင်းစိန်၏ အမည်ရင်းမှာ စိန်ဝင်းဖြစ်ပြီး လပွတ္တာမြို့ အစိုးရအထက်တန်းကျောင်း၊ ပုသိမ်ဥပစာ ကောလိပ်နှင့် ရန်ကုန် လုပ်သားများ ကောလိပ်တို့တွင် ပညာသင်ကြားခဲ့ကာ မြန်မာစာအဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ နှစ်ပေါင်း ၂၀ ခန့် အစိုးရဝန်ထမ်း ဘဝဖြင့် ရှင်သန်ရပ်တည်ခဲ့သည်။ ထို့နောက် ကျူရှင်ဆရာ၊ ကုမ္ပဏီစာရင်းစစ် မန်နေဂျာအလုပ်များကို လုပ်ကိုင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ခေတ်မြန်မာဂျာနယ်၌ ပထမဆုံးဘာသာပြန်သတင်း ဆောင်းပါးကို ပုံနှိပ်ဖော်ပြ ခံရချိန်မှအစပြုကာ ဘာသာပြန်အလုပ်ကို စဉ်ဆက် မပြတ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက ကံ့ကော်ဝတ်ရည်စာပေမှ ထုတ်ဝေခဲ့သည့် "ရန်ကုန်သမိုင်း"စာအုပ်သည် ဆရာစိန်ဝင်းစိန်၏ နောက်ဆုံး ဘာသာပြန်လက်ရာစာအုပ် ဖြစ်သည်။
ဆရာစိန်ဝင်းစိန်သည် ဆေးရုံပေါ်က ကြိယာစကားလုံးစုများ၊ စကား အလှ၊ စာအလှ(နှစ်တွဲ)၊ ရွှင်ပျော်ပျော်စကားပုံများ၊ ရွှင်ပျော်ပျော် အီဒီယမ်များ (ခြောက်တွဲ)၊ ဦးနု(U Nu of Burma by Richard A Butwell)၊ ဂန္ဒီပုံပြအတ္ထုပ္ပတ္တိ (Ghandi Pictorial Biography by Gerald Gold)၊ နယူးယောက်က ဦးသန့် (U Thant in New York)၊ ကျွန်ုပ်၏မြန်မာနိုင်ငံ [သမ္မတတစ်ဦး၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ] (My Burma by U Ba U) စသည့်စာအုပ်များအပါအဝင် ဘာသာပြန် စာအုပ်ပေါင်း ၄၀ ကျော် ရေးသား ထုတ်ဝေခဲ့သည်။
ကြေးမုံ

No comments:

Post a Comment