( ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
)
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သား အပေါင်းရှင့်၊
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်ရှေ့
မှောက် လျှောက်လဲခဲ့ချိန်မှာ ကျွန်မအနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖြစ်
တက်ရောက် ရတာကို ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ တရား ရုံးတော်မှာ ကျွန်မတို့ နိုင်ငံတော်ကို
ကိုယ်စားပြုပြီး တက်ရောက်ခဲ့ရခြင်းဟာ ကျွန်မနဲ့ ကျွန်မတို့ ကိုယ်စားလှယ် အဖွဲ့အတွက်
အမှန်တကယ်ပဲ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်လေးနက်တဲ့ တာဝန်တစ်ရပ် လည်း
ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကနေ ကျွန်မတို့ မြန်မာနိုင်ငံအပေါ် အလွန်ဆိုးရွားတဲ့ လူမျိုးပြုန်းတီးမှုနဲ့
တရားစွဲဆိုထားခြင်း ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကျွန်မတို့ ပြည်သူ လူထုကြီးတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်တွေနဲ့
ကျွန်မတို့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်သာမက နိုင်ငံတကာ အသိုက်အဝန်းရဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့
ကျေပွန်ရမယ့် တာဝန်ဝတ္တရားတွေကို စိတ်တွင်အစဉ် စွဲမြဲလျက် ကျွန်မတို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့
တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံ အတွင်းမှာရှိကြတဲ့ အသိုက်အဝန်းတွေအားလုံးကြားမှာ
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတ ရှိရေးကို မျက်ခြည်ပြတ်မခံဘဲ ရိုးသား
ဖြောင့်မတ်ခြင်း၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်းတို့အပေါ် ခိုင်ခိုင်မာမာ
ရပ်တည် ချေပခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဥပဒေ အဖွဲ့အနေနဲ့လည်း ကျွန်မတို့ အလေးထား စဉ်းစားရတဲ့
ကိစ္စရပ်များနဲ့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကောင်းစွာနားလည်ထားကြပါတယ်။ ကျွန်မတို့
ဥပဒေ ပညာရှင်တွေရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဥပဒေပညာ ဆိုင်ရာ ကျွမ်းကျင်မှု၊ တရားမျှတမှု
အပေါ် သက်ဝင် ယုံကြည်မှုနဲ့ ကျွန်မတို့အမှုကိစ္စအပေါ် စေတနာထား ဆောင်ရွက်ခဲ့မှုတွေအတွက်လည်း
ကျေးဇူးဥပကာရ အထူးပင်တင်ရှိကြောင်းကို အခုလို အခွင့်အခါ ကြုံကြိုက် တဲ့အခါမှာ အလေးအနက်
ပြောကြားလိုပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံကို ကိုယ်စား ပြုတဲ့ ရှေ့နေတွေနဲ့ ဥပဒေအကြံပေးတွေကတော့
အင်္ဂလန်နဲ့ ဝေလပြည်နယ် ဆိုင်ရာ ရှေ့နေများ အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ခရစ်တိုဖာစတိတ်ကာ၊
လိုက်ဒန်တက္ကသိုလ်၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးဌာန ပါမောက္ခ၊ မစ်ဒယ်ဆက်စ်တက္ကသိုလ်၊
အပြည်ပြည်ဆိုင်ရာ ဥပဒေ ဌာနရဲ့ ပါမောက္ခလည်းဖြစ်တဲ့ မစ္စတာဝီလျံရှေးဘတ်စ်နဲ့ လန်ဒန်မှာရှိတဲ့
Queen Mary တက္ကသိုလ်ရဲ့ နိုင်ငံတကာ ပြည်သူ့ရေးရာဥပဒေဌာနက ပါမောက္ခလည်းဖြစ်ပြီး ကင်ညာနိုင်ငံ၊
တရား လွှတ်တော်ရှေ့နေနဲ့ အနုညတခုံရုံး အဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စဖိုဘီအိုကာဝါတို့ပဲ
ဖြစ်ကြပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သား အပေါင်းရှင့်၊
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ခက်ခဲတဲ့အချိန်ကာလတွေကို ဖြတ်သန်းရလေ့ရှိပြီး ဒီနိယာမကို ကျွန်မတို့ မြန်မာနိုင်ငံ အနေနဲ့လည်း ရှောင်လွှဲလို့မရနိုင်ပါဘူး။ အဲ့ဒီလို ကျော်လွှားရတဲ့ အခက်အခဲတွေကပဲ ကျွန်မတို့ရဲ့အားသာ ချက်တွေ၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ် ဆင်ခြင်ပြီး အားသစ် အင်သစ် ဖြည့်ခြင်းနဲ့ အမှားပြင် အမှန်ကို ဆောင်ရွက်ခြင်းတွေကို ပြုလုပ်နိုင်တဲ့ အခွင့်အလမ်းတွေကို ရရှိစေပါတယ်။ ပိုမိုကောင်းမွန်စေဖို့၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကျွန်မတို့ တွေ့ကြုံ ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို ရိုးသားဖြောင့်မတ်စွာ၊ အပြုသဘော ဆောင်စွာ ရင်ဆိုင်ကျော် လွှားသွားနိုင်ဖို့အတွက် ရဲစွမ်းသတ္တိ နှင့် ဆင်ခြင်တုံတရားတို့ လိုအပ်ပါတယ်။ ဒီကနေ့ တရားရုံး တော်မှာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စတွေကြောင့်တင် မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စု နှစ်ပေါင်းများစွာကာလ အတွင်း ရခိုင်ပြည်နယ်မှာ ရှိနေခဲ့တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအားနည်းချက်တွေကို လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံး ခဲ့ကြတာ ကြောင့်လည်း ဖြစ်ပါတယ်။ အတိတ်ကို ပြန်လည်ပြောင်းလဲလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ သာယာလှပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိပစ္စုပ္ပန် ကို အကောင်းဆုံးအသုံးချရမှာပါ။
ပြည်သူလူထုရဲ့ ထက်သန်တဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် တိုင်းပြည်ရဲ့ ဘယ်လိုအမျိုးသားရေးလုပ်ငန်းကိုမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့လည်း ကျွန်မအနေနဲ့ မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အမှန်တကယ်ထိရောက်အကျိုးရှိစေဖို့ဆိုရင် တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျေကျေလည်လည် သိရှိနားလည်မှုပေါ် မှာပဲ အခြေခံရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ရုံးတော်ကို တင်ပြခဲ့ချိန်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးနဲ့ သည်ဟိတ်ဂ်မြို့သာမက ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ ကျွန်မတို့ပြည်သူတွေရဲ့ ရက်ရက်ရောရော၊ စောဒက မတက် စတမ်း၊ တစ်ခဲနက်အားပေးထောက်ခံမှုတွေဟာ ကျွန်မတို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့အတွက် နိုင်ငံတကာ တရားရုံးတော်မှာ လျှောက်လဲစဉ် တကယ်ကိုပဲ ခွန်အားတွေ ဖြစ်စေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရုံးတော် အတွင်းမှာ အမှုဆိုင်ရာ လျှောက်လဲမှု ဖြစ်စဉ်တွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံရေးရာ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို နားလည် သဘောပေါက် သိရှိလိုသူတွေ အများအပြားရှိနေကြဦးမှာပါ။ ဒီအချက်အလက် တွေကိုလည်း တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ ဝေမျှရှင်းလင်းပြပေးဖို့ ကျွန်မ တို့မှာ တာဝန်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နှလုံးသားနဲ့သာမက၊ ဦးနှောက်နဲ့ပါ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း သိမြင်နားလည်မှုကြောင့် ပြည်သူတွေဟာ ကျွန်မတို့နဲ့ တစ်သွေးတည်း တစ်သားတည်းရှိနေမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီးခွန်အားတွေဖြစ်လာမှာပါ။
