မန္တလေး
အောက်တိုဘာ ၁၉
ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး
ပုသိမ်ကြီးမြို့နယ်ရှိ ဆင်ရွာကြီး ဘက်စုံကျန်းမာရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က
သင်တန်းကျောင်းသမိုင်း အကျဉ်း၊ သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော သင်တန်းအမျိုးအစားများ၊
ယခုလက်ရှိ သင်တန်းကျောင်းတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို
တင်ပြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက ဆင်ရွာကြီးဘက်စုံကျန်းမာရေး သင်တန်းကျောင်းကို မြန်မာနိုင်ငံ (အထက်ပိုင်း)
ကျန်းမာရေးဝန်ထမ်းများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအမျိုးမျိုးအား
ဖွင့်လှစ်သင်ကြားမည့် ပြည်သူ့ကျန်းမာ ရေးလက်တွေ့ ကွင်းဆင်းအဆင့်မြှင့် သင်တန်းကျောင်းဖြစ်လာစေရေးအတွက်
လိုအပ်သည့် စာသင်ဆောင်နှင့် နေထိုင်ရန်အဆောင်အပါအဝင် အဆောက်အဦ၊ သင်ကြားမှုအထောက် အကူပြုပစ္စည်းကိရိယာများ၊
လူအင်အားစသည်ဖြင့် လိုအပ်သည် များအား ပြုပြင်မွမ်းမံခြင်း နှင့် ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုသင်တန်းကျောင်းတွင်
ကျန်းမာရေးဝန်ထမ်း အမျိုးအစားများအလိုက် ဆက်လက် သင်ကြား လေ့ကျင့်ပေးမည့် သင်တန်းအမျိုးအစားများ၊
သင်တန်းကာလစသည်တို့ကို တာဝန်ရှိသူများနှင့် ပညာရှင်များ ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊
သင်တန်းကျောင်းတွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို တာဝန်ရှိသူများနှင့် ပညာရှင်များက
ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်ပြောင်းလဲလျက် ရှိသော ကျန်းမာရေးဆိုင်ရာ အခြေအနေအရပ်ရပ်နှင့်အညီ
ပြုပြင်ရေးဆွဲသင်ကြားသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများအတွက်
သင်ကြားမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျေးလက်ကျန်းမာရေးဌာနများတွင်
ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်လျက်ရှိသော ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု
ဆေးခန်းများကိုလည်း ပိုမိုကောင်းမွန်ထိရောက်စေရေး ပထမဦးစားပေး အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊
ယခုကဲ့သို့ ဆင်ရွာကြီး ဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ်မှ
ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များကို
ပွင့်လင်းစွာဖြင့် တင်ပြ ပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်
ဆင်ရွာကြီးဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီး မြို့နယ်မှ ကျန်းမာရေး
ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်စေရေး
အကြံပြုချက်များနှင့် လိုအပ်ချက်များကို အသေးစိတ်တင်ပြကြသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) သို့ ရောက်ရှိရာ
ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဖြူပြာကျော်ဆွေ က လိုအပ်သည်များကို
တင်ပြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူသိုလှောင် ဖြန့်ဖြူးခြင်းစနစ်တစ်ခုလုံး
ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊
မြန်မာနိုင်ငံအထက်ပိုင်းရှိ ဆေးရုံကြီးများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့
ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏအတိုင်း
ပေးပို့ဖြန့်ဖြူးရန်အတွက် ဗဟိုဆေး သိုလှောင်ရေးဌာန (မန္တလေး) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း။
အရည်သွေးကောင်းမွန်၍
စံချိန်စံညွှန်းပြည့်ဝသော ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူမှု၊ သိုလှောင်ထားသို ထိန်းသိမ်းမှုနှင့်
ဖြန့်ဖြူးမှုတို့တွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊
၎င်းတို့အားမွမ်းမံသင်တန်းများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
ဗဟိုဆေးသိုလှောင်ရေးဌာနများမှ
ဝန်ထမ်းများကို ပြင်ပနိုင်ငံများသို့ စေလွှတ်၍ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူမှု၊
သိုလှောင်ထားသိုမှုနှင့် ဖြန့်ဖြူးမှုများ ဆောင်ရွက်နေမှုများကို သွားရောက် လေ့လာစေမည်
ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းစွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) ရှိ ဆေးသိုလှောင်ရုံများကို
လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment