Monday, October 14, 2019

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇)ထပ်ဆောင်နှင့် နှလုံး၊ဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီး(ရန်ကုန်)တို့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု

ရန်ကုန် အောက်တိုဘာ ၁၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် တိုးချဲ့(၇) ထပ်ဆောင်နှင့်နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး(ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် လုပ်ငန်းများပြန်လည်စတင် ဆောင်ရွက်လျက်ရှိသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ (၇)ထပ်ဆောင် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးဝင်းတင့်၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက အဆင့်မြင့် တိုးချဲ့ (၇)ထပ်ဆောင် ဆောက်လုပ်ခဲ့မှု ရာဇဝင်အကျဉ်း၊ တိုးချဲ့ (၇)ထပ်ဆောင်တွင် ဓာတ်မှန်နှင့် ပုံရိပ်ဖော်ရောဂါ ရှာဖွေရေးဌာန၊ ရောဂါ ဗေဒဌာန၊ ဆေးကုသဆောင်များ၊ သီးသန့်လူနာဆောင်များ၊ ဆေးပညာ သင်ကြားခန်းမများ ပါဝင်တည်ဆောက်သွားမည့် စီမံကိန်း အစီအစဉ်များနှင့် လက်ရှိ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား မှတ်တမ်းဓာတ်ပုံများနှင့် တကွ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု၍ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အဖွဲ့အား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပြီးနောက် လပိုင်းအတွင်း ဆေးရုံကြီး စတင်လည်ပတ်၍ ဝန်ဆောင်မှု ပေးအပ်နိုင်ရန် လူအင်အားနှင့် ပစ္စည်းအင်အားများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် စီမံခန့်ခွဲ အုပ်ချုပ်မှုနှင့် ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့များဖွဲ့စည်း၍ ပြင်ဆင်ထားရှိရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံအစိုးရ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် လမ်းမတော် မြို့နယ်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် အကြားရှိ မြေနေရာတွင် တည်ဆောက်လျက်ရှိသော နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆေးရုံသစ်ကြီး(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုရာ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံ အခြေစိုက် Taisei Corporation မှ Construction Manager Mr. Hiroshi Hagiwara နှင့် Commercial Manager Mr. Hiroki Kagami၊ Yamashita Sekkei Inc. မှ Consultant Mr. Chauk Chan Sang နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။
နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး(ရန်ကုန်) တည်ဆောက် လည်ပတ် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက ဂျပန်ယန်းငွေ (၈ဒသမ၆) ဘီလီယံခန့်အား ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ မြန်မာကျပ်ငွေ (၄၂) ဘီလီယံခန့် ကျခံသုံးစွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး(၂၀၁၉) ခုနှစ်တွင် စတင်တည်ဆောက်ကာ (၂၀၂၁)ခုနှစ်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment