နေပြည်တော် အောက်တိုဘာ ၁၈
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့
အခိုင်ခံ့ဆုံးတည်ဆောက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည် ဆိုင်ရာ
သဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌
ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍
မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့်
လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံအမတ်ကြီးများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီက နေ့ အခမ်းအနားမှာ
သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြချင်တာလေးတွေ
ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်ပွားတဲ့
အချိန်တိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ တာဝန်ရှိသူတွေအပေါ် အားမလိုအားမရ ဖြစ်တတ်ကြတာ ကမ္ဘာ
တစ်လွှားမှာ တွေ့ရတတ်ပါတယ်။ နိုင်ငံတော်အစိုးရက
ဘေးသင့်ပြည်သူတွေ အတွက် စဉ်းစားပေးပြီး
သူတို့ဘဝတွေ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ဖို့ ဒေသမှာရှိတဲ့ အစိုးရ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး
ဦးစားပေးဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို ဒီကနေ့ အခမ်းအနားကနေ ပထမဆုံး အသိပေးပြောကြားလိုပါတယ်။
ဒါ့အပြင် “ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ”
လို့သဘောထားပြီး ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ လျော့နည်းသက်သာ စေဖို့ အစိုးရပိုင်းက လိုအပ်တာတွေ
ပံ့ပိုးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
“ဆက်လက်ပြီး ဒီကနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး
အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့
နဲ့စပ်လျဉ်းပြီး နောက်ခံအကြောင်းအရာ အချို့ကို
ပြန်ပြောရမယ်ဆိုရင် ၂၀၀၉ခုနှစ်မှာ
ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ်(၆၄/၂၀၀)အရ နှစ်စဉ် အောက်တိုဘာလ
(၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့
(International Day for Disaster Risk Reduction - IDDRR) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
“ဒါကြောင့်အောက်တိုဘာလ ၁၃ ရက်နေ့ ရောက်တိုင်း သဘာဝဘေးနဲ့ သက်ဆိုင်တဲ့
အသိပညာပေးလုပ်ငန်းတွေကို ၂၀၁၀
ခုနှစ်ကစတင်ပြီး တစ်နိုင်ငံလုံးမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီနှစ်အောက်တိုဘာလ ၁၃ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတာကြောင့်
ယနေ့ အောက်တိုဘာလ ၁၈ ရက် နေ့မှာ အစားထိုးကျင်းပပြုလုပ်တာ
ဖြစ်ပါတယ်။
“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျှော့ချရေးနေ့ အတွက် နှစ်အလိုက်
ဆောင်ပုဒ်တွေကို သတ်မှတ်ပေးလျက်ရှိပါတယ်။ ဒီနှစ်အတွက် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံး
တည်ဆောက်စို့” “Build to Last” ဆိုပြီး ဆောင်ပုဒ်
သတ်မှတ်ထားပါတယ်။ ဒီဆောင်ပုဒ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့မှာ
ကျင်းပပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ်ကြောင့်
ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
“အဲဒီညီလာခံကနေ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့
လျှော့ချကြဖို့ ဆန်ဒိုင်းမူဘောင်ကို ရေးဆွဲပြီး ပန်းတိုင်(၇)ရပ်ကို သတ်မှတ် ခဲ့ပါတယ်။ မူဘောင်အတည်ပြုပြီး နောက်တစ်နှစ် ၂၀၁၆
ခုနှစ်ကစတင်ပြီး ပန်းတိုင်(၇) ရပ်ကို IDDRR ရဲ့ ဆောင်ပုဒ်အဖြစ် အစဉ်လိုက် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။
“ဒီနှစ်ဆောင်ပုဒ်ဖြစ်တဲ့
ပန်းတိုင်(၄)၊ Target(D)က သက္ကရာဇ် ၂၀၃၀ ရောက်တဲ့ အခါ
ဘေးအန္တရာယ်တွေကြောင့် အခြေခံအဆောက်အဦတွေနဲ့
ဝန်ဆောင်မှုတွေ ထိခိုက် ဆုံးရှုံးမှုကိုအမြောက်အမြားလျှော့ချနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီပန်းတိုင်တွေ အတွက်မျှော်မှန်းချက် အချိန်ကာလတစ်ခုအဖြစ် ၂၀၃၀ ခုနှစ်လို့
သတ်မှတ်ထားပေမယ့်လည်း ကျွန်မတို့အနေနဲ့ အမြန်ဆုံးနဲ့
အစောဆုံး ဆောင်ရွက်နိုင်လေ၊
အကောင်းဆုံးဖြစ်လေပဲ ဖြစ်ပါတယ်။
“ဘာကြောင့်လဲဆိုရင် ကျွန်မတို့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေနဲ့
ပတ်သက်ရင် အထိနာခဲ့ဖူးတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ၂၀၀၈
ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ တွေမှာ
ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း ဘေးကြောင့်လူ့အသက် အိုးအိမ်များစွာ ထိခိုက်ဆုံးရှုံးခဲ့ ရတဲ့အပြင် ဘေးသင့်ဒေသတွေမှာ
နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ နာဂစ်မုန်တိုင်းရဲ့
ခါးသီးတဲ့ အကျိုးဆက်တွေကို
ယနေ့အချိန်အထိ ခံစားနေကြရဆဲဖြစ်ပါတယ်။
“အာဆီယံဒေသတွင်းမှာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နဲ့ ဆူနာမီ၊ ၂၀၀၈ ခုနှစ်
မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၃ ခုနှစ်
ဖိလစ်ပိုင်နိုင်ငံ ဟိုင်ရန်းတိုက်ဖွန်းမုန်တိုင်းတို့ဟာ
ကမ္ဘာ့အဆိုးရွားဆုံး ဘေးအန္တရာယ်တွေစာရင်းမှာ
ပါဝင်ခဲ့ပါတယ်။ စီးပွားရေးအရ ဆုံးရှုံးမှုကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ
အာဆီယံနိုင်ငံတွေအနေနဲ့ သဘာဝဘေးတွေ ကြောင့် အမေရိကန်ဒေါ်လာ
၁၃၃ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။
“ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုနဲ့ဆက်စပ်တဲ့ သဘာဝဘေးတွေက ကြိုတင် ခန့်မှန်းဖို့
ပိုမိုခက်ခဲလာပါတယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတဲ့
အကြိမ်အရေ အတွက် ပိုမိုများပြားလာသလို
ပြင်းအားလည်း ပိုမြင့်မားလာတာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုး တာက သဘာဝဘေးအန္တရာယ်တွေဟာ နယ်စည်းမရှိတဲ့အတွက်
တစ်နိုင်ငံမှာဖြစ်တဲ့ ဘေး
အန္တရာယ်က တခြားအိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။
“ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်ထဲ မှာ
တစ်ကမ္ဘာလုံး သဘာဝဘေးအန္တရာယ် စုစုပေါင်း ၃၉၄ ခု
ဖြစ်ပွားခဲ့ပြီး အဲဒီဘေးတွေက အာရှဒေသမှာ
အများဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘေးတွေကြောင့် လူပေါင်း ၁၀၃၀၀ သေဆုံးခဲ့ပြီး စီးပွားရေးဆုံးရှုံးမှုက
အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံလောက်
ရှိခဲ့ပါ တယ်။
“ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ
ရာသီဥတုဆိုင်ရာ သဘာဝဘေးတွေကြောင့် လူပေါင်း ၁၇ ဒသမ
၂ သန်းခန့်ဟာ မိမိတို့ရဲ့ နေရပ်ဒေသကို
စွန့်ခွာခဲ့ကြရပါတယ်။ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ နိုင်ငံတွေမှာ သဘာဝဘေးတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ၊
နေအိမ်ဆုံးရှုံးမှုတွေ၊ နေရပ်
စွန့်ခွာရမှုတွေ၊ အရေးပေါ်အကူအညီလိုအပ်မှုတွေဟာ ဖွံဖြိုးပြီးနိုင်ငံတွေထက် ၆ ဆခန့် ပိုပြီးများပြားပါတယ်။ သဘာဝဘေးတွေကြောင့်
ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေဟာ
နစ်နာဆုံးရှုံးမှုများစွာနဲ့ နလန်မထူနိုင်ဖြစ်နေရတာ ဖြစ်ပါတယ်။
“တစ်ဖက်မှာကြည့်ရင်လည်း
ကျွန်မတို့အတွက် ဖွံ့ဖြိုးတိုးတက်မှုကို
တည်ဆောက်ဖို့ အချိန်များစွာ ကြာမြင့်ပါတယ်။ အဲဒီလိုအချိန်ယူပြီး တည်ဆောက်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာ ဘေးအန္တရာယ်တွေကြောင့်
ပျက်စီးဆုံးရှုံးသွား နိုင်ပါတယ်။ လက်ရှိအချိန်အထိ
ငလျင်နဲ့ ဆူနာမီဘေးဟာ ကမ္ဘာပေါ်မှာ
အဖျက်စွမ်းအား အကြီးမားဆုံး ဘေးအန္တရာယ်များပဲ ဖြစ်ပါတယ်။ သဘာဝဘေးကြောင့် ကမ္ဘာပေါ်ရှိ လူသေဆုံးမှုမှာလည်း ငလျင်ကြောင့်
သေဆုံးမှုက အများဆုံးဖြစ်ပြီး
မုန်တိုင်းဘေးနဲ့ ရေဘေး တို့ကြောင့် သေဆုံးမှုက ဒုတိယနဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ လူဦးရေထူထပ်ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန်နေတဲ့ ရန်ကုန်၊ မန္တလေး၊
ပဲခူးနဲ့ နေပြည်တော် စတဲ့ မြို့တွေဟာ
ငလျင်ကြောပေါ်မှာတည်ရှိပြီး အားလတ်ဇုန်နဲ့
အားပြင်းဇုန်များအတွင်းမှာ ကျရောက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်လည်း ငလျင်ဘေးအတွက် အသိပညာပေးလုပ်ငန်းတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။
“ထိုနည်းတူစွာ လူအများ
နိစ္စဓူဝသွားလာနေထိုင်ကြတဲ့
စာသင်ကျောင်းတွေ၊ ဆေးရုံ တွေနဲ့ အခြေခံအဆောက်အဦတွေကို ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ပေးဖို့
အရေးကြီးပါတယ်။ ဒီအဆောက်အဦတွေ
ဘေးဒဏ်ခံနိုင်မယ်ဆိုရင် အဆောက်အဦ အတွင်းမှာရှိတဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်တဲ့အပြင် ဘေးဖြစ်ပြီးချိန်မှာလည်း
လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်တဲ့အတွက်
ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဘေးသင့် ပြည်သူတွေကို ဝန်ဆောင်မှုတွေ ဆက်လက်ဆောင်ရွက်ပေးနိုင်မှာ
ဖြစ်ပါတယ်။
“ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့
ဆောက်လုပ်ရေးနည်းစနစ်တွေကို အများပိုင် အဆောက် အဦတွေမှာ သာမက ပုဂ္ဂလိကပိုင်အဆောက်အဦတွေမှာလည်း
အသုံးပြု တည်ဆောက်ကြ ဖို့
လိုအပ်ပါတယ်။ နှစ်စဉ်ရေကြီးတဲ့ ဒေသတွေမှာ ခြေတံရှည်အိမ် ဆောက်လုပ်တာ၊ နေအိမ်မှာ ထပ်ခိုးနဲ့ ထွက်ပေါက် ထည့်သွင်းတည်ဆောက်တာ၊ လေပြင်းတိုက်ခတ်နိုင်တဲ့ ဒေသတွေမှာ နေအိမ်အမိုးကို
ခိုင်ခံ့အောင် ခေါင်ချုပ်တွေ၊ ဝါးကပ်တွေ၊
ကြက်နင်းတွေနဲ့ ဖိအုပ်ထားတာ၊ အကာကို
ခိုင်ခံ့တဲ့ဝါး၊ သင်ပေါင်းတိုင်တွေနဲ့ ကျားကန်ပြီး ဆောက်လုပ်တာ၊ အတွင်းမှာလည်း ထုတ်၊ လျောက်၊ ဒိုင်း၊ မြားတွေနဲ့
ခိုင်ခံ့အောင် ပြုလုပ်ထားတာ၊ အိမ်တိုင်တွေကို
ကြံ့ခိုင်အောင် ဆောက်လုပ်ထားတွေကို
အိမ်ထောင်စုအဆင့်က စတင်ပြီး ဆောင်ရွက်ကြဖို့ လိုပါတယ်။
“မကြာသေးမီကပဲ ငလျင်ဘေးအန္တရာယ်
ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး
စီမံချက်ကို အတည်ပြုထားပြီးဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးက ဒီစီမံချက်အတိုင်း လက်တွေ့မှာ
အကောင်အထည်ဖော်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဘေးအန္တရာယ်တွေ နဲ့စပ်လျဉ်းတဲ့
ကြိုတင်သတိပေးချက်တွေကို သိလျင်သိချင်း
သက်ဆိုင် ရာဒေသမှာရှိတဲ့ အဖွဲ့အစည်းအားလုံးက စနစ်တကျနဲ့ အချိတ်အဆက်မိမိ တုံ့ပြန်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်ကြရမှာ
ဖြစ်ပါတယ်။ ဒါကြောင့်လည်း
ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရေးအတွက် ရေးဆွဲထားတဲ့စီမံချက်တွေကို ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ အညီ
ပြန်လည်သုံးသပ်ကြဖို့နဲ့ စံပြုလုပ်ငန်းစဉ်
Standard Operating Procedures (SOPs) တွေကို အဆင့်တိုင်းမှာ ရေးဆွဲထားကြဖို့ မှာကြားလိုပါတယ်။
“ယနေ့ခေတ်မှာ ဒေသအလိုက် ဖြစ်ပွားတတ်တဲ့ ဘေးတွေ ပိုမိုများပြားလာတဲ့ အတွက်
ဘေးဖြစ်ပွားချိန် သက်ဆိုင်ရာဒေသမှာရှိတဲ့
မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအဝင်
အရပ်ဘက်လူမှုရေးအဖွဲ့အစည်း တွေနဲ့
ပြည်သူတွေရဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှုက အင်မတန် အရေးကြီးပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ပေးနိုင်အောင်လည်း ဆောင်ရွက်ပေးကြရမှာ
ဖြစ်ပါတယ်။
“ကျွန်မ အရင်ကပြောခဲ့သလိုပါပဲ။ သဘာဝဘေးတွေကို မဖြစ်ပါနဲ့လို့
တားဆီးလို့ မရပါဘူး။ ရာသီဥတု ပြောင်းလဲမှုကြောင့်
သဘာဝဘေးဖြစ်စဉ်တွေက ပုံမှန်လို ဖြစ်လာတဲ့ အတွက် ကျွန်မတို့ဘက်က ကြိုတင်ပြင်ဆင်မှု တွေကို အားစိုက် ထုတ်ဆောင်ရွက်ကြဖို့
လိုပါတယ်။ ပြောင်းလဲလာတဲ့ရာသီဥတု၊ ဘေးဖြစ်စဉ်တွေနဲ့ သဟဇာတဖြစ်တဲ့ နေထိုင် လုပ်ကိုင်မှု ပုံစံတွေကို ပြောင်းလဲဆောင်ရွက်ကြဖို့
လိုပါတယ်။ သဘာဝဘေးတွေကြောင့်
ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာလိုက်ရင် အိမ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တွေမှာ ထိခိုက်ဆုံးရှုံးမှု
အများဆုံးဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါ တယ်။
“ဒါဟာ ဘာကြောင့်လဲဆိုရင်
ကျွန်မတို့ရဲ့ အဆောက်အဦတွေက ခိုင်ခံ့မှုအားနည်း လို့ ဖြစ်ရတယ်ဆိုတာ ကောက်ချက်ချနိုင်ပါတယ်။
ခိုင်ခံ့တဲ့ အခြေခံအဆောက်အဦတွေ
ဖြစ်ဖို့ ရင်းနှီးမြှုပ်နှံရတာဟာ အလဟဿ မဖြစ်ဘူး ဆိုတာကိုလည်း တာဝန်ရှိသူများ အားလုံးနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ သိမြင်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။
ဆောက်လုပ်မှုပုံစံတွေမှာ သာမက အဆောက်အဦ
တည်ဆောက်ဖို့အတွက် မြို့ပြစီမံကိန်း တွေ ဖော်ထုတ်ရာမှာလည်း အနာဂတ် ဘေးအန္တရာယ်ကျရောက်နိုင်ခြေကို မျှော်တွေးပြီး
ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
