တိုကျို အောက်တိုဘာ ၂၁
ဂျပန်ဧကရာဇ်၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ၌
ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ယနေ့နံနက်ပိုင်းတွင်
တိုကျိုမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
ဆက်လက်တိုးမြှင့်ရေး၊ သီလဝါစက်မှုဇုန် အပါအဝင် မြန်မာ-ဂျပန် စီးပွားရေးအရ
ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့် သွားရေး၊ မြန်မာနိုင်ငံ၏
ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စ
ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို
ဂျပန်အစိုးရက ဆက်လက်အကူအညီ ပေးအပ်သွားမည့် ကိစ္စရပ်များနှင့် ဒေသတွင်းနှင့်
နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဋ္ဌ Mr. Kazushige Nobutani
ဦးဆောင်သော အဖွဲ့အား တိုကျိုမြို့ Meiji Kinenkan ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ
မြန်မာနိုင်ငံတွင် ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေး၊ အထူးသဖြင့်
လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ
လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံရေး ကိစ္စရပ်များနှင့် JETRO မှ
မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊
ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Meiji Kinenkan ၌ ကျင်းပသည့်
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင်
မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အခါတွင် စီးပွားရေး တံခါးဖွင့်မူဝါဒကို
ကျင့်သုံးလျက်ရှိပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို
ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ပြီး
တာဝန်သိနိုင်ငံတကာ မိသားစုဝင်တစ်ဦး ဖြစ်လာစေရန် ကြိုးစားလျက်ရှိပါကြောင်း၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို မျှတစွာ
ထိန်းညှိနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ယခုအခါ ပိုမိုကျယ်ပြန့်သော၊ မျှတမှုရှိသော၊
တာဝန်သိသော၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော အားလုံး ပါဝင်နိုင်သည့်
ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ အဆိုပါ
ကြိုးပမ်းမှုများကို ထိန်းကျောင်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏
ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို
ယမန်နှစ်က စတင်ဖော်ဆောင်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းသည်
လာမည့်ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးကို
ပုံဖော်ပေးမည့် အခြေခံအုတ်မြစ်များဖြစ် လာမည်ဖြစ်ပါကြောင်း၊ အဆိုပါ
စီမံကိန်းနှင့်အညီ မြန်မာအစိုးရ အနေဖြင့် ကောင်းမွန်သော
စီးပွားရေးလုပ်ငန်းစဉ်များ မြှင့်တင်နိုင်ရေးနှင့်
အုပ်ချုပ်မှုကောင်းစနစ်ကို ဖော်ဆောင်နိုင်ရေး အတွက် မူဝါဒနှင့်
လုပ်ထုံးလုပ်နည်းများကိုလည်း ဖော်ထုတ်ခဲ့ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့်
အရေးကြီးသော စီးပွားရေး ကဏ္ဍများတွင် ဖြေလျှော့ပေးမှုများကို
တွန်းတွန်းတိုက်တိုက်ဖြင့် မဟာဗျူဟာမြောက် ဖော်ဆောင်လျက်ရှိပါကြောင်း။
ထို့ပြင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ အဟန့်အတား ဖြစ်စေသော
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပယ်ဖျက် ပေးခဲ့ပါကြောင်း၊
စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုမ္ပဏီများမှတ်ပုံတင်ရာတွင် Online
စနစ်ဖြင့် မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အများအပြားသည် သီလဝါစက်မှုဇုန်တွင်
လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ
ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံ
ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ တိုယိုတာ မော်တော်ကားကုမ္ပဏီသည်
သီလဝါစက်မှုဇုန်တွင် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မည့် စက်ရုံတစ်ရုံ
တည်ထောင်ရန် မကြာသေးမီက ကြေညာခဲ့ခြင်းသည် ဆက်စပ်စက်မှု လုပ်ငန်းများကိုလည်း
ပေါ်ထွန်းလာနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာအစိုးရအနေဖြင့်
စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်
အဆင်ပြေချောမွေ့စေမည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ်ကို
ဆက်လက်ဖော်ဆောင်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို
ပိုမိုဖော်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားပြီး အခမ်းအနားသို့
တက်ရောက် လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှုများ၊
ရင်းနှီးမြှုပ်နှံ သူများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတွင် ပါဝင်သည့် အားသာချက်များနှင့်
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ JETRO မှ မန်နေဂျင်း ဒါရိုက်တာ Mr.
Kazufumi Tanaka က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်လျက်ရှိကြသော ဂျပန်စီးပွားရေး ကုမ္ပဏီများနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်
စီးပွားရေးပတ်ဝန်းကျင် အပေါ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်လျက် ရှိကြသော ဂျပန်ကုမ္ပဏီများ၏အမြင်” ခေါင်းစဉ်ဖြင့်
ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး
ဦးဆက်အောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီများမှ
တာဝန်ရှိသူများနှင့် JETRO မှ မန်နေဂျင်း ဒါရိုက်တာတို့က မြန်မာ-ဂျပန်
နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံမှ
စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ စီးပွားရေး
လုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသူများ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်
ကြသည်။
JETRO သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားကာ
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို
ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ညပိုင်းတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့ရှိ
မြန်မာသံရုံးသို့ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးမြင့်သူ ဦးဆောင်သော မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊
သံရုံးမိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)
No comments:
Post a Comment