Wednesday, December 18, 2019

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရဲ့အရင်းအမြစ်တွေကို နိုင်ငံသူ၊ နိုင်ငံသားတွေ အကျိုးစီးပွား ဖြစ်အောင် စီမံခန့်ခွဲနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်)


ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာပါလီမန်စနစ်နှင့် ဝေးကွာခဲ့ပြီးနောက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၁ ခုနှစ်တွင် လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည်။
လွှတ်တော်တွင် အမြဲတမ်း ကော်မတီ ၄ ခုသာမက လုပ်ငန်း လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းသည့် လွှတ်တော်ရေးရာ ကော်မတီများ လည်း ပေါ်ပေါက်လာသည်။
ကော်မတီသည် လုပ်ငန်းတာဝန်များကို အောင်မြင် ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရန် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက် အရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ကော်မတီသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေးအတွက် ကူညီဆောင်ရွက်ပေးရသည်။ ထို့ပြင် သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့ အစည်းများက ကျင့်သုံးလျက်ရှိသော ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်း ရန်များ တွေ့ရှိပါက လွှတ်တော်သို့ တင်ပြဆောင်ရွက်ရသည်။
ကော်မတီသည် ဥပဒေပြုရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ရုံး၏ တာဝန်ခွဲဝေ သတ်မှတ်ပေးချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို လေ့လာ သုံးသပ်ပြီး ပယ်ဖျက် ၊ ပြင်ဆင်၊ အသစ် ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ရသည်။
ထို့ပြင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါ အားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲ ဥပဒေ များနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့် လည်းကောင်း၊ ညီညွတ် ဆီလျော်အောင် ဆောင်ရွက်စေပြီး လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရသည်။
ထို့အတူ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာန အဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ သနားခံစာများ၊ တင်ပြချက် များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင် ခံရသည်။
ကော်မတီက စိစစ်ရန် သတ်မှတ်ပေးထားသည့် ဝန်ကြီးဌာနနှစ်ခုအနက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဥပဒေ ၂၇ ခုတွင် စိစစ်ဆဲ ဥပဒေ ၉ ခု ၊ အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ ၁၈ ခုတို့ကို ဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဥပဒေ ၉ ခုတွင် အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ ၈ ခု ၊ စိစစ်ဆဲ ဥပဒေ ၁ ခုတို့ကို ဆောင်ရွက်လျက်ရှိရာ ကော်မတီမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။
ဦးဝင်းထွဋ် - ဖျာပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ကျွန်တော်တို့ ကော်မတီဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှစ်ခုကို စောင့်ကြည့်ထိန်း ညှိရတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှာ ဦးစီးဌာန ၇ ခု၊ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်း ၈ ခုနဲ့တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း စုစုပေါင်း ၃ ခု ပါဝင်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မှာတော့ ဦးစီးဌာန ၅ ခု ပါဝင်ပါတယ်။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ ဥပဒေ ၂၇ ခု၊ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဥပဒေ ၉ ခု၊ စုစုပေါင်းဥပဒေ ၃၆ ခုကို ကျွန်တော်တို့ ကော်မတီက ကိုင်တွယ်ဆောင်ရွက် ရပါတယ်။
ကျွန်တော်တို့ဟာ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီ တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိက တာဝန်က ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုရေးကို ဆောင်ရွက်ရာမှာ အဓိက တည်ဆဲဥပဒေ တွေကို ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်မှုတွေ ဆောင်ရွက်ရပါတယ်။ အသစ်ပြဋ္ဌာန်း ဖို့လိုတဲ့ ဥပဒေတွေ ကိုလည်း အသစ်ပြဋ္ဌာန်းနိုင်အောင် ကြိုးစားရပါတယ်။
နောက်တစ်ခုကတော့ ဥပဒေပြုပြီးနောက် စိစစ်ခြင်းပါ။ ဒါကအရေးကြီး ပါတယ်။ ကျွန်တော်တို့ ပြုလိုက်တဲ့ ဥပဒေတွေကို ကျင့်သုံးတဲ့အခါ လိုအပ်ချက်တွေ ရှိ၊ မရှိ၊ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စိစစ် တဲ့လုပ်ငန်းကို ဆောင်ရွက်ရပါတယ်။ နောက်ပြီး ဘဏ္ဍာနှစ် အလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို စိစစ်ရတဲ့ လုပ်ငန်းစဉ် ကိုလည်း ဆောင်ရွက်ရ ပါတယ်။ ဒါကလည်း အင်မတန်အရေးပါတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေပြုရေး ကဏ္ဍအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ထိန်းကျောင်းရတဲ့ အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေက သူတို့ ကိုင်တွယ်ကျင့်သုံးတဲ့ ဥပဒေတွေ၊ တည်ဆဲ ဥပဒေ တွေနဲ့ အညီ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြား ချက်နဲ့ လုပ်ထုံး လုပ်နည်း တွေဟာ ကိုက်ညီမှု ရှိ၊ မရှိ၊ လိုက်လျောညီညွတ်မှု ရှိ၊ မရှိ ဒါတွေကိုလည်း စောင့်ကြည့် ထိန်းညှိတဲ့ တာဝန်ကို ဆောင်ရွက်ရပါ တယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အခါမှာ လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆီလျော်မှု ရှိ၊ မရှိ၊ ပြည်သူရဲ့ အကျိုးစီးပွားကို ရှေးရှုမှု ရှိ၊ မရှိ ကိုလည်း စိစစ်ထိန်းညှိပေးရ ပါတယ်။ ဒါသည် ကျွန်တော်တို့ လွှတ်တော်ကော်မတီတွေရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။
ကျွန်တော်တို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီကတော့ ဥပဒေပြုရေး အနေနဲ့ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု ဥပဒေကြမ်းကို တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံ လိုင်စင်ရကန် ထရိုက် တာများအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတို့က ပေးပို့ထားတဲ့ တိုက်ခန်းအိမ်ရာ အဆောက်အဦဆိုင်ရာ ဥပဒေ (မူကြမ်း)ကိုလည်း ဆွေးနွေးနေပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး တွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။
အခုရက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ နဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်း တွေဆောင်ရွက် ရာမှာ လိုက်နာကျင့်သုံးရမယ့် လုပ်ငန်း လမ်းညွှန်ချက်များ မူကြမ်း၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားတဲ့ ၁/ ၂၀၁၇ အရ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်တဲ့ Standard Operating Procedure (SOP) ကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့အတူ ပြင်ဆင်အကြံ ပြုချက်တွေကို ပေးပို့ဆောင်ရွက် နေပါတယ်။
Standard Operating Procedure (SOP)ကို ပြဋ္ဌာန်းတဲ့အခါ ရှိနေတဲ့အခြေအနေတွေ၊ ရှိနေတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ သဘောသဘာဝတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တင်ဒါလုပ်ငန်းစဉ်တွေကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့၊ နောက်ပြီး နိုင်ငံတော် ဘတ်ဂျက်ကို သုံးပြီးဆောင်ရွက် တဲ့ လုပ်ငန်းစဉ်တွေမှာ သုံးရတဲ့ပမာဏနဲ့ တန်ဖိုးညီတဲ့လုပ်ငန်းတွေ ပြီးမြောက် ဖို့၊ သတ်မှတ်ထားတဲ့ ဘတ်ဂျက်နှစ်အတွင်းမှာ ပြီးမြောက်ဖို့ အဲဒီလုပ်ငန်းစဉ်တွေဟာ ဒီနေ့နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အသုံးပြုတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အရေးတကြီးလိုအပ်နေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
အဲဒီတော့ SOP ကို မြေပြင်နဲ့လည်း လိုက်လျော ညီထွေရှိမယ်၊ အမှန်တကယ် ကျင့်သုံးဆောင်ရွက် တဲ့အခါ ကန်ထရိုက်တာတွေရော၊ နိုင်ငံတော်ရော ကျွန်တော်တို့ ဒေသခံပြည်သူတွေပါ အကျိုးရှိစေမယ့် လုပ်ငန်းစဉ် တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးဆောင်ရွက်ပြီး ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ BOT ပါ။ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းတွေကို ပုဂ္ဂလိကကဏ္ဍကို BOT စနစ် နဲ့ ဆောင်ရွက်စေတဲ့ လုပ်ငန်းစဉ်ပါ။ အဲဒီလုပ်ငန်းစဉ် တွေကို ဆောင်ရွက်တဲ့အခါမှာလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စာချုပ်ချုပ်တဲ့ အခါ အရင်ချုပ်ခဲ့တဲ့ စာချုပ်တွေက အားနည်းချက်တွေ၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ အမှန်တကယ် အသုံးပြုတဲ့ ပြည်သူတွေလည်း ရသင့် ရထိုက်တဲ့ အကျိုးခံစားခွင့်တွေ မရပါဘူး။ ပုဂ္ဂလိက အချို့လုပ်ငန်း ရှင်တွေမှာလည်း နစ်နာဆုံးရှုံးမှုတွေ ရှိပါတယ်။
အဲဒီအတွက် ကျွန်တော်တို့က BOT ပဋိညာဉ် စာချုပ်တွေကို ပိုမိုပြီးလက်တွေ့ကျအောင်၊ BOT ရဲ့ သဘောသဘာဝတွေ ပိုမိုပြည့်စုံလာအောင် စည်းနှောင် အားကောင်းတဲ့ ပဋိညာဉ်စာချုပ်တွေ ဖြစ်လာအောင် နိုင်ငံတော်၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အများပြည်သူအကျိုး ဖြစ်ထွန်းစေမယ့် ပဋိညာဉ် စာချုပ်မျိုးတွေ ဖြစ်လာအောင် ကျွန်တော်တို့ ကော်မတီက လိုအပ်တဲ့ အကြံဉာဏ်တွေ၊ သုံးသပ်ချက်တွေ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပြီး ကျွန်တော်တို့ရဲ့ သဘောထားတွေ ပေးပို့ခဲ့ပါတယ်။
ဒီလိုလုပ်ငန်းစဉ်မှာ အဓိကကျတဲ့လမ်းရဲ့ အခွန်အခတွေက လက်တွေ့ကျရမယ်။ အများပြည်သူအတွက် လည်း ဝန်ထုပ်ဝန်ပိုးမ ဖြစ်ရဘူး။ လုပ်ငန်းရှင်တွေ အတွက်လည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ထိန်း သိမ်းမှု၊ စရိတ်စကတွေအတွက် လုံလောက်တဲ့ နှုန်းထားတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်လည်း ဒီလုပ်ငန်းစဉ်ကို ပြန်လည်စိစစ်တဲ့ နည်းလမ်း၊ မူလစဉ်းစားချက်အပေါ် အောက်ခြေက ပြန်လည် စဉ်းစားတဲ့ နည်းလမ်းနဲ့ မှန်ကန် တဲ့နည်းလမ်းတွေရလာဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ဆောင်ရွက် နိုင်မယ့်နည်းလမ်းတွေ အကြံပြုထား ပါတယ်။