“တစ်ကြိမ်တစ်ခါမှ
ဘေးမဖြစ်ခဲ့ဘူးလို့ နောင်လည်းမဖြစ်နိုင်ပါဘူးဆိုပြီး
ဒီကနေ့ အချိန်အခါမှာ ပြောလို့မရတော့ပါဘူး။
မနှစ်ကနဲ့ ဒီနှစ်အတွင်း မွန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဘေးနဲ့ နောက်ဆက်တွဲ မြေပြိုမှုဘေး၊ တနင်္သာရီမှာဖြစ်တဲ့
ရေကြီးမှုဘေးတွေက ကျွန်မတို့အတွက် အထင်ရှားဆုံး
နမူနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်
လက်ရှိအချိန်မှာ ဘေးအန္တရာယ် မကြုံတွေ့ရသေးရင်လည်း ရေရှည်ကိုမျှော်တွေးပြီး ဘေးဖြစ်လာခဲ့ရင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို
ကြိုတင်ပြင်ဆင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
ဥပမာအနေနဲ့ မြို့ပေါ်ဒေသတွေက
စာသင်ကျောင်းတွေ၊ ဘောလုံးကွင်းတွေ၊ အပန်းဖြေ အနားယူနိုင်တဲ့ ပန်းခြံတွေနဲ့ အားကစားရုံတွေက ဘေးဖြစ်ပွားချိန်မှာ အရေးပေါ် လူစုဝေး
နိုင်မယ့် စုရပ်တွေ၊ ခိုလှုံစရာ နေရာတွေအဖြစ်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတွေကို
မြို့ပြစီမံကိန်းထဲမှာ ထည့်သွင်းဆောင်ရွက်ထားမှသာ တကယ်ဘေးဖြစ်ချိန်မှာ အရန်သင့် ရှိနေမှာ ဖြစ်ပါတယ်။
“နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ အသစ်တည်ဆောက်တဲ့ အဆောက် အဦတွေကို
ဘေးဒဏ်ခံနိုင်ရည်ရှိအောင်
တည်ဆောက်ကြဖို့လိုအပ်သလို လက်ရှိ အဆောက်အဦတွေကိုလည်း ဘေးအန္တရာယ်ကနေ ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် ကာကွယ်ကြဖို့
လိုအပ်ပါတယ်။ ကမ္ဘာမှာ သဘာဝဘေးတွေနဲ့ လူဖန်တီးတဲ့ဘေးတွေ
ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့
ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သဘာဝအမွေအနှစ်တွေ ဆုံးရှုံး နေရတာဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့
ယဉ်ကျေးမှု အဆင့်အတန်းကို
ဖော်ပြနိုင်တဲ့ အမွေအနှစ်တွေကို ဘေးအန္တရာယ်တွေကြောင့် မဆုံးရှုံးရ အောင်လည်း သမိုင်းဝင်အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကို အစဉ်တစိုက်ထိန်းသိမ်းကြဖို့ လိုပါတယ်။
“အစောပိုင်းမှာ ကျွန်မပြောခဲ့သလို ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့
နိုင်ငံတွေဟာ သဘာဝဘေး အန္တရယ်ရဲ့ဒဏ်ကို
ပိုမိုခံစားကြရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူ တွေရဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးအောင်
ဆောင်ရွက်ပေးနိုင်သလို တစ်ဘက်မှာလည်း
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကြောင့် ဘေးအန္တရာယ်တွေကို ဖိတ်ခေါ်နေသလိုမျိုးလည်း ဖြစ်တတ်ပါတယ်။
“ကျွန်မတို့အနေနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်ရွယ်ပြီး
တည်ဆောက်ထားတဲ့ ရေကာတာတွေ၊ ဆည်တွေ
ကြံ့ခိုင်မှုမရှိရင်လည်း သဘာဝဘေး အန္တရာယ်တွေရဲ့ နောက်ဆက်တွဲအန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်
ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တဲ့
စီမံကိန်းတွေကလည်း ဘေးဒဏ်ခံနိုင်ရည်ရှိဖို့ များစွာအရေးကြီးပါတယ်။
“ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျှော့ချရေးနေ့ဟာလည်း အခုလိုအရေးကြီးတဲ့
