(တိုကျိုမြို့၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)
လေးစားအပ်ပါသော ဧည့်သည်တော်များရှင့်-မိမိအနေနဲ့ ယခုလိုဂျပန်နိုင်ငံမှာ ဧည့်သည်တော်များကို ပြန်လည်တွေ့ဆုံ ခွင့်ရတဲ့အတွက် များစွာဝမ်းမြောက် မိပါတယ်၊ ယခုလို အခွင့်ကြုံခိုက် မှာ ဂျပန်အစိုးရနဲ့ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ကို ဒီလိုအရေးပါတဲ့ အစီအစဉ်တစ်ရပ်ကို စီစဉ်ကျင်းပပေးတဲ့အတွက် မိမိအနေနဲ့ လှိုက်လှဲစွာ ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။
ယခုခန်းမကြီးမှာ ရင်းနှီးမြှုပ်နှံသူများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒ ချမှတ်သူများ၊ ပညာရှင်များ တက်ရောက်လျက်ရှိပြီး အဆွေတော်တို့ဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို သေချာခိုင်မာ စေရေးဆိုတဲ့ တူညီတဲ့ရည်မှန်းချက်တစ်ခုရှိကြကာ၊ သင့်တင့် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေတစ်ခု တည်ဆောက်ဖန်တီးပြီး၊ မိမိတို့ မြန်မာနိုင်ငံကို သာယာဝပြောပြီး၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာစေရေး ကူညီဖို့ ယခုလိုခန်းမကြီး အပြည့် တက်ရောက် အားပေးကြတာကို တွေ့ရပါတယ်။
ဒီအခမ်းအနားကို ဧည့်သည်တော်များအနေနဲ့ ယနေ့ တက်ရောက် အားပေးတဲ့အတွက် လည်းကောင်း၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေမှု အတွက်လည်းကောင်း ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ သင့်တင့် ကောင်းမွန်ပြီး အထောက်အကူဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ အခြေအနေ ကောင်းတစ်ရပ် ဖန်တီးရေးဆိုတဲ့ မိမိတို့ရဲ့ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုလည်း ထပ်လောင်းအတည်ပြု အပ်ပါတယ်။ ဒီအခြေအနေကောင်းဟာ ဧည့်သည်တော်များအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ပိုမိုပွင့်လင်းလာစေမှာဖြစ်ပါတယ်။
မိမိတို့နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှု ကာလတစ်ခုကို ဖြတ်သန်း နိုင်ရတဲ့အချိန်မှာ မိမိတို့ရဲ့ ဂျပန်မိတ်ဆွေ များဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးလာခဲ့ပြီး၊ ယနေ့ထက်တိုင်လည်း ကူညီပေးနေ ဆဲဖြစ်ပါတယ်။
လေးစား အပ်ပါသော ဧည့်သည်တော်များရှင့်-
မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အခါတွင် အထီးကျန်နေထိုင်ခဲ့မှုမှ စီးပွားရေးတံခါးဖွင့် မူဝါဒကို ကျင့်သုံးလျက်ရှိပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတကာနှင့် ပိုမိုထိတွေ့ပြီး တာဝန်သိနိုင်ငံတကာ မိသားစုဝင်တစ်ဦး ဖြစ်လာစေရန် ကြိုးစားလျက်ရှိပါ ကြောင်း၊ ထို့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို မျှတစွာထိန်းညှိနိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်က မကြာသေးမီကထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်း ကို ၂၀၁၉ ခုနှစ်မှာ အနေအထား ကောင်းမွန်တဲ့ ၆.၈ ရာခိုင်နှုန်းအဖြစ် ဆက်လက် ထိန်းထားနိုင်မယ်လို့ ခန့်မှန်းထားပြီး အာဆီယံဒေသမှာ တတိယမြောက် စီးပွားရေးအမြန်ဆုံး တိုးတက်နေတဲ့ နိုင်ငံဖြစ်စေလာမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ဒေသတွင်းမှာ အတိုးတက်ဆုံး စီးပွားရေးနိုင်ငံ ဖြစ်မှာဖြစ်ပါတယ်။ (နောင်နှစ်မှာ အာဆီယံ ဒေသအတွက် ပျမ်းမျှတိုးတက်နှုန်းဟာ ၄.၆ ရာခိုင်နှုန်းမျှသာ ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။)
