Tuesday, October 1, 2019

မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ရန် လူငယ် ကျန်းမာရေးစီမံကိန်း စတင်မိတ်ဆက်


ရန်ကုန် စက်တင်ဘာ ၃၀

လူငယ်များအကြား မကူးစက်နိုင်သော ရောဂါများဖြစ်စေသည့် အမူအကျင့်များ လက်ခံကျင့်သုံးခြင်းကို ကာကွယ်နိုင်ရန်ရည်ရွယ်၍ လူငယ်ကျန်းမာရေး စီမံကိန်း စတင်မိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်းရှိ Mercure Hotel ၌ ယနေ့နံနက် ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ကျန်းမာရေးစီမံကိန်းအား နိုင်ငံတကာဇီ၀ဆေးကုမ္ပဏီ တစ်ခုဖြစ်သည့် Astra Zeneca နှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ဆောင်ရွက်နေသည့် Plan International Myanmar တို့ ပူးပေါင်း၍ အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး လူငယ်များ၏ ကျန်းမာရေးနှင့် မကူး စက်နိုင်သော ရောဂါများ ဖြစ်သည့် နှလုံးသွေး ကြောနှင့်ဆိုင်သော ရောဂါ များ၊ ဆီးချိုရောဂါ၊ ကင်ဆာနှင့် နာတာ ရှည် အဆုတ်ရောဂါ စသည်တို့ ဖြစ်ပွား မှုမှ ကာကွယ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ် မှာ ဖြစ်ပွားမှုအများဆုံးဖြစ်နေတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေရှိပါတယ်။ အဲဒီ ရောဂါဖြစ် စေတဲ့ အဓိကအခြေခံ အကြောင်းရင်းတွေက ဆေးလိပ် သောက်တာ၊ အရက်အလွန်အကျွံ သောက်တာ၊ အန္တရာယ်ရှိ အစားအစာ တွေ စားသောက်နေတာ၊ ကိုယ်လက် လှုပ်ရှားမှုနည်းတာ၊ လေထုညစ်ညမ်းမှု စတာ တွေကြောင့် ဖြစ်နေတာပါ။ ဒါတွေက ပြုပြင်မယ်ဆိုရင် ပြုပြင်လို့ရ တဲ့အပိုင်းတွေရှိပါတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနဲ့ Plan International Myanmar အဖွဲ့တို့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်တာစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်" ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော မြန်မာနိုင်ငံ ဆိုင်ရာ သတင်းအချက်အလက်များ အရ မြန်မာနိုင်ငံတွင် သေဆုံးမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်သည် မကူးစက်နိုင်သော ရောဂါဖြစ်စေ သည့် အန္တရာယ်ရှိသော အဓိကအမူအကျင့်လေးခုကြောင့်ဖြစ်ပြီး အသက်(၃၀)မှ (၇၀)ကြား အရွယ်မတိုင်ခင် သေဆုံးမှုသည် ၂၄ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် လူငယ်ကျန်းမာရေး စီမံကိန်းကို အသက်(၁၀)နှစ်မှ (၂၄)နှစ်အတွင်းရှိ လူငယ်များ၏ကောင်းမွန် သော ကျန်းမာရေးတိုးတက် မှုကို ရစေ ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ၊ ကော့မှူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ သန်လျင်နှင့် ဒလ မြို့နယ်တို့တွင် သုံးနှစ်တာ အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ် သည့် အခမ်းအနားမှ သိရသည်။
လူငယ်ကျန်းမာရေး စီမံကိန်းသည် နိုင်ငံတော်အစိုးရက ချမှတ်ရေးဆွဲ ထား သော မကူးစက်နိုင်သည့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်း အစီအစဉ် များနှင့် ညှိနှိုင်းလုပ်ဆောင်ထားပြီး လူငယ်များအကြား ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ လက်ခံလာစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက် မြို့နယ်မှ ရပ်ကွက်/ ကျေးရွာ၊ စာသင် ကျောင်းနှင့် တက္ကသိုလ်များတွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပြီး အသက်(၁၀) နှစ်မှ (၂၄)နှစ် အတွင်းရှိ လူငယ်အရေအတွက် ၄၀၀၀၀ ကျော်တို့အား မကူး စက်နိုင်သောရောဂါများ ကာကွယ်ခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများကို မြှင့်တင်ပေးသွားမည် ဖြစ်သည့်အပြင် စီမံကိန်းဝင် မြို့နယ်များရှိ လူငယ်များနှင့် ရပ်ကွက်နေပြည်သူဦးရေ ၅၀၀၀၀၀ ထံသို့ လည်း လူထုလှုပ်ရှားမှု အစီအစဉ်များမှတစ်ဆင့် အသိပညာများ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ ၏ လေးပုံတစ်ပုံခန့်သည် ဆယ်ကျော် သက်လူငယ်များဖြစ်ပြီး နိုင်ငံ၏ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အဆိုပါ အသက်အရွယ်အပိုင်းအခြားသည် မကူးစက် နိုင်သော ရောဂါလျော့ကျရေးနှင့် ဘဝ တစ်သက်တာပြီးပြည့်စုံသော ကျန်းမာ မှုကိုရရှိစေရေးတွင် အရေးပါသော အပိုင်းအခြားတစ်ခုဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ရာမည

No comments:

Post a Comment