ဒီလုပ်ငန်းစဉ်တွေဟာ ချက်ချင်းလက်ငင်းပြီးစီးဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် မကြာမီကာလမှာ ပြီးစီးပြီး အမှန်တကယ်လုပ်ငန်းတစ်ခု၊ အောင်မြင်တဲ့ စည်းနှောင် အားကောင်းတဲ့ ပဋိညာဉ် စာချုပ်တွေဖြစ်ဖို့ ကျွန်တော် တို့ကော်မတီက ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ဆက်သွယ်ရေး အခွန်အခနှုန်း ထားတွေ၊ ဆက်သွယ်ရေးအော်ပရေတာတွေက ဝန်ဆောင်ခပိုပြီး ဖြတ်နေတယ်ဆိုတဲ့ တိုင်ကြားမှုမျိုး တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ခေါ်ယူညှိနှိုင်း ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ အများဆုံးရှိတဲ့ ဌာန ဖြစ်ပါတယ်။ မြန်မာအမျိုးသား လေကြောင်း၊ မြန်မာ့ မီးရထား၊ မြန်မာဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့ သင်္ဘော ကျင်းလုပ်ငန်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း အစရှိတဲ့လုပ်ငန်းတွေ အများဆုံး ပါဝင်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပက ကော်ပိုရေးရှင်း ပုံစံနဲ့ ဆောင်ရွက် နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆိုရင် မြန်မာ့ ဆက်သွယ်ရေး ကော်ပိုရေးရှင်းဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကလည်း လာမယ့်နှစ်အတွင်းမှာ ကော်ပို ရေးရှင်းပုံစံ စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာတော့ မှာဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေပြုပြီး စီးပွားရေးပုံစံ ဖွဲ့စည်းလိုက်တဲ့ လုပ်ငန်းစဉ်တွေဟာ အောင်မြင်ဖို့ လိုပါတယ်။ အဲဒီလိုအောင်မြင်ဖို့အတွက် ဥပဒေပြုပြီး နောက် ပြန်လည်စိစစ် တဲ့(PLS-Post Legislative Scrutiny) လုပ်ငန်းစဉ်ကို ကျွန်တော်တို့ကော်မတီက ဆောင်ရွက်မှာဖြစ်ပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရဲ့ အရင်း အမြစ်တွေကို နိုင်ငံသူ၊ နိုင်ငံသားတွေ အကျိုးစီးပွား ဖြစ်အောင် စီမံခန့်ခွဲနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ဖို့ အင်မတန် အရေးကြီး ပါတယ်။ ကျွန်တော်တို့ ကော်မတီက နိုင်ငံတော်အတွက် အဓိကအောင်မြင်တဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဖြစ်ဖို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အများဆုံးရှိတဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ စောင့်ကြည့်ထိန်းညှိ သွားမှာဖြစ်ပါတယ်။
တည်ဆောက်ရေးနဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်းတွေမှာ ဒီဇိုင်း၊ စံနှုန်း သတ်မှတ်ချက် တွေ ထုတ်ပြန်နိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေး ဟန်ချက်ညီ ဖြစ်စေဖို့၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု(Construction Safety) ပိုမိုတိုးတက် ကောင်းမွန်စေဖို့တို့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်လက် ညှိနှိုင်း ဆွေးနွေး ထိန်းကျောင်းသွားမှာ ဖြစ်ပါ တယ်။
ဒေါ်ယဉ်မင်းလှိုင်
ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီအတွင်းရေးမှူး
