Monday, October 21, 2019

ဆွီဒင်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့ ဆက်သွယ်ရေးကွန်ယက်ဆိုင်ရာ သတင်းမှတ်တမ်း ရိုက်ကူး


ရန်ကုန် အောက်တိုဘာ ၂၁

ဆွီဒင်နိုင်ငံ Seventy Agency မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်ရှိ လှိုင်သာယာ စက်မှုဇုန်ရှုခင်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ၎င်းစက်မှုဇုန်ရှိ Season One Co.,Ltd နှင့် UPG Co.,Ltd စက်ရုံများတွင် သတင်းမှတ်တမ်းရိုက်ကူးသည်။

အဆိုပါရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ဒလမြို့နယ်၊ သပြေကုန်းကျေးရွာတွင် လယ်လုပ်ကိုင်နေပုံ၊ မဟာသဗ္ဗညုတ အောင်တော်မူ စေတီတော်နှင့် ပတ်ဝန်းကျင်ရှုခင်းများ၊ Wave Money ဝန်ဆောင်မှု လုပ်ငန်းများကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်များက ရွှေတိဂုံစေတီတော်နှင့် ဆူးလေဘုရားဝန်းကျင်၊ ဗိုလ်ချုပ်အောင်ဆန်းစျေးနှင့် မြန်မာပလာဇာများတွင် လူအများသွားလာ လှုပ်ရှားပုံများ၊ Ericsson Myanmar နှင့် Telenor Myanmar ရုံးခန်းများတွင် ဆက်သွယ်ရေးကွန်ယက် ချိတ်ဆက်ပုံများကို လည်းကောင်း ရိုက်ကူးခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုကို ဆက်လက် ရိုက်ကူးမည် ဖြစ်သည်။
ဆွီဒင်နိုင်ငံမှ Ericsson နည်းပညာနှင့် Telenor တို့ ပူးပေါင်းပြီး ဆက်သွယ်ရေးကွန်ယက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အောင်မြင်နေမှု၊ မြန်မာနိုင်ငံ၏ သာယာလှပသောရှုခင်းများနှင့် လူနေမှုဘဝများ ရိုက်ကူးထားမှုကို နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် အီတလီနိုင်ငံ၊ Artificial Intelligence Summit တွင် ပြသနိုင်ရန်အပြင် Ericsson နှင့် Telenor တို့၏ Online Website တို့တွင်လည်း ပြသရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နီနီဝင်း(FDC)

No comments:

Post a Comment