အကြောင်းအရာတွေကို ပြည်သူလူထု အပါအဝင် ဆက်စပ်ပတ်သက်သူအားလုံးက သတိပြုမိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တဲ့ အတွက် အလေးထားဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်။
သဘာဝဘေးအမျိုးမျိုး ကြောင့်
ထိခိုက်ဆုံးရှုံးမှုတွေလျှော့ချနိုင်ဖို့ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်း အဆင့်က နေ နိုင်ငံတော်အဆင့်၊
ကမ္ဘာ့အဆင့်ထိ ကြိုတင်ပြင်ဆင်မှု၊
ကြိုတင်ကာကွယ်မှုတွေ တိုးမြှင့် ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။
“နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ကျွန်မတို့ မြန်မာဘာသာစကားမှာ
ခိုင်ခံ့တယ် ဆိုတဲ့ စကားလုံးက ကောင်းမွန်တဲ့
ပြယုဂ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အခမ်းအနား ကနေ “ဘာပဲဆောက်ဆောက်
ခိုင်အောင်ဆောက်ပေးကြပါ။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချပေးနိုင်အောင်ဆိုတဲ့
အသိအမြင်လေးနဲ့ တည်ဆောက်ပေးကြပါ” လို့ တိုက်တွန်းချင်ပါတယ်။
“မကြာခင်က ဂျပန်နိုင်ငံမှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ဟာ
တစ်ကမ္ဘာလုံး အတွက် သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာဆိုရင် သဘာဝဘေး
အန္တရာယ်တွေကို ရင်ဆိုင်တဲ့နေရာမှာ ထိပ်တန်းကနေပြေးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝဘေး
အန္တရာယ်တွေ ကျရောက်ပြီဆိုရင် ကရုဏာမေတ္တာနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းပြီး ကူညီပံ့ပိုးချင်တဲ့
စိတ်တွေမွေးကြပါလို့ ကျွန်မ ဒီနေရာကနေ မေတ္တာရပ်ခံရင်း
နိဂုံးချုပ်အပ် ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့
အခမ်းအနားသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ
ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ
လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)မှ
ဌာနေကိုယ်စားလှယ် Ms. Marine Spaak က ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် အခမ်း အနားသို့
တက်ရောက်လာကြသူများနှင့်အတူ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ
အသိပညာပေးခြင်းနှင့် ကူညီကယ်ဆယ်
ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီး ဌာနတို့၏ ဘေးအန္တရာယ်တုန့်ပြန်ခြင်း
လုပ်ငန်းများတွင် အသုံးပြုသည့် အသုံးအဆောင်
ပစ္စည်းများ ပြခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ
အကြံပေး အဖွဲ့မှ ဦးဆောင်၍ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
ပညာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ
ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Project Officer
Mr . Hung Ling တို့က ဘေးဒဏ်ခံနိုင်ရည်ရှိသော အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းများ၊ ကလေးပျော်စာသင်ကျောင်းများနှင့်
အဆောက်အဦများဖော်ဆောင် ရေး၊ ဘေးသင့်ဒေသများ
အမြန်ပြန်လည်ထူထောင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
Ref: Myanmar State
Counsellor Office

No comments:
Post a Comment