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်သွင်းတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကိုပြင်ဆင်ပါတယ်။ နောက်ပြီး အခုနှစ် ဇွန်လမှာ တံတားကြီးများဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပါတယ်။ သြဂုတ်လ မှာတော့ ဆက်သွယ်ရေးဝန်ကြီး ဌာနက ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါတွေအပြင် အများကြီးလိုအပ်နေတဲ့ ဥပဒေ တွေလည်း ကျန်ရှိနေပါသေးတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနက အထူးသဖြင့် နည်းပညာ ပိုင်းဆိုင်ရာတွေ ပါရှိတဲ့အတွက် ကျွန်မတို့ ကော်မတီက အမြန်တွန်းအားပေးပြီး ဆောင်ရွက်ခိုင်းထားတာက Third Party တတိယအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်ပါတယ်။Third Party နဲ့ ပတ်သက်တဲ့အဆိုကို ကျွန်မလွှတ်တော်မှာ တင်သွင်းခဲ့ပြီး အတည်ပြုထား တာ (၂)နှစ်ကျော်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ တိကျတဲ့ ဥပဒေ၊ နည်းဥပဒေတွေ မထွက်သေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အမျိုးမျိုး ကျင့်သုံးနေပါတယ်။
ပြီးခဲ့တဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးမှာ ကော်မတီအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အဦးကြီးကြပ်မှုအက်ဥပဒေကို (၆)လ အတွင်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ ပြုစုပေးပို့ပေးပါလို့ စာထွက် ထားပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေ ထဲက စင်ကာပူနိုင်ငံရဲ့ အဆောက်အဦကြီးကြပ်မှု အက်ဥပဒေကို ဘာသာပြန်ပြီး ကော်မတီ အနေနဲ့ အကြံပြုထားပါတယ်။ (၆)လအတွင်း ပြုစုတင်ပြပါလို့ ကျွန်မတို့စာထုတ်ထားပါတယ်။
တင်ဒါလမ်းညွှန်နဲ့ ပတ်သက်ပြီး ကျွန်မတို့ ပြင်စရာတွေ အများကြီးရှိတယ်။ ပြင်ဆင်ဖို့လည်း သက်ဆိုင် ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး အစည်းအဝေးအကြိမ်ကြိမ် ခေါ်ယူကြိုးစားနေတယ်။ တင်ဒါလမ်းညွှန် တိတိကျကျ ရှိလာမယ်၊ အဆောက်အဦ ကြီးကြပ်မှုအက်ဥပဒေ တိတိကျကျ ရှိလာမယ်၊ အခုပြုစု ရေးဆွဲနေတဲ့ Procure-ment Law ရှိလာမယ်ဆိုရင် တည်ဆောက်ရေး လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်ချရမှာ ဖြစ်ပါတယ်။ အမြန်ဆုံးဖြစ်ထွန်း လာမယ် လို့လည်း ကျွန်မတို့ ယုံကြည်တဲ့ အတွက် ကော်မတီက တိုက်တွန်းပြီး ကြိုးစားနေ ပါတယ်။
ကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ အငြင်းပွားနေတဲ့ အနည်းဆုံးဈေးကို တင်ဒါပေးရမယ်ဆိုတဲ့ ကြယ်ပွင့်ပြ မေးခွန်းကိုလည်း ကော်မတီဝင် ဦးနိုင်နိုင်ဝင်းက မေးထား ပါတယ်။ တင်ဒါရဲ့ သဘောသဘာဝကိုက အနည်းဆုံး ဈေးပေးသူကို ပေးရမှာဖြစ်တယ်၊ ဝိဝါဒကွဲနေကြတဲ့ အတွက် ကြယ်ပွင့်ပြမေးခွန်းကို မေးခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးဈေးကို ပေးရမယ်ဆိုတဲ့ အဖြေလည်း ထွက်ပြီးဖြစ်ပါတယ်။
နောက်တစ်ခုက ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေပြဋ္ဌာန်းတာနဲ့ ပတ်သက်ရင် ယှဉ်ပြိုင် လာတဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ အခြားသောဆက်သွယ်ရေး ကုမ္ပဏီတွေလည်း ဝင်ရောက် လုပ်ကိုင်နေ တာဖြစ်တဲ့ အတွက် နိုင်ငံပိုင် MPT ကိုလည်း ဥပဒေတစ်ရပ်နဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပီပီပြင်ပြင်ဆောင်ရွက် နိုင်ဖို့ ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ကျွန်မတို့ကော်မတီမှာ ဆက်သွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ ဖုန်းဘီလ်ဖြတ်တာ မတရားခံနေရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် အောင်မြေ သာဇံမဲဆန္ဒနယ်က ဒေါက်တာလှမိုးက ကြယ်ပွင့်ပြ မေးခွန်း တင်ခဲ့တာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့ကော်မတီက ဝန်ကြီးဌာန ကို ခေါ်ယူတွေ့ဆုံပြီး Parliamentary Oversight လုပ်ခဲ့ပါတယ်။ ဒါတွေက ကွန်ပျူတာစနစ်နဲ့ သွားနေတာမှာ အပိုဖြတ်ယူတယ် ဆိုတဲ့ကိစ္စဟာ ပြည်သူလူထု သိသင့်သိထိုက်၊ ရှိသင့် ရှိထိုက်တဲ့ အသိပညာပေးမှုကို ဆက်သွယ်ရေးကုမ္ပဏီ တွေအနေနဲ့ ပေးပေးပါ။ သူတို့မသိလို့ ဒါလေးနှိပ်လိုက် မိလို့ ဒီငွေကို ကျွန်တော်တို့ ဖြတ်လိုက်တာဆိုတာ မဖြစ်စေချင်လို့ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနကိုလည်း ပြောထားတာရှိပါတယ်။
၂၀၁၆ ခုနစ် မတ်လမှာ ဝန်ကြီးဌာနနဲ့ တရုတ် ကုမ္ပဏီတစ်ခု CCGG လို့ခေါ်တဲ့ လက်မှတ် ရေးထိုး စာချုပ် ချုပ်ဆိုထားတာရှိပါတယ်။ ရန်ကုန်မြစ်ထဲမှာ Pilot Station တည်ဆောက်ဖို့ကိစ္စပါ။ စံနှုန်းတွေနဲ့ လွဲနေ တယ်။ သဘောသဘာဝတွေနဲ့ လွဲနေတယ်ဆိုပြီး လူမှုကွန်ရက် တွေမှာ တက်လာတာတွေကိုလည်း ကျွန်မ တို့ နှစ်ကြိမ်ခေါ်ယူတွေ့ဆုံ ထိန်းကျောင်းပါတယ်။ ကွင်းဆင်းကြည့်ရှုဖို့လည်း ရှိပါတယ်။ ဒီ Pilot Station ဟာပင်လယ်ကူး သင်္ဘောကြီးတွေရဲ့ Captain သင်္ဘော မောင်းသူတွေအနေနဲ့ အနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်ဖို့ ရည်ရွယ်ပြီး ဒေါ်လာသန်းများစွာ အကုန်အကျခံ တည်ဆောက်နေတယ်၊ တကယ်လက်တွေ့မှာ အသုံးမဝင် ဖြစ်နေတာကို ဝန်ကြီးဌာနကို ခေါ်ယူညှိနှိုင်းပါတယ်။
နောက်ပြီး တာဝါတိုင်တွေတည်ဆောက်တဲ့ ကိစ္စတွေ ဟာ ရပ်ရွာတွေမှာ အင်မတန်အငြင်းပွား ဖွယ် ဖြစ်နေ ကြပါတယ်။ တာဝါတိုင်နဲ့ပတ်သက်ပြီး တစ်ခုခု အငြင်း ပွားတယ်ဆိုရင် တာဝါတိုင် တည်ဆောက် တဲ့ကုမ္ပဏီကို ပြောရမလား၊ ဖုန်းကုမ္ပဏီကိုပဲ ပြောရမလားဆိုပြီး ဝိဝါဒကွဲမှုတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ရင် စာချုပ် ဘယ်သူနဲ့ချုပ်သလဲ၊ တာဝါတိုင် တည်ဆောက်တဲ့ ကုမ္ပဏီနဲ့ မြေရှင်နဲ့ စာချုပ်ချုပ် တယ်ဆိုရင် တာဝါတိုင် တည်ဆောက်တဲ့ ကုမ္ပဏီမှာတာဝန် ရှိတယ်။ ဆက်သွယ် ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်တယ်ဆိုရင် ကုမ္ပဏီမှာ တာဝန် ရှိတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေကို ကျွန်မတို့ကော်မတီကို တင်ပြပေးဖို့ လိုပါတယ်။
ကျွန်မတို့ကော်မတီအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေတွေကို ဆက်လက်ပြီးတော့လည်း ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေပါ တယ်။ အခုရေးဆွဲနေတဲ့ ဥပဒေတွေနဲ့ ပတ်သက ရင်လည်း လွှတ်တော်ကော်မတီနဲ့ အတတ်နိုင်ဆုံး အရင် ညှိနှိုင်းပါ။ ကျွန်မတို့ကော်မတီအနေနဲ့ BOT လမ်းတွေ လမ်းကြေးတိုးမြှင့်ကောက်ခံရေးကိုလည်း သေသေချာချာ စိစစ်သွားမှာပါ။ လုပ်ငန်းတွေ အရည်အသွေးမီမှ တက်သင့် တက်ထိုက်တဲ့ လမ်းကြေး၊ လမ်းခွန်ကောက်ခံမှု နှုန်းထားတွေလည်းတက်ဖို့ ကျွန်မတို့ ကော်မတီအနေနဲ့ ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - နန္ဒာဝင်း

No comments:

Post a Comment