နေပြည်တော်
အောက်တိုဘာ ၁၉
မြန်မာနိုင်ငံ၌
တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ
မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်
၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရပ်ကွက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ
တက္ကသိုလ်၌ ကျင်းပသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာအရှင်ဉာဏိဿရမှ နီပေါနိုင်ငံ လုမ္ဗိနီပြတိုက်၌ အပူဇော်ခံထားရှိမည့် မုဒြာမျိုးစုံဗုဒ္ဓရုပ်ပွားတော် အဆူ
၃၀ အား လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုသည်။
လှူဒါန်းပွဲတွင်
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိသရနှင့် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို တို့က နှုတ်ခွန်းဆက်စကား
ပြောကြားကြသည်။
ထို့နောက်
သီတဂူဆရာတော်က နီပေါနိုင်ငံသမ္မတထံ ဗုဒ္ဓရုပ်ပွားတော်များကို ပေးအပ်လှူဒါန်းပြီး နီပေါနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်
နီပေါနိုင်ငံသမ္မတနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက် လမ်းရှိ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြု ခဲ့သည့်
မော်တော်ယာဉ်၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများ အိပ်ခန်း၊ အထူး အစည်းအဝေးခန်း၊
ဘုရားခန်းနှင့်ဧည့်ခန်းတို့ကို ကြည့်ရှုလေ့လာရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်များ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က လိုက်လံရှင်းလင်း ပြသသည်။
မွန်းလွဲပိုင်းတွင်
နီပေါနိုင်ငံသမ္မတသည် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ မြန်မာ - နီပေါ နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းနှင့်
မြန်မာ-နီပေါ ချစ်ကြည်ရေးအသင်းတို့ စီစဉ်ကျင်းပသည့် မြန်မာ-နီပေါ နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု
အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင်
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန် ကြီး မစ္စတာ ပရာဒိပ် ကူမာ
ဂျန်ဝါရီ ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးသိပ္ပံ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးကျော်မြိုင်နှင့်
ဦးသန့်ပြတိုက်နှင့် ရန်ကုန်မြို့ပြ အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ
ဒေါက်တာသန်းမြင့်ဦးတို့က မြန်မာ-နီပေါ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏
မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။
နီပေါဖက်ဒရယ်
ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့်
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများနှင့်အတူ ညနေ
(၄)နာရီခွဲတွင် ရွှေတိဂုံစေတီတော်သို့ရောက်ရှိကြပြီး တောင်ဘက်မုခ် အင်္ဂါထောင့်ရှိ
မဟာဗောဓိပင်ကို ကြည့်ရှုကြကာ ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက်
နီပေါနိုင်ငံသမ္မတသည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား
ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှည့်ကျသဘာပတိ ဦးသန်းဇော်က ရွှေတိဂုံစေတီတော်ကြီး
သမိုင်းအကျဉ်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍
နီပေါနိုင်ငံသမ္မတအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်ပုံတူ ဓာတ်ပုံပန်းချီကားနှင့်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်း စာအုပ်တို့ကို ဓမ္မလက်ဆောင်အဖြစ် ပေးအပ်ပြီး ဧည့်သည်တော်အဖွဲ့သည်
စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
ယင်းနောက်
နီပေါ-မြန်မာချစ်ကြည်ရေး လုမ္ဗိနီဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်
ရင်ပြင် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ
လုမ္ဗိနီဆရာတော် ဘဒ္ဒန္တ မေတ္တေယျသကျ ပုတ္တ က အဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက်
ဓာတ်ပုံပြပွဲအား လုမ္ဗိနီဆရာတော်၊ နီပေါနိုင်ငံသမ္မတ၊ နီပေါနိုင်ငံခြားရေးဝန်ကြီး၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
နီပေါနိုင်ငံ သမ္မတသည် ဓာတ်ပုံပြပွဲကို ဆီမီးထွန်းညှိပေးပြီး ဓာတ်ပုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြည်ညိုသည်။
ညပိုင်းတွင်
နီပေါဖယ်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီဘန်ဒါရီသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ
Wyndham Grand Yangon Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ဧည့်ခံပွဲအခမ်းအနားသို့
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊
မြန်မာ နိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ
မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံ တို့၏ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ သီဆိုပြီး
အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက်
မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ် နှင့် နီပေါနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီ တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆက်လက်၍
မြန်မာ-နီပေါ နှစ်နိုင်ငံ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီး
ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အလားတူ နီပေါနိုင်ငံသမ္မတနှင့်အတူ လိုက်ပါလာသည့် နီပေါနိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး
မစ္စတာ ဘင်းကေအူးဒက်စ် နှင့်အတူ ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ
မဟာဝိဇယစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုရာ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်
တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
နီပေါနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးသည် စေတီတော်အား လှည့်လည်ဖူးမြော်ကြည် ညိုပြီး ၁၉၈၅ ခုနှစ်က နီပေါနိုင်ငံ
ဘုရင်မင်းမြတ်နှင့် မိဖုရားတို့က ဂန္ဓကုဋီတိုက်အတွင်း လှူဒါန်းထားသည့် ဗုဒ္ဓဝင်သစ်ထွင်း
ပန်းချီကား (၁၆) ကားကို ကြည့်ရှုလေ့လာကာ စေတီတော်အတွက် အမေရိကန်ဒေါ်လာ ၂၁၀၀ ကို ပေးအပ်လှူဒါန်းသည်။
(သတင်းစဉ်)
No comments:
Post a Comment