ဂျပန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်ဧကရာဇ်
နာရူဟီတို၏ ထီးနန်းတက်ပွဲတက်ရောက် ရန်အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀
ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံတော်သမ္မတရုံးနှင့်
နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ၂၀-၁၀-၂၀၁၉ ရက်နေ့
နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး
ဟာနေဒါအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၂၁၅၀ နာရီတွင်
ရောက်ရှိကြသည်။ လေဆိပ်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်
မစ္စတာ ဟီရိုတို အိဇုမိ၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ
သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကီမီနိုရီ အီဝါမာ၊
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ၊ စစ်သံမှူး
ဗိုလ်မှူးကြီးတင်စိုး၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ
တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်
မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
၂၁-၁၀-၂၀၁၉ ရက်နေ့
နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးအား နိုင်ငံတော်ဧည့်ဂေဟာ၌
တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှုဆက်လက်တိုးမြှင့်ရေး၊ သီလဝါစက်မှုဇုန်အပါအဝင်
မြန်မာ-ဂျပန် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများအား
ဆက်လက်တိုးမြှင့်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်
ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း
ဆောင်ရွက်မှုများအပေါ် ဂျပန်အစိုးရက ဆက်လက် အကူအညီပေးအပ်သွားရေးနှင့်
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့Meiji
Kinenkan ခန်းမ၌ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဋ္ဌ မစ္စတာ
ကာဇုရှိဂဲ နိုဘူတာနိနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်
ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်
ပိုမို လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များ၊ အထူးသဖြင့်
လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊
ကုန်ထုတ်လုပ်မှုကဏ္ဍလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး
ကိစ္စရပ်များနှင့် JETRO မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်
ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် Meiji Kinenkan ခန်းမ၌ JETRO မှ
ကြီးမှူးကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး
အဖွင့်မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်
မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ထုံး
လုပ်နည်း ဖြေလျှော့ရေး လုပ်ငန်းစဉ်နှင့်သက်ဆိုင်သည့် အချက်အလက် များ၊
စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့အတွက် မြန်မာအစိုးရ၏ ရည်မှန်းချက်များ၊
လုပ်ငန်းစဉ်များနှင့် ကတိကဝတ်များ၊ မြန်မာနိုင်ငံတွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် မြန်မာနိုင်ငံတွင်
ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်
အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
မူဝါဒပြုပြင်ပြောင်းလဲ မှုများ၊ ရင်းနှီးမြှုပ်နှံသူများအတွက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ
ကုမ္ပဏီများဥပဒေတွင်ပါဝင်သည့် အားသာချက်များနှင့် မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို
ရှင်းလင်းပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ရှိ JETRO ရုံးမှ မန်နေဂျင်း
ဒါရိုက်တာ မစ္စတာ ကာဇုဖုမိ တာနာကာမှ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော
ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ များနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် “မြန်မာနိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင် အပေါ် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိကြသော ဂျပန်ကုမ္ပဏီ များ၏အမြင်”
ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသည်။ ဆွေးနွေး ပွဲတွင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန်ကုမ္ပဏီများမှ
တာဝန်ရှိသူများနှင့် JETRO မှ မန်နေဂျင်းဒါရိုက်တာ တို့က
မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးနှင့်
ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ စီးပွားရေး
လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၇၀၀ ကျော်
တက်ရောက်ခဲ့ကြသည်။
ညပိုင်းတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် တိုကျိုမြို့ရှိ
မြန်မာသံရုံး၌ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ဦးဆောင်သော မြန်မာသံရုံး နှင့်
စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး
တွေ့ဆုံ အမှာစကားပြောကြားပြီး မြန်မာသံရုံးမှ တည်ခင်းဧည့်ခံသည့်
ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၂-၁၀-၂၀၁၉
ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံအောက်လွှတ်တော် အမတ် နှင့်
ဂျပန်-မြန်မာလွှတ်တော်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ အိချိရို
