Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံတက်ရောက်




နေပြည်‌တော် အောက်တိုဘာ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူသည် အောက်တိုဘာ ၂၃ ရက်တွင် နော်ဝေ နိုင်ငံ အော်စလိုမြို့၌ ကျင်းပပြုလုပ်သော “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံသို့ တက်ရောက်ခဲ့သည်။


အဆိုပါညီလာခံတွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Ms. Erna Solberg က အဖွင့်အမှာ စကားပြောကြားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် သိပ္ပံပညာရှင်များက သမုဒ္ဒရာများ ရင်ဆိုင်နေရသည့် ပြဿနာများအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ချက်နှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် အရေးယူ ဆောင်ရွက်မှု၊ သမုဒ္ဒရာများ ညစ်ညမ်းမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငါးအလွန်အကျွံ ဖမ်းဆီးမှုနှင့် ရေလုပ်ငန်း စီမံအုပ်ချုပ်မှု ဆိုင်ရာ စိန်ခေါ်မှုများအပေါ် အရေးယူဆောင်ရွက်မှု၊ သမုဒ္ဒရာများမှ ရရှိမည့် အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ရေရှည် တည်တံ့သော ပင်လယ်သမုဒ္ဒရာ စီးပွားရေး တည်ဆောက်ခြင်း၊ သမုဒ္ဒရာများ သန်မာအားကောင်းရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေး ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရေရှည်တည်တံ့သော ငါးလုပ်ငန်း အခန်းကဏ္ဍတွင် မြန်မာ့ရေပြင်အတွင်း အထူးငါးလုပ်ငန်း စီမံခန့်ခွဲသည့် ဧရိယာများနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးဇုန်များ ထပ်မံတိုးချဲ့သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကိုရီးယားသမ္မတနိုင်ငံ ပင်လယ် သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Mr.Moon Seong-hyeok နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး Mr.Dag-IngeUlstein နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း နယ်ပယ်တွင် စွမ်းဆောင်ရည် မြင့်မား လာရေးနှင့် သယံဇာတရင်းမြစ် စီမံ ခန့်ခွဲမှုများအတွက် “ဖွံ့ဖြိုးတိုးတက်မှုအတွက် ငါးလုပ်ငန်းကဏ္ဍ ” အစီအစဉ်ဖြင့် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီပေးနေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment