ရန်ကုန် စက်တင်ဘာ ၁၀
နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့) တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ “
ဒီကနေ့ အစည်းအဝေးကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ အစည်းအဝေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကနေ့ အစည်းအဝေးမှာတော့
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရရဲ့
အဆိုပြုချက်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ရဲ့
သဘောထားတွေကို အပြုသဘော ပြန်လည်အဆိုပြုကြဖို့၊ ဆွေးနွေးကြ ဖို့ဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာမှုအတွက် NCA အခန်း (၃) နဲ့ အခန်း (၄)
ထဲက အချို့အစိတ်အပိုင်းတွေ အကောင် အထည် မဖော်နိုင်ခဲ့တာတွေကို
ပြန်လည်စိစစ်ပြီး အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့
နိုင်ငံတော်အစိုးရဘက်က ကမ်းလှမ်းထားပါတယ်။ ၂၀၂၀ မတိုင်မီနဲ့ ၂၀၂၀
အလွန်ကာလတွေမှာ ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်မလဲ၊ အဆင့်လိုက် လုပ်ငန်းစဉ်
တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှာ
ဖက်ဒရယ်အခြေခံမူတွေ ရရှိနိုင်ရေး၊ ဒါတွေကို နှစ်ဖက်ခေါင်းဆောင်တွေအကြားမှာ
သဘောတူညီချက်တွေ ရယူနိုင်ကြဖို့၊ တိုင်းရင်းသား နယ်မြေဒေသက ပြည်သူတွေ
ငြိမ်းချမ်းရေး ရလဒ်တွေ ရရှိခံစားနိုင်ရေး စီမံကိန်းတွေ
ချမှတ်ဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ကမ်းလှမ်း ထားပါတယ်။
ကမ်းလှမ်းထားတဲ့ လုပ်ငန်းစဉ်တွေ တစ်ချိန်တည်း တစ်ပြိုင်တည်း
ဆောင်ရွက်သွားနိုင်ဖို့အတွက် အဓိက ကတော့ ကာလအတန်ကြာ ဆိုင်းငံ့နေတဲ့
ဆွေးနွေးပွဲတွေကို တရားဝင်ဆွေးနွေးပွဲတွေအဖြစ် ပြန်လည်စတင်နိုင်ဖို့ပဲ
ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ
ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေပြုပြီး
ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ NCA ဟာ အစိုးရ တစ်ဘက်တည်း မဟုတ်ဘဲ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နှစ်ဘက်ပူးတွဲပိုင်ဆိုင်တဲ့
လုပ်ငန်းစဉ် ဖြစ်ပါတယ်။ NCA ကို အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့
အခက်အခဲတွေ၊ မပြေလည်မှုတွေကိုလည်း နှစ်ဘက်ပူးတွဲပြီး ဖြေရှင်းနိုင်ဖို့
နည်းလမ်းတွေ ရှာကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့
နိုင်ငံရေးအပိုင်းနဲ့ အပစ်အခတ်ရပ်စဲရေးအပိုင်းကို NCA အရ ပေါ်ထွက်လာတဲ့
ယန္တရားတွေကနေ နှစ်ဘက်ညှိနှိုင်း ဖော်ဆောင်ကြဖို့ ဆောင်ရွက်ကြရာမှာ
အားလုံးရဲ့ မျှော်မှန်းချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့
ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက် နိုင်ဖို့ပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဘက်ညှိနှိုင်း ဖော်ဆောင်ကြရတာ ဖြစ်တဲ့အတွက်
လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ လက်တွေ့
ကျင့်သုံး ဖော်ဆောင်ကြရာမှာ ပြုပြင်သင့် တာတွေ ပြုပြင်ပြီး
ပိုမိုကောင်းမွန်အောင်၊ ကျွန်တော်တို့ လုပ်ငန်းစဉ