အိုင်ဆာဝါနှင့်အဖွဲ့အား ခေတ္တတည်းခိုသည့် Imperial Hotel ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊
လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးတိုးမြှင့်ရေး၊ သီလဝါအထူးစီးပွားရေးဇုန် အပါအဝင်
နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတွင် ပါဝင်
အထောက်အကူပြုရေး၊ ဂျပန်- မြန်မာ လွှတ်တော်ချစ်ကြည်ရေး အသင်းမှဦးစီး၍
ဂျပန်-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်
ချယ်ရီပင်များစိုက်ပျိုးနေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်
လုပ်ငန်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူတန်နိုင်ငံဘုရင် Jigme
Khesar Namgyel Wangchuck နှင့် မိဖုရား Jetsun Pema တို့အား ဟိုတယ်၌
တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘူတန် နှစ်နိုင်ငံ
ဆက်ဆံရေးတိုးမြှင့်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်များ
အပြန်အလှန်သွားရောက်ရေးကိစ္စရပ်များကို ဆွေးနွေးကြ သည်။ တွေ့ဆုံပွဲသို့
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တို့ တက်ရောက်ကြသည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘုရင်နန်းတော် တွင်
ကျင်းပသည့် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့
တက်ရောက်သည်။
ထီးနန်းတက်ပွဲအခမ်းအနားတွင် ဂျပန်ဧကရာဇ် နာရူဟီတိုက
မိန့်ခွန်းပြောကြားပြီး ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက
ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားသည်။ ထို့နောက် ဂျပန်ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်များက ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့အား
ချီးမွမ်းထောမနာပြုကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညပိုင်းတွင် ဂျပန်ဧကရာဇ်နှင့်
မိဖုရားတို့မှ ဘုရင်နန်းတော်၌ ထီးနန်းတက်ပွဲတက်ရောက်လာကြသော
တော်ဝင်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲ
များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့
တက်ရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်ဧကရာဇ်နှင့်
မိဖုရားတို့အပြင် တော်ဝင်မင်းသမီး ယိုကိုနှင့်လည်း တွေ့ဆုံ ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၃-၁၀-၂၀၁၉
ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်၌ နီကေးသတင်းဌာနမှ မန်နေဂျင်း ဒါရိုက်တာနှင့်
အယ်ဒီတာချုပ် မစ္စတာ တက်စုရ အိဂုချိမှ လည်းကောင်း၊
မိုင်းအိနိချိသတင်းဌာနမှ ဒုတိယအယ်ဒီတာ မစ္စတာ ရှင်းနိချိ နိရှိဝါကီမှ
လည်းကောင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟိုတယ်မှ
နိုင်ငံတော်ဧည့်ဂေဟာသို့ ထွက်ခွာပြီး တော်ဝင်မင်းသမီး ယိုကိုနှင့် တွေ့ဆုံ
သည်။ ထို့နောက် တိုကျိုမြို့၊ မြန်မာသံရုံးသို့ ဆက်လက် ထွက်ခွာပြီး မြန်မာ
သံရုံးတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိပညာ သင်ကြားလျက်ရှိသည့် အစိုးရ
ပညာတော်သင်များ၊ မိမိအစီအစဉ်ဖြင့် လာရောက်ပညာသင်ကြား လျက်ရှိသည့်
ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့သည်။
ညနေပိုင်းတွင် တည်းခိုရာဟိုတယ်မှ New Otani Hotel သို့ ထွက်ခွာ ခဲ့ပြီး
ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ဇနီးတို့က ဂျပန်ဧကရာဇ်
ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များအား
တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ၂၄-၁၀-၂၀၁၉ ရက်နေ့
နံနက်ပိုင်းတွင်Imperial Hotel မှ တိုကျိုမြို့၊ နာရီတာ လေဆိပ်သို့
ထွက်ခွာကြသည်။ လေဆိပ်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးမြင့်သူ၊ စစ်သံမှူး ဗိုလ်မှူးကြီးတင်စိုး၊ ဂျပန်နိုင်ငံမှ
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့်
စစ်သံရုံးတို့မှ ဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့နောက်
မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့မှ လေကြောင်းလိုင်းဖြင့်
ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ညနေပိုင်းတွင် ဆိုက်ရောက်သည်။ ရန်ကုန် လေဆိပ်တွင် ရန်ကုန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဂျပန်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် တာဝန်ရှိပုဂ္ဂိုလ် များက
ကြိုဆိုနှုတ်ဆက်ကြသည်။
ဂျပန်ဧကရာဇ် နာရူဟီတို၏
ထီးနန်းတက်ပွဲအခမ်းအနား တက်ရောက် ခဲ့သည့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်သည် မြန်မာ နှင့်
ဂျပန်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်
မှုတို့ကိုလည်းကောင်း၊ နှစ်နိုင်ငံအကြီးအကဲများအကြား အစဉ်အလာအရ တည်ရှိသည့်
ထိတွေ့ဆက်ဆံမှုကိုလည်းကောင်း ပိုမိုတိုးတက်ခိုင်မာလာ စေခဲ့သည်။ ထို့အပြင်
ခရီးစဉ်အတွင်း ဒုတိယအကြိမ် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင် တက်ရောက်ခဲ့မှုသည် ဂျပန်နိုင်ငံမှ
ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအစိုးရများနှင့်
ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို
တိုးမြှင့်ပေးနိုင်မည့် အခွင့်အလမ်းကောင်းကိုလည်း ရရှိစေခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
နေပြည်တော်
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်



No comments:
Post a Comment