လက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ တရားရုံးတော်အတွင်းက လျှောက်လဲမှု ဖြစ်စဉ်အပြည့်အစုံကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မြန်မာဘာသာပြန်ဆိုမှုတွေ ဆောင်ရွက်နေပါပြီ။ ဒါ့အပြင် ကျွန်မတို့နဲ့အတူ သည်ဟိတ်ဂ်မြို့ကို သွားရောက်ခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် တွေအနေနဲ့ လည်း တရားရုံးလျှောက်လဲမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှု ဆိုင်ရာ တရားစီရင်ရေးနဲ့ ပတ်သက် တဲ့ ဥပဒေရေးရာ၊ နိုင်ငံရေးရာနဲ့သံတမန် ရေးရာ ရှုထောင့်အမြင်တွေကို ဆွေးနွေးတင်ပြနိုင်မယ့် စကားဝိုင်းတစ်ရပ် ကို မနက်ဖြန်မှာ ထုတ်လွှင့်သွားဖို့လည်းရှိပါတယ်။ ဒီလိုမျိုး စကားဝိုင်း ဆွေးနွေးပွဲတွေကို ပြည်သူအများက စိတ်ဝင်တစားစောင့်ကြည့်ပြီး ဒီအမှုကိစ္စကနေ မြန်မာနိုင်ငံ အပေါ် ကျရောက်လာနိုင်ဖွယ်ရာရှိတဲ့ အကျိုးဆက်တွေကိုသာမက မျက်မှောက်ကာလရဲ့ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် လာနိုင်ကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။
ကျွန်မအနေနဲ့ အမိမြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တရားရုံးတော် ကို ဒီကနေ့ ရခိုင်ပြည်နယ်ရဲ့
ပကတိမြေပြင်အခြေအနေဆိုင်ရာ အချက် အလက်တွေကိုသာမက ဒီဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေရဲ့
အရင်းခံ ရေသောက်မြစ်ရဲ့ သမိုင်းကြောင်းနောက်ခံ၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေးဆိုင်ရာ
အချက်အလက်တွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီလိုတင်ပြနိုင်ဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်၊ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေ၊ ဥပဒေ
အကြံပေးတွေအနေနဲ့ ဒီအချက်အလက်တွေကို လျစ်လျူရှုခဲ့ရုံတင်မက ပါဘူး၊ ဒီပဋိပက္ခတွေကို
အစပြုဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အတွင်းက ARSA ရဲ့ တိုက်ခိုက် မှုတွေအကြောင်းကို
ပါရုံကလေးလောက်ပဲ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့
စိန်ခေါ်မှုတွေကို ပိုမိုပြီး ခက်ခဲရှုပ်ထွေးစေတဲ့ တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့အကြား
ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အကြောင်းကို လုံးဝထည့်သွင်းပြောကြားခဲ့တာမျိုးလည်း
မရှိခဲ့ပါဘူး။ ကျွန်မ အနေနဲ့ ဒီလိုမျိုး လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့
အခြေ အနေမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှု နဲ့ တရားဥပဒေစိုးမိုးရေးနဲ့စပ်လျဉ်းပြီး
နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါဘူး။
ဒါပေမယ့် လည်း ဒီလိုချိုး ဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့
ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက် သူတွေ၊ ကျူးလွန်သူတွေရှိခဲ့ရင်
ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်သလို ဒီလို အရေးယူရန်ဆန္ဒနဲ့ အရေးယူနိုင်စွမ်းလည်း
ကျွန်မတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ
ပြည်တွင်းတရား စီရင်မှုဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်၊ အရပ်ဘက် ဆိုင်ရာ တရားရေးစနစ်တွေကနေ
ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးတွေ ကို ဥပဒေကြောင်းအရ ကာကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်
ထားပြီးသား ဖြစ်ပါတယ်။ အသိုက်အဝန်းတွေအကြား ကာလရှည်ကြာ တည်ရှိနေခဲ့တဲ့ လူမှုရေးဆိုင်ရာ
ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဖွံ့ဖြိုးမှု နိမ့်ကျတာတွေ၊ ဆင်းရဲနွမ်းပါးမှု
အမြစ်တွယ်နေခဲ့တာတွေကြောင့် အလွန်တရာကျယ်ပြန့် နက်နဲရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေအဖြစ်
ကိုဖီအာနန်ကော်မရှင်က သတ်မှတ်ဖော်ပြခဲ့တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့
ခိုင်ခိုင် မာမာ ဆောင်ရွက်နေတဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကိုလည်း တရားရုံး တော်ကို
ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက တရားရုံးတော်ကို လျှောက်ထားခဲ့တဲ့ ကြားဖြတ် စီမံ ဆောင်ရွက်ချက်တွေဟာ
ကျွန်မတို့ ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေ သက်ရောက်
လာစေနိုင်ပါတယ်။ ကျွန်မတို့ဘက်က ရှေ့နေတွေဟာ တရားရုံးတော်အနေနဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေ
ချမှတ်ဖို့ မသင့်ကြောင်းကို ချေပပြီး လျှောက်လဲခဲ့ပါတယ်။ ပါမောက္ခ ရှေးဘတ်စ်အနေနဲ့
ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက်ဟာ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ချမှတ်နိုင်ဖို့ အတွက်
သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိ၊ ယုတ္တိမတန်ဘူးဆိုတာကို ပီပီပြင်ပြင်ထောက်ပြခဲ့ပါတယ်။
ဒီနောက်တော့ မစ္စတာစတိတ်ကာ ကလည်း ဖြစ်နိုင်ခြေရှိသည်ဟူ၍ တင်ပြလျှောက်လဲမှုများသည် ခိုင်မာခြင်း
မရှိကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မစ္စအိုကိုဝါက ရခိုင် ပြည်နယ်မှာ အစားထိုးမရနိုင်အောင်
ထိခိုက်နစ်နာသွားနိုင်တဲ့ အခြေအနေ မရှိသလို၊ နောင်မှာလည်း ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်မယ့်
အလားအလာ မရှိတဲ့အတွက် တစ်ဖက်က တောင်းဆိုနေတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် တွေကို ချမှတ်ဖို့
မလိုအပ်ဘူးဆိုတာကို ချေပလျှောက်လဲခဲ့ပါတယ်။ ဂမ်ဘီယာ နိုင်ငံဘက်က လျှောက်လဲချက်တွေဟာ
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့(FFM)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စွပ်စွဲချက်တွေကို
အခြေခံ ထားတာပဲ ဖြစ်ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လူ့အခွင့်အရေး ကောင်စီမှာ
ဖွဲ့စည်းစဉ်ကတည်းက ကျွန်မတို့နိုင်ငံက လက်မခံခဲ့ပါဘူး။ ဥပဒေကြောင်းအရ လျှောက်လဲချက်တွေကို
အသေးစိတ် မနက်ဖြန် မြန်မာ့ ရုပ်မြင်သံကြားမှာ ဆွေးနွေးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နားထောင်ကြပါ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊
ကျွန်မအနေနဲ့ တရားရုံးတော်မှာ နောက်ဆုံးအပိတ်အဖြစ် ပြောကြား ခဲ့ရာမှာတော့ မတူကွဲပြားမှု
တွေကြားက ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူတွေရဲ့ အလားအလာကောင်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊
ငြိမ်းချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ ကြုံတွေ့ရမယ့်စိန်ခေါ် မှုတွေကို
ကျော်လွှားနိုင်ရေးတို့ကို အထောက်အကူဖြစ်နိုင်စေမယ့် ဆုံးဖြတ်ချက်မျိုး ကို တရားစီရင်
ရေးဆိုင်ရာ ဉာဏ်ပညာအမြော်အမြင်နဲ့ ဆင်ခြင်တုံတရား ပြည့်ဝစွာထားပြီး တရားသူကြီးတွေ အနေနဲ့
ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ကျွန်မတို့ရဲ့ နောက်ဆုံးလျှောက်လဲချက်တွေကတော့ “ရုံးတော်ရဲ့ ဥပဒေ ပုဒ်မ (၆၀) စာပိုဒ်
(၂) အရလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့အတွင်း တင်သွင်းခဲ့တဲ့
အကြောင်းပြချက်များအရ လည်းကောင်း၊ ရုံးတော်အနေနဲ့ သင့်တော်လျော်ကန်မယ်လို့ယူဆတဲ့ အခြားအချက်အလက်
များအပေါ်မှာ အခြေခံ၍ လည်းကောင်း၊ ရုံးတော်အား မြန်မာနိုင်ငံအနေနဲ့ မေတ္တာရပ်ခံလိုတာကတော့-
(၁) ဂမ်ဘီယာမှရုံးတော်သို့တင်သွင်းထားတဲ့ အမှုကိစ္စအား ရုံးတော် စာရင်းမှ ပယ်ဖျက်ပေးရန်၊
(၂) သို့တည်းမဟုတ် ဂမ်ဘီယာမှတောင်းဆိုသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန်”ဆိုပြီး
လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊
အခုလက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ တရားရုံးတော်ရဲ့ စီရင် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ပဲ
ဖြစ်ပါတယ်။ တရားရုံးတော်က စီရင်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ချမှတ်သွားဖွယ်ရာ
ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအမှုကိစ္စကို ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံ တင်ပြခဲ့တာ
ဖြစ်တဲ့ အပြင် ကျွန်မတို့ရဲ့ ရှေ့နေတွေ၊ ကျွန်မတို့ရဲ့ ဥပဒေအကြံပေးတွေရဲ့ ချေပလျှောက်လဲချက်တွေ
ဟာလည်း ဥပဒေကြောင်းအရ အမြင့်မားဆုံးစံနှုန်း တွေနဲ့အညီ ခိုင်ခိုင်မာမာတင်ပြခဲ့တာဖြစ်ပါ
တယ်။ စိတ်ရောကိုယ်ပါ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဥပဒေအဖွဲ့၊ မြန်မာ ကိုယ်စား
လှယ်အဖွဲ့ဝင်တွေနဲ့ ပြည်တွင်းက ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေအားလုံးကို
ကျေးဇူးအထူးပင်တင်ရှိကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
ကျွန်မတို့နိုင်ငံမှာ အခုလိုမျိုးအရေးကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရ ချိန်အခါမှာ
“အရေးကြီးပြီ-သွေးစည်းကြစို့” ဆိုတဲ့အတိုင်း ကျွန်မတို့ နိုင်ငံအနှံ့အပြားကနေ ထောက်ခံအားပေးခဲ့ကြတဲ့
ကျွန်မတို့ပြည်သူတွေရဲ့ ဝန်းရံမှုတွေဟာလည်း ကျွန်မတို့ အဖွဲ့ဝင်အားလုံးအတွက် အဖိုးမဖြတ်နိုင်
တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့နိုင်ငံ အတွက် လိုအပ်တဲ့အချိန်၊
အရေးကြီးတဲ့အချိန်မှာ ကျွန်မတို့ကို ဝန်းရံ အားပေးခဲ့ကြတဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို
လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
ဥရောပတိုက်မှာရှိနေတဲ့ နိုင်ငံအနှံ့အပြားကသာမက သြစတြေးလျ၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့လို
အလှမ်းဝေးကွာလှတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ က ပြည်သူတွေဟာလည်း သည်ဟိတ်ဂ်မြို့အထိ
အရောက်လာပြီး ဝန်းရံ အားပေးခဲ့ကြပါတယ်။ ဒီလို လာရောက်ဝန်းရံကြသူတွေအများဟာ ငွေကြေး
ကြွယ်ဝချမ်းသာသူတွေ မဟုတ်ကြပေမယ့်လည်း ကျွန်မတို့ အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊
ယုံကြည်မှုအင်အားနဲ့ လာရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက လာရောက်ကြ သူတွေကို
သည်ဟိတ်ဂ်မြို့ မှာ အခြေချနေထိုင်ကြတဲ့ မြန်မာတွေက ပြည်ထောင်စုမိသားစုဝင်များ စိတ်ဓာတ်နဲ့
နေရာထိုင်ခင်း၊ စားသောက်ဖွယ်ရာတွေ၊ နွေးထွေးမှုတွေနဲ့ သူတို့ရဲ့ အိမ်တံခါးတွေကို ဖွင့်ပေးလက်ခံခဲ့ကြတာကိုလည်း
တွေ့ရှိခဲ့ရ ပါတယ်။ ဒီအထဲက တချို့ဟာ အခြားနိုင်ငံသားအဖြစ် ခံယူထားသူတွေ ဖြစ်ကြပေမယ့်လည်း
တန်ဖိုးထားရတဲ့ အားပေးဝန်းရံမှုကတော့ ယုတ်လျော့ သွားခဲ့တာမျိုး မရှိခဲ့ပါဘူး။ တကယ်တော့
နိုင်ငံသားဖြစ်မှုဆိုတာဟာ ဥပဒေပြဋ္ဌာန်းချက်တစ်ခု သာဖြစ်ပြီး ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်၊
ကျွန်မတို့ရဲ့ နှလုံးသား တွေ စုစည်းပေါင်းစည်းမှုကသာ ခိုင်မာတဲ့ ညီညွတ်မှုရဲ့ အခြေခံအုတ်မြစ်
ဖြစ်ပါတယ်။ ရေပက်မဝင်တဲ့ ညီညွတ်မှု၊ စည်းလုံးမှု၊ သွေးစည်းမှုကို အခြေခံ ပြီး နိုင်ငံတော်ရဲ့
ရှေ့ခရီးမှာ ရင်ဆိုင်ကြုံတွေ့ ဖွယ်ရာရှိတဲ့ စိန်ခေါ်မှုမှန်သမျှ ကို ကျွန်မတို့ ရင်ဆိုင်ကျော်လွှားသွားမှာဖြစ်ပါတယ်။
နောက်ပြီးတော့လည်း ကျွန်မတို့ကိုလာပြီး ဝန်းရံပေးတဲ့ ပြည်သူ၊ ပြည်သားတွေ ကျွန်မတို့
ပြည်ထောင်စုရဲ့ သားသမီးတွေဟာ အင်မတန်မှ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတာကို စည်းကမ်းရှိရှိနဲ့
ဆက်ဆံတာကို ကျွန်မတွေ့ခဲ့ရတဲ့အခါ ကြတော့ အင်မတန်မှ ဂုဏ်ယူပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊
နိုင်ငံသားတွေဟာ ဒီလို စိတ်ဓာတ်တွေရှိတယ်။ အဆင့်ရှိတယ် ဆိုတာကို ကမ္ဘာကနေပြီးတော့ တွေ့သွားရပါတယ်။
ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ရင်ဆိုင်မယ်။ အားလုံးအတူတကွပဲပေါ့။ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment