Thursday, October 31, 2019

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် အောက်တိုဘာ ၃၁
ရေဘေးသင့်ပြည်သူများ အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲတွင် ရေတာရှည်မြို့နယ်၊ သိုင်း၀ ကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာသစ်၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။





ရှေးဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးစိုးအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများနှင့် အတူ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEA) ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ ရေတာရှည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ကျေးရွာမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကျေးရွာဆိုင်း ဘုတ်အားစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည် ပတ်ဖြန်းပေးကြသည်။
ယင်းနောက် ကျွန်းတောစုကျေးရွာဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက အောင်သပြေ၊ ကံကော်၊ ခရေနှင့် ကတ္တီပါစိမ်း ပင်တို့ကို စိုက်ပျိုးပေးကြ သည်။
ထို့နောက် ဒုတိယသမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက် လုပ်ထားသော နေအိမ်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအဖြစ် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းထားသော နေအိမ် (၁၇၅)လုံး ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပဲခူးတိုင်း ဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲနှုတ်သီးကျိုး ပျက်မှုကြောင့် ဆည်ရေလွှမ်း မိုးမှုဖြစ်ပေါ် ခဲ့ပြီး ကျွန်းတောစုကျေးရွာကို ကျေးရွာအသစ် တည်ဆောက်ရာ တွင် နေအိမ် (၁၇၅) လုံးအနက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့က (၁၃)လုံး၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင် ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ဒေသခံပြည်သူများ ထံသို့ ဆောက်လုပ်လှူဒါန်း လွှဲပြောင်းပေးအပ်နိုင် သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
၂၀၁၈ ခုနှစ်အတွင်းတွင် ပဲခူးတိုင်းဒေသကြီးသည် ရေဘေးဒဏ်ကိုခံစားရ ပြီးနောက် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲနှုတ်သီးကျိုးပျက်မှု ကြောင့် ဖြစ်ပွားသည့် ရေဘေးကို ထပ်မံခံစားခဲ့ရပါကြောင်း၊ အဆိုပါ ရေဘေးကြောင့် နေအိမ်များ ပြိုလဲ မျောပါခြင်း၊ တစ်စိတ် တစ်ပိုင်းပျက်စီးခြင်းများကို ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချက်ချင်းသွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်တွင် ထပ်မံဖွဲ့စည်းပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ပြိုလဲမျောပါခဲ့သည့် နေအိမ်(၁၈၅)လုံးအတွက် နေအိမ်များ ပြန်လည်ဆောက်နိုင်ရေး အိမ်ဆောက်ပစ္စည်းဖိုးနှင့် အမိုးသွပ်များ ထောက်ပံ့ပေးခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ရေမျောပျက်စီးခဲ့သည့် စိုက်ပျိုးမြေများအတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးနှင့် အခြားသီးနှံများ ထောက်ပံ့ ပေးခြင်း၊ သဲဖုံးခဲ့သည့် လယ်ယာမြေများ ပြန်လည်ဖေါ်ထုတ်နိုင်ရေးအတွက် ထောက်ပံ့ပေးခြင်း စသည်တို့ကို လျင်လျင်မြန်မြန် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုးမြေများကို အမြန်ဆုံး ပြန်လည်ဖေါ်ထုတ် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။
မိမိတို့နိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက် ခံစားရရန် အလွန် လွယ်ကူသည့် အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝဘေး အမျိုးအစားမှာလည်း စုံလင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ဒေသတွင်း နိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ထို့ပြင် နိုင်ငံအတွင်းတွင်လည်း ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရန် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်ရန် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် ဒုတိယသမ္မတအဆင့်က ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း။
အမျိုးသားကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကိုထပ်မံ ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အသီးသီးတွင်လည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များကို ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုအဆင့်တွင် ရှိသည့် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့် ကော်မတီ အသီးသီးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို သက် ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်နေပါကြောင်း။
ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်း စီမံချက် (MAPDRR) ကို ရေးဆွဲထားပြီးဖြစ်သည့် အတွက် ဦးစားပေး လုပ်ငန်း၏ ပင်မမဏ္ဍိုင်(၁) ကဏ္ဍခွဲ(၁-၄)တွင် ယနေ့အခမ်းအနားနှင့်ကိုက်ညီသည့် အချက်ဖြစ်သော မြန်မာနိုင်ငံရှိ ရေကာတာများနှင့် ရေလှောင်တမံများ၏ အန္တရာယ် ကင်းစိတ်ချရမှု အရေးကြီးသော အခြေခံအဆောက်အဦများ၊ အစိုးရ အဆောက်အဦများ၊ အရေးပေါ်အခြေအနေတွင် အသက်များကယ်ဆယ်နိုင်ရေးအတွက် အရေးပါသော အဆောက်အအုံများအား ဆန်းစစ် လေ့လာခြင်းဟု ထည့်သွင်းဖော်ပြထားပါကြောင်း။
 နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုကို ရှောင်ရှား နိုင်ရန် တစ်နိုင်ငံ လုံးတွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံများ အပါအဝင်အခြေခံ အဆောက်အဦများ၏ ခိုင်ခန့်မှုကို စနစ်တကျ ကြီးကြပ်စစ်ဆေးနေရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင် တုံ့ပြန် နိုင်ရန်အတွက် ပြည်သူများ ကိုယ်တိုင်ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်မှသာလျှင် ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းတစ်ခု အမှန် တကယ်ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ဘေးဖြစ်ပြီးမှ ထောက်ပံ့ခြင်းထက် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကို ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ထားကြရန်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူများကို အိမ်(၁၇၅)လုံးပြန်လည် တည်ဆောက်ပေးရန်အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ယနေ့ဆောက်လုပ်လှူဒါန်းမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်းတောစုကျေးရွာသစ် တည်ဆောက် ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်း
ယင်းနောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEA) ဥက္ကဋ္ဌ က ရေဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်လှူဒါန်းပေးသော နေအိမ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျောင်းသားကျောင်းသူများအတွက် ကျောင်းသားဝတ်စုံ(၁၀၀၀)နှင့် ကျောင်းသူဝတ်စုံ(၁၀၀၀) အား ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်းများအသင်းချုပ် ဥက္ကဋ္ဌ က အထောက်အကူပြု ပရိဘောဂပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျွန်းတောစု ကျေးရွာရာအိမ်မှူးနှင့် ကျေးရွာပြည်သူတစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ရေတာရှည်မြို့နယ် ရေဘေးသင့်ပြည်သူများအား နေအိမ်များ အသစ်ဆောက်လုပ်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က လက်ရှိရေပိုလွှဲအသစ် တည်ဆောက်နေမှုအခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်သွားမည် လုပ်ငန်းစဉ်များနှင့် တမံရေသောက်စနစ် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ရေပိုလွှဲအသစ်တည်ဆောက်နေမှုအခြေအနေ များ၊ အကျယ် ၁၂၀ပေရှိ ယာယီကျောက်ဖြည့်ရေလွှဲဆည်နှင့် အကျယ် ပေ ၂၀၀နှင့် အမြင့် ၄၅ ပေရှိ ယာယီရေတားတမံ ဆောက်လုပ်နေမှု အခြေအနေများကို လှည်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော် က ဆွာချောင်းရေလှောင်တမံ ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း အခြေအနေနှင့် ရေပိုလွှဲအသစ် တည်ဆောက်မည့် နေရာတွင် ဘူမိဗေဒစမ်းသပ်ခြင်းလုပ်ငန်း နှင့် အခြေခံအုတ်မြစ်မြေကြီးတူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၁၉ခုနှစ် နွေစပါး ရေပေးဝေရေးအတွက် စီစဉ်ဆောင်ရွက်မှု အခြေအနေများ၊  ယာယီရေလွှဲမြောင်း ပိတ်၍ လက်ရှိရေသိုလှောင်ထားရှိမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယသမ္မတက ရေပိုလွှဲအသစ် တည်ဆောက်ရာတွင် ယခင် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ လျင်မြန်မှုထက် ရေရှည်ခိုင်ခံမှုကို အလေးထား ဆောင်ရွက်သွားရန်ပြောကြားသည်။
အဆိုပါ ရေပိုလွှဲမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျား ၄၄၇ ဒသမ ၂ပေ၊ အကျယ် ၅၃၁ ဒသမ ၅ပေနှင့် ရေပိုလွှဲဒီဇိုင်းရေထုစီးနှုန်း ကုဗမီတာ ၈၀၀၀၀ ရှိပြီး ရေပိုလွှဲ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၏ အောက်ခံအုတ်မြစ်ပြုပြင်ခြင်း လုပ်ငန်းစဉ်မှသည် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသည်အထိ တည်ဆောက်မှု ကာလ (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment