နေပြည်တော်
အောက်တိုဘာ ၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ
မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၆
နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်
ဇနီး ဒေါ်ချိုချိုတို့နှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး
ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ
ဘန်ဒါရီတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဆွေတော်သမ္မတကြီးနှင့်
ကိုယ်စားလှယ်အဖွဲ့ဝင်များအား မြန်မာနိုင်ငံမှ နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သခွင့်ရသည့်အတွက်
မိမိအနေဖြင့် များစွာနှစ်ထောင်းအားရ ဖြစ်ရပါကြောင်း၊ ယခုခရီးစဉ်သည် အဆွေတော်၏ မြန်မာနိုင်ငံသို့
လာရောက်သည့် ပထမဆုံး ခရီးစဉ်ဖြစ်သည့်အတွက် ခရီးစဉ်အတွင်း အစစအရာရာ အဆင်ပြေချောမွေ့စေရန်နှင့်
သွားရောက်သင့်သည့် နေရာများသို့ သွားရောက်နိုင်ရေးကိုလည်း စီစဉ်ထားရှိပါကြောင်း၊ အဆွေတော်၏
မြန်မာနိုင်ငံခရီးစဉ်သည် မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သို့
ရောက်ရှိစေမည် ဖြစ်သကဲ့သို့ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုတိုးမြင့်လာနိုင်စေမည့် သမိုင်းဝင်ခရီးစဉ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ထားပါကြောင်း။
၂၀၁၈ ခုနှစ် ဩဂုတ်လက နီပေါနိုင်ငံသို့သွားရောက်ခဲ့သည့်
မိမိ၏ ပထမဆုံး တရားဝင် ခရီးစဉ်အတွင်း အဆွေတော်တို့၏ နွေးထွေးစွာကြိုဆိုခဲ့မှု၊ ဧည့်ဝတ်ကျေပွန်ခဲ့မှုများကို
လှိုက်လှဲစွာ ကျေးဇူးတင်ရှိလျက် အမြဲအမှတ်တရရှိနေပါကြောင်း၊ ယင်းခရီးစဉ်တွင် ဗုဒ္ဓဘုရားရှင်
ဖွားမြင်တော်မူရာ ဘာသာရေးအထွတ်အမြတ်နေရာဖြစ်သည့် လုမ္ဗိနီဥယျာဉ်သို့ သွားရောက် ဖူးမြော်ခဲ့ရခြင်းနှင့်
နီပေါပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုများသည် မိမိ၏ခရီးစဉ်ကို
အမြဲအမှတ်တရ ဖြစ်စေပါကြောင်း၊ သာယာလှပသည့် နီပေါနိုင်ငံသို့ မိမိသွားရောက်ခဲ့သည့် ခရီးစဉ်တွင်
ထူးကဲလှသည့် ဧည့်ဝတ်ကျေပွန်မှုများ ကို ယခုအဆွေတော်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မိမိမှတဖန်ပြန်လည်
ဧည့်ဝတ်ပြုခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက် မိပါကြောင်း။
မိမိတို့နှစ်နိုင်ငံ၏ နီးကပ်သည့်သမိုင်းကြောင်း၊
ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်နီးစပ်မှုနှင့် အပြန်အလှန် နားလည်မှုတို့အပေါ် အခြေခံပြီး
သံတမန်ဆက်ဆံရေး စတင်တည်ထောင်ပြီးချိန်မှစ၍ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်
ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိကြပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား တူညီမှုအများအပြားရှိရာ
ယင်းတူညီမှုများသည် ကာလကြာရှည်စွာ တည်တံ့နေပြီဖြစ်သည့် မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူ
ပြည်သားများ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာ နှောင်ဖွဲ့ထားပါကြောင်း။
ပြီးခဲ့သည့် နှစ်ကာလများအတွင်း အဆင့်အသီးသီးမှ
ကိုယ်စားလှယ်များ၏ အပြန်အလှန် ခရီးစဉ်များသည် မိမိတို့နှစ်နိုင်ငံ အကြား ရှိရင်းစွဲ
ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို
ပိုမိုနက်ရှိုင်း စေခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့ မြင်ရပါကြောင်း၊ ယနေ့အစောပိုင်းတွင်
အဆွေတော် သမ္မတကြီးနှင့် မိမိတို့တွေ့ဆုံခဲ့စဉ် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ၏
အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးသွားနိုင်ရေးအတွက် ဆက်ဆံမှု တိုးတက်ခိုင်မာစေရေးနှင့်
ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အတူတကွ ကြိုးပမ်းအားထုတ်မှုဖြင့်
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေး၊ စက်မှုနှင့်
ယဉ်ကျေးမှုစသည့် နယ်ပယ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဟု မိမိအနေဖြင့်
အခိုင်အမာ ယုံကြည်ထားပါကြောင်း။
မိမိတို့နှစ်နိုင်ငံအကြား ဘင်္ဂလားပင်လယ်အော်ဒေသတွင်း
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု
အစီအစဉ်-ဘင်းမ်စတက်၊ အာရှပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ACD) နှင့် ကုလသမဂ္ဂကဲ့သို့သော
ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်
ရှိသည်ကိုလည်း အားရကျေနပ်မိ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်
နီပေါနိုင်ငံနှင့် ဆက်လက်ပြီး အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ အပြန်အလှန် ဆက်လက်ထောက်ခံ
ရပ်တည်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။
အဆွေတော်သမ္မတကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည်
မိမိတို့၏နီပေါနွယ်ဖွား အသိုက်အဝန်းနှင့် ပြင်ဦးလွင်မြို့တွင် တွေ့ဆုံပွဲရှိသည့်အတွက်
မိမိအနေဖြင့် အလွန်ပင် ဝမ်းမြောက်မိပါကြောင်း၊ နီပေါနွယ်ဖွားများအနေဖြင့် ဒေသခံပြည်သူများနှင့်
သဟဇာတရှိစွာ နေထိုင်လျက်ရှိကြပြီး မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို
တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။
အဆွေတော်အနေဖြင့် မကြာသေးမီက ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ်
ယူနက်စကိုမှ အသိအမှတ်ပြုခံရသည့် ပုဂံဒေသသို့ သွားရောက်လေ့လာမည့်ခရီးစဉ်ကို ကြည်နူးနှစ်ခြိုက်လိမ့်မည်
ဟုမျှော်လင့်ပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများနှင့်
ခမ်းနားသပ္ပါယ်လှသည့် ရွှေတိဂုံစေတီတော်တို့ကို သွားရောက် ဖူးမြော်လေ့လာမည့် ခရီးစဉ်များမှ
မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ဗုဒ္ဓဘာသာ ဘုရားဖူးဒေသများ အထူးသဖြင့် ပုဂံဒေသနှင့်
နီပေါနိုင်ငံရှိ အလေးအမြတ်ထားရာ လုမ္ဗိနီတို့ကို ချိတ်ဆက်ရန် အတွေးအမြင်သစ်တစ်ခု ထွက်ပေါ်လာလိမ့်မည်
ဟု ယုံကြည်ပါကြောင်း၊ ယင်းသို့ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မိမိတို့ နှစ်နိုင်ငံ
ပြည်သူများ၏ တူညီသည့် အမွေအနှစ်နှင့် ယဉ်ကျေးမှုဆက်နွယ်နီးကပ်မှုများကို ပိုမိုအားကောင်းလာနိုင်မည်ဖြစ်ပါကြောင်း။
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မိမိတို့နှစ်နိုင်ငံအကြား
သံတမန်ဆက်ဆံရေး ထူထောင်မှုသည် နှစ်(၆၀) ပြည့်မြောက်တော့မည် ဖြစ်၍ အခမ်းအနားများကို
နှစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်သွားရန်လည်း မျှော်လင့်ထားပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည်
“နီပေါနိုင်ငံ၏ ခရီးသွားနှစ်” လည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့်
နီပေါနိုင်ငံ၏ ခရီးသွားနှစ်နှင့် “သာယာဝပြောတဲ့ နီပေါနိုင်ငံ၊ ပျော်ရွှင်မှုတွေခံစားရတဲ့
နီပေါပြည်သူများ”ဆိုသည့် နီပေါနိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်တို့ကို
အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နီပေါနိုင်ငံအစိုးရ၏ ကြိုးပမ်းအား
ထုတ်မှုများ အောင်မြင်မှု ရရှိပါစေကြောင်းကိုလည်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ
သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ချစ်ကြည်ရင်းနှီးစွာ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့
တရားဝင်ခရီးစဉ် လာရောက်ရသည့်အပေါ် ဝမ်းမြောက်ရပါကြောင်း၊ မိမိနှင့် ကိုယ်စားလှယ်အဖွဲ့ကို
လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုနှင့် ပျူငှာစွာ ဧည့်ဝတ်ကျေပွန်မှုများအတွက် နိုင်ငံတော်သမ္မတနှင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရတို့အား အထူးပင် ကျေးဇူးဥပကာရတင်ရှိပါကြောင်း၊
ဗုဒ္ဓဖွားမြင်တော်မူရာနိုင်ငံမှ မေတ္တာတရားနှင့် ဆုမွန်ကောင်းများကို မိမိနှင့် အတူတကွ ဆောင်ကြဉ်းယူဆောင်လာပါကြောင်း။
မကြာသေးမီကာလများအတွင်း မိမိတို့နှစ်နိုင်ငံအကြား
အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်လည်ပတ်မှုများ ရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့်
ယခုအခါသမယတွင် ၂၀၁၈ ခုနှစ်က နီပေါနိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်ကို
ဝမ်းမြောက်စွာ ပြန်ပြောင်းအမှတ်ရမိပါကြောင်း၊ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊
ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာရှိ အကျိုးတူကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံအကြား
ယခုကဲ့သို့ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်လည်ပတ်မှုများသည် နှစ်နိုင်ငံနှင့်
ပြည်သူများအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် အထောက်အကူပြုခဲ့ပါကြောင်း၊
နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ပိုမိုကျယ်ပြန့်လာစေ ခဲ့ပါကြောင်း။
နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံအကြား
အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ကို အခြေခံပြီး အထူးကောင်းမွန်သည့် ဆက်ဆံရေးကို
ထိန်းသိမ်းထားလျက်ရှိပါကြောင်း၊ မိမိတို့၏ဆက်ဆံရေးသည် နှစ်နိုင်ငံ တရားဝင်ဆက်ဆံရေးထက်
သာလွန် သည့် ဆက်ဆံရေးမျိုးဖြစ်ပါကြောင်း၊ အလားတူ မိမိတို့၏ တူညီသည့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာနှင့်
စံနှုန်းများ ကြောင့်လည်း ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ခိုင်မာလာစေရန်လည်း
များစွာအားဖြည့်ပေးလျက် ရှိပါကြောင်း။
သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့်
ပြည့်စုံနေသည့် လုမ္ဗိနီသည် သိဒ္ဓတ္ထ ဂေါတမ မွေးဖွား သန့်စင်သည့် နေရာတစ်နေရာ ဖြစ်ရုံသာမက
ဗုဒ္ဓသာသနာတော်၏ မြစ်ဖျားခံရာ အထွဋ်အမြတ် ထားရာဒေသလည်း ဖြစ်ပါကြောင်း၊ နီပေါအစိုးရက
လုမ္ဗိနီအား ကမ္ဘာ့ငြိမ်းချမ်းရေးဗဟိုဌာနအဖြစ် ဖွံ့ဖြိုးထွန်းကားလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ်
မြန်မာ အစိုးရ၏ စိတ်ရင်း စေတနာကောင်းဖြင့် ထောက်ခံမှုများကို ဆက်လက်ရရှိမည်ဟု ယုံကြည်ပါကြောင်း။
ဗုဒ္ဓမြွက်ကြားခဲ့သည့် ထာဝစဉ်တည်တံ့သော
တရားဒေသနာတော်များသည် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ လူနေမှုဘဝပုံစံ များကို ထိန်းကြောင်းပေးလျက်ရှိပါကြောင်း၊
ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများဖြစ်သည့် အကြမ်းမဖက်ရေး၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်း မေတ္တာ၊
ကရုဏာ၊ စေတနာနှင့် အတူယှဉ်တွဲ နေထိုင်မှုတို့သည် လူသားများအတွက် မြတ်ဗုဒ္ဓက ပေးအပ်ခဲ့သည့် သာသနာ့ လက်ဆောင်မွန်များ ဖြစ်ကြပါကြောင်း၊ မြတ်ဗုဒ္ဓ၏
တရားဒေသနာတော်များ ထွန်းကားပြန့်ပွားစေရန်နှင့် လူသားများ၏ ကောင်းကျိုးကို အထောက်အကူပြုစေရန်အတွက်
နီပေါအစိုးရအနေဖြင့် ကုလသမဂ္ဂ၏ အပြည်ပြည် ဆိုင်ရာဗုဒ္ဓနေ့ကို လုမ္ဗိနီ၌ ၂၀၂၁ ခုနှစ်တွင်
စီစဉ်ကျင်းပသွားရန်အတွက် အဆိုပြုထားပါကြောင်း၊ မိမိအနေနှင့် နီပေါအစိုးရ၏ အဆိုပြုချက်
အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း။
လုမ္ဗိနီဒေသ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသား ဦးသန့်၏ တန်ဖိုးမဖြတ်နိုင်သည့်
ပါဝင်အထောက်အကူပြုခဲ့မှုများအတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်း အခါအခွင့်ကြုံခိုက်
ထည့်သွင်းပြောကြားလိုပါကြောင်း။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်
မကြာသေးမီက ယူနက်စကိုမှ ဆုံးဖြတ်ခဲ့သည့် အတွက် အဆွေတော်အား မိမိအနေဖြင့် ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊
မိမိအနေဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ မနက်ဖြန်တွင် သွားရောက်လည်ပတ်မည်ဖြစ်သည့်
အတွက်လည်း အလွန်ဝမ်းမြောက်မိပါကြောင်း။
နီပေါနှင့် မြန်မာတို့သည် တူညီသည့် ဖွံ့ဖြိုးတိုးတက်ရေး
မျှော်မှန်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး
ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အကောင်းဆုံး အလေ့အထများကို နှစ်နိုင်ငံ အကြား မျှဝေသွားကြမည်ဖြစ်ကြောင်း
မိမိအနေဖြင့် ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ ရရှိအောင်မြင်ပြီးသော
သမိုင်းဝင် နိုင်ငံရေးတည်ငြိမ်နေမှုကို အကြောင်းပြုလျက် နီပေါနိုင်ငံအနေဖြင့် ရေရှည်တည်တံ့
ခိုင်မြဲမည့် လူမှု-စီးပွားရေးအသွင် ပြောင်းလဲမှုများကို ရည်မှန်းဖော်ဆောင်ကာ ရှေ့သို့လျှောက်လှမ်း
လျက်ရှိပါကြောင်း၊ တည်ငြိမ်မှုရှိသည့် နိုင်ငံရေးအခြေအနေနှင့် အစိုးရကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် လမ်းကြောင်းများ ပွင့်လင်းလာစေခဲ့ပါကြောင်း။
“သာယာဝပြောသောနီပေါနိုင်ငံ၊
ပျော်ရွှင်မှုများခံစားရသော နီပေါနိုင်ငံသားများ” ဆိုသည့် အမျိုးသားရေးမျှော်မှန်းချက်ကို
ပြည့်မီအောင် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ
အောင်မြင်မှုများ ရရှိလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဆင့်မှ
ဆောလျင်စွာ လွတ်မြောက်စေရန်၊ ၂၀၃၀ ပြည့်နှစ်တွင်
အလယ်အလတ်အဆင့် ဝင်ငွေရှိသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်
ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို ပြည့်မြောက်စေရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်
ရှိပါကြောင်း။
မိတ်ဆွေ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍစုံတွင်
သိသာထင်ရှားသည့် ရလဒ်ကောင်းများကို တွေ့မြင်ရသည့် အတွက်ကြောင့် အထူးဝမ်းမြောက်မိပါကြောင်း၊
မြန်မာအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ
နိုင်ငံအား သာယာဝပြောသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပြီး
ဆက်လက်၍ အောင်မြင်မှုများ ရရှိရန်လည်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။
လာမည့်ကာလများတွင် မိမိတို့ပြည်သူများ၏
အကျိုးစီးပွားကို ရှေးရှုလျက် မြန်မာနိုင်ငံ အစိုးရနှင့် ကဏ္ဍစုံတွင် နီးကပ်စွာ အတူတကွ
လက်တွဲဆောင်ရွက်သွားကြရန် မျှော်လင့်ထားပါကြောင်း၊ မိမိအနေနှင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊
ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမှ
နှစ်နိုင်ငံလုံးအတွက် ထူးခြားသည့် အောင်မြင်မှုများကို ရရှိခံစားနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊
အလားတူ ဒေသဆိုင်ရာမျက်နှာစာတွင် နှစ်နိုင်ငံအကြား ဘုံအကျိုးတူနယ်ပယ်များ၌ ပိုမိုလေးနက်စွာ
ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဘင်းမ်စတက်အဖွဲ့အစည်းသည် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရာ
လမ်းကြောင်း တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိရောက်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့်
ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး မျှော်မှန်း
ချက်များကို ဖော်ဆောင်ပေးသွားနိုင်မည်ဟု ယုံကြည်ထားပါကြောင်း။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊
စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးအတွက် မိမိတို့၏ ကြိုးပမ်း အားထုတ်မှုများတွင်
ဂေဟစနစ် မထိခိုက်စေရန် အရေးကြီးကြောင်းကို မိမိအနေဖြင့် အလေးထား ပြောကြားလိုပါကြောင်း၊
နီပေါနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ထူထပ်သည့် နိုင်ငံများဖြစ်ကြပါကြောင်း၊ မိမိတို့ကဲ့သို့
နိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို အချိုးအစားမမျှတစွာ ခံစားနေကြရပါကြောင်း၊
ထို့ကြောင့် ရာသီပြောင်းလဲမှုဆိုင်ရာ အကျိုး သက်ရောက်မှုများကို လျှော့ချရေးအတွက် နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်
ကတ္တမန္ဒူမြို့၌ကျင်းပမည့် ရာသီပြောင်းလဲမှု
ဆိုင်ရာဆွေးနွေးပွဲ (Sagarmatha Dialogue)သို့ မြန်မာ နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
တက်ရောက်ရန် မျှော်လင့်ပါကြောင်း။
ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးအတွက်
မြန်မာနိုင်ငံရောက် နီပေါနွယ်ဖွားများ၏ အထောက်အကူပြုမှု ကိုလည်း အသိအမှတ်ပြုပါကြောင်း၊
မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွားများအပေါ် အစဉ်တစိုက် ကူညီစောင့်ရှောက်မှုများအတွက်
လည်း မြန်မာအစိုးရကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း၊ အဆွေတော် နိုင်ငံတော်သမ္မတအား
ယခုခရီးစဉ်အတွင်း နွေးထွေးပျူငှာသော ဧည့်ဝတ်ကျေပွန်မှုနှင့် ပြီးပြည့်စုံသောအစီအမံများကို
စီစဉ်ဆောင်ရွက်ထားပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါကြောင်း၊
နီပေါအစိုးရနှင့် ပြည်သူများမှ မြန်မာ အစိုးရနှင့် ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး၊
သာယာဝပြောရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
နှင့်ဇနီး၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဂုဏ်ပြုညစာစားပွဲသို့
တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ
သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ရှိ
သဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက
ယဉ်ကျေးမှု ပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေသည်။
ယဉ်ကျေးမှုပဒေသာကပွဲအပြီးတွင် နီပေါဖက်ဒရယ်
ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ကြသည့်
အနုပညာရှင်များအား အမှတ်တရ ပန်းခြင်းပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထံ ခရီးစဉ်မှတ်တမ်း ဓာတ်ပုံ အယ်လ်ဘမ်ကို
ပေးအပ်သည်။
(သတင်းစဉ်)
No comments:
Post a Comment