ခိုင်မာရှည်ကြာတဲ့ တိုးတက်မှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ မကြုံစဖူး ထူးကဲတဲ့ ဖွဲ့စည်းမှု အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ကမ္ဘာ့စီးပွားရေး ဗဟိုဆွဲငင်အားဟာ တိုးတက်လာတဲ့ အာရှဒေသဘက်ကို ပြန်လည်ယိမ်းလာတဲ့အချိန်မှာ ဒီဖွဲ့စည်းမှု အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ယနေ့ အာရှဒေသမှာ ရှိနေပြီး၊ အာရှဒေသဟာ ၂၀၄၀ ပြည့်နှစ်မှာ ကမ္ဘာ့ဂျီဒီပီရဲ့ ၅၀ ရာခိုင်နှုန်းထက် ကျော်သွားမယ်လို့ မျှော်မှန်း ထားပါတယ်။
ကမ္ဘာ့ပထဝီနိုင်ငံရေးမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုကို တိုးမြင့်လာနေတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး တင်းမာမှုပုံစံတွေအဖြစ် အချို့နေရာဒေသတွေမှာ မြင်တွေ့နေရပြီး၊ အဲဒီတင်းမာမှုတွေကို ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများတွေမှာ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အမှန်တကယ်လည်း မြန်မာ နိုင်ငံအနေနဲ့လည်း ဒီကမ္ဘာ့ဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေကနေ မည်သည့် နည်းလမ်းနဲ့မှ မလွတ်ကင်း နိုင်ပါဘူး၊ ဒါပေမယ့် မိမိတို့အနေနဲ့ ဒီလိုကြမ်းတမ်းတဲ့အခြေအနေကို ခံနိုင်ရည် ရှိအောင် စီမံကြိုးစား နိုင်ခဲ့ပါတယ်။
မိမိတို့နိုင်ငံရဲ့ စီးပွားရေးကို ဆက်လက်ဖွင့်ထားတဲ့ အားလျော်စွာ ကမ္ဘာ့အသိုက်အဝန်းမှာလည်း ပိုမိုပေါင်းစည်း ဝင်ဆန့်နိုင်ရေး ကြိုးပမ်းလျက် ရှိနေရာမှာ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်း ဆက်နွှယ်မှု ဖြစ်စဉ်သည်ပင်လျှင် စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ အလားတူပဲ မြောက်မြားစွာသော သမိုင်း အမွေဆိုးအဖြစ် ကျန်ရှိသည့်ပြဿနာများနဲ့ နှစ်ပေါင်း(၅၀)ကျော် မဖြေရှင်းနိုင်ဘဲ စုပုံနေတဲ့ အတိတ်က ခါးသီးတဲ့ဒဏ်ရာများနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီမံကိန်းရေးဆွဲသူများနဲ့ မူဝါဒချမှတ်သူများ အတွက် စိန်ခေါ်မှုဟာ တည်ငြိမ် အေးချမ်းမှုရဲ့အရေးပါမှုကို မျက်ခြည်ပြတ် မခံဘဲ၊ ယခုလို အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ကာလနဲ့ အလွန်တရာ ကောင်းမွန်တဲ့အခွင့်အလမ်းဆိုတဲ့ အားသာချက်တွေကို အပြည့်အဝရယူ အသုံးချသွားနိုင်ဖို့ ဖြစ်ပါတယ်။
မိမိတို့ မြန်မာတွေဟာ ဒီလိုတာဝန်သိပြီး၊ ရေရှည်တည်တံ့မယ့် အရည်အသွေးပြည့်ဝတဲ့ ရင်းနှီးမြှုပ်နှံမှု တွေဟာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင် မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဒီလိုဆွေးနွေးပွဲတွေကို မိမိအနေနဲ့ တန်ဖိုးထားရခြင်းဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာ ကောင်းတွေကို အရင်းအနှီးပြုပြီး အခွင့်အလမ်းတစ်ခုအဖြစ် ယခု တက်ရောက်လာသူတွေကို ကမ်းလှမ်း လိုပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ပြုပြင် ပြောင်းလဲရေး၊ ရည်မှန်းချက်နဲ့ နိုင်ငံရေးဆန္ဒတို့ကို မျှတမှန်ကန်စွာ ဖော်ဆောင် သွားနိုင်မယ်ဆိုရင် အလားအလာသစ်တွေရဲ့သော့ချက်ကို ဖွင့်လှစ်သွားနိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ဧည့်သည်တော်များရှင့်-
မြန်မာနိုင်ငံအနေဖြင့် ယခုအခါ ပိုမိုကျယ်ပြန့်သော၊ မျှတမှုရှိသော၊ တာဝန်သိသော ရေရှည်ဖွံ့ဖြိုး တိုးတက်သော၊ အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာကို ကျင့်သုံးလျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကိုထိန်းကျောင်းပေးနိုင်ရန်အတွက် မိမိတို့အနေနဲ့ “မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”ကို ယမန်နှစ်က စတင်ဖော်ဆောင်ခဲ့ပါတယ်။ ဒီစီမံကိန်း တွေဟာဆိုရင် လာမယ့်ဆယ်စုနှစ်များမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပုံဖော်ပေးမယ့် အရေးပါတဲ့ အခြေခံအုတ်မြစ်များ ဖြစ်လာမှာဖြစ်ပါတယ်။
မိမိတို့အနေနဲ့ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းစဉ်များ မြှင့်တင် နိုင်ရေးနှင့် အုပ်ချုပ်မှုကောင်းစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် အဆိုပါဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းနဲ့အညီ ရည်မှန်းချက်မြင့်မားပြီး အလုံးစုံနဲ့ အားလုံးပါဝင်တဲ့ မူဝါဒများနဲ့ နည်းဥပဒေတွေကို တစ်ခုချင်းစီ သေချာစွာရေးဆွဲချမှတ်ခဲ့ပါတယ်။ ဒါ့ပြင် ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြှင့် အကောင်အထည်ဖော်နိုင်ဖို့နဲ့ အကျပ်အတည်းတွေကို ဖယ်ရှားဖို့ အတွက် လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ဆောင်ရွက် ပေးလျက်ရှိပါတယ်။
မိမိတို့နှစ်နိုင်ငံအနေဖြင့် အဓိကစီးပွားရေးကဏ္ဍများအတွက် ဗဟာဗျူဟာကျတဲ့ ဖြေလျှော့မှုများကို တက်ကြွစွာပြုလုပ်လျက် ရှိပါတယ်။ ဥပမာ - မကြာသေးမီက ဖြေလျှော့ပေးခဲ့တဲ့ အာမခံလုပ်ငန်း ကဏ္ဍမှာဆိုရင် ၁၀၀ ရာခိုင်နှုန်းပြည့် နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီများကို မြန်မာနိုင်ငံမှာ လုပ်ငန်းလည် ပတ်ခွင့်ပြု ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ Dai-ichi Life ဟာဆိုရင် ပထမဆုံးသော အာမခံ ကုမ္ပဏီများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
မိမိတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ အဟန့်အတား ဖြစ်စေသော လုပ်ထုံးလုပ်နည်း တွေကို ဖယ်ရှားခြင်း၊ အင်တာနက်မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ ရင်းနှီး မြှုပ်နှံမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးကဏ္ဍကို ဦးစားပေးတဲ့ ဝန်ကြီးဌာန အသစ် တစ်ခု ကို ဖွဲ့စည်း ခဲ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း သစ်တစ်ရပ်ကို ထုတ်ပြန် ခဲ့ခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပါတယ်။
မိမိတို့ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာကဏ္ဍမှာ လက်ရှိမြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအပြင် ဘဏ်ခွဲများ(သို့မဟုတ်) လက်အောက်ခံ ဘဏ်ခွဲများကို ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန်ရှိပါတယ်။
အခြားသော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများမှာ ပိုမိုပွင့်လင်း မြင်သာမှု ရှိပြီး ကြိုတင်ခန့်မှန်း တွက်ဆနိုင်ပြီး ယှဉ်ပြိုင်မှုရှိသော စီမံကိန်းများရွေးချယ် သတ်မှတ်သည့် စီမံကိန်းဘဏ် တည်ထောင် ခဲ့ခြင်း သာမက နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ငှားရမ်းခြင်းလုပ်ငန်းများတွင် အီလက်ထရွန်နစ် နည်းပညာသုံး စနစ်များဖြင့် ပိုမိုလျင်မြန်စွာ ဆောင်ရွက် နိုင်မည့် နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ဘဏ် တည်ထောင်ခဲ့ခြင်း တို့လည်း ပါဝင်ပါတယ်။ ယခုကဲ့သို့ ရည်မှန်းချက်ကြီး သော စီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အပေါ် အလွန်ကြီးမားတဲ့ အပြုသဘောဆောင်သည့် အပြာင်းအလဲတွေကို ဖော်ဆောင်ပေးသွားနိုင်မည်မှာ သေချာပါတယ်။
လေးစား အပ်ပါသော ဧည့်သည်တော်များရှင့်-
မိမိတို့ရင်းနှီးမြှုပ်နှံသူများရဲ့ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီသွားရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရှိ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးအပ်သောဌာန (One-Stop-service centre) ကို ရင်းနှီးမြှုပ်နှံသူများ လိုအပ်သောခွင့်ပြုမိန့်နှင့် လိုင်စင်များအား လျှောက်ထားရာတွင် အခြားသောအစိုးရဌာနများသို့ ထပ်မံသွားရောက်ရန် မလိုအပ်သော ပြတင်း တစ်ပေါက်စနစ် (Single Window System) သို့ ပြောင်းလဲကျင့်သုံးသွားရန် စီစဉ်ဆောင်ရွက် လျက် ရှိပါတယ်။
ဤကဲ့သို့ ထိရောက်တဲ့နည်းလမ်းများဖြင့် ချဉ်းကပ်ဆောင်ရွက်ခဲ့လို့ သီလဝါအထူးစီးပွားရေးဇုန်မှာ အကျိုးရလဒ်ရရှိလျက်ရှိရာ သင့်လျော်တဲ့ အချိန်ကာလမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နဲ့ အခြား စီးပွားရေးဇုန်တွေမှာ အလားတူနည်းလမ်းများကို စတင်ကျင့်သုံးတဲ့အခါ မှာလည်း အောင်မြင် မှုများ ဆက်လက်ရရှိနိုင်မယ်လို့ ယုံကြည်ထား ပါတယ်။
လက်ရှိ ဂျပန်ကုမ္ပဏီအများအပြားနဲ့ ရန်ကုန်မြို့ရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကုမ္ပဏီများကို အထူး ဆွဲဆောင်လျက်ရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ အသုံးပြုလျက်ရှိတဲ့ ပြတင်းတစ်ပေါက်စနစ် (Single Window System) ကို ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ ၁.၈၆ ဘီလီယံအထိ တိုးမြှင့်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ မော်တော် ကားကုမ္ပဏီ တိုယိုတာဟာ သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်ယန်း ဘီလီယံတန်ဖိုးရှိတဲ့ မော်တော်ကား တပ်ဆင်ထုတ်လုပ်မယ့် စက်ရုံတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အခြားသော ဆက်စပ် စက်မှုလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ပေါ်ထွန်းလာစေမှာ ဖြစ်ပါတယ်။
တိုယိုတာ၊ ဆူဇူကီး၊ Yakult နဲ့ အခြားနာမည်ကြီး ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လျက် ရှိတာကို ကြည့်မယ်ဆိုရင် ဂျပန် ရင်းနှီးမြှုပ်နှံ သူတွေဟာ မြန်မာနိုင်ငံနဲ့ သီလဝါမှာ မိမိတို့ရဲ့ လုပ်ဆောင် ချက်များအပေါ် ယုံကြည်မှုရှိတာကို ပြသနေပါတယ်။
လေးစားအပ်ပါသော ဧည့်သည်တော်များရှင့်-
မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမှုမရှိသော ယှဉ်ပြိုင်မှုမရှိသည့် ပုဂ္ဂိုလ်ရေး ပတ်သက်ဆက်နွှယ်မှုများကို အခြေခံတဲ့ စီးပွားရေးပုံစံကနေ ပိုမိုပွင့်လင်း မြင်သာ၊ ယှဉ်ပြိုင်မှုနဲ့ စည်းမျဉ်းဥပဒေများကို အခြေခံတဲ့ စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေပြီဖြစ်ပါတယ်။ အဆိုပါ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ဟာ မလွယ်ကူပေမယ့် မိမိတို့အနေနဲ့ အောင်မြင်မှုရရှိလိုပါက အားလုံးဝိုင်းဝန်း ကြိုးပမ်းအားထုတ်သွားကြဖို့ လိုအပ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆို လျက်ရှိပြီး အဲဒီ အသွင်ကူးပြောင်း မှုတွေမှာ အတူတကွလက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မိမိအနေနဲ့ အဆွေတော်တို့ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုဖိတ်ခေါ်အပ်ပါတယ်။ အဲလို လာရောက်တဲ့အခါမှာလည်း အဆွေတော်အနေနဲ့ တစ်ယောက်တည်းမဟုတ်ပါဘူး၊ အဆွေတော်တို့ လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ လုပ်ငန်းမိတ်ဖက်များ တွေနဲ့ မိတ်ဆွေများ၊ အဆွေတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်တဲ့အခါမှာ လိုအပ်တဲ့ မည်သည့် အကူအညီများကိုမဆို ပေးအပ်သွား နိုင်တဲ့သူတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်။
လေးစားအပ်ပါသော ဧည့်သည်တော်များရှင့်-
မကြာသေးမီကာလတွေက တိုးတက်မှုတွေရရှိနေသော်လည်း မိမိတို့ ကျော်ဖြတ်နိုင်မယ့်၊ ကျော်လွှား ရမယ့် စိန်ခေါ်မှုများလည်း ရှိနေသေးဆဲ ဆိုတာကိုလည်း သိရှိထားပါတယ်။ အဲလို ကျော်လွှားနိုင်ဖို့ အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။
မိမိတို့အနေနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့၊ အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မယ့်၊ တိုးတက်မှု တွေကို ဆက်လက်တည်တံ့ စေနိုင် မယ့် အားလုံးအတွက် ကြွယ်ဝချမ်းသာမှုကို ဖြန့်ဝေခံစား ပေးစေနိုင်မယ့် တာဝန်သိသောရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိပါတယ်။ မိမိတို့အနေနဲ့ အဆွေတော်တို့ရဲ့ ယုံကြည်မှု အပြည့်နဲ့ စိတ်အားထက်သန်စွာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်။
မိမိတို့ အတွက် ငြိမ်းချမ်းသာယာဝပြောမှုကိုရှေးရှုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့အချိန်မှာ ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့က မိတ်ဆွေများရဲ့ နားလည်မှုနဲ့ ထောက်ခံအားပေးမှုတွေကို ဆက်လက် ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မိမိတို့ရဲ့ လှပတဲ့အနာဂတ်မှာ အဆွေတော်တို့အနေနဲ့ တစ်ထောင့် တစ်နေရာက ပါဝင်သွားဖို့ ဖိတ်ခေါ်အပ် ပါတယ်။
အဆွေတော်တို့ ကျန်းမာပျော်ရွှင်ပါစေကြောင်းနဲ့ ကြွယ်ဝချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကျေးဇူးအထူးတင်ရှိပါတယ်။ ။

No comments:
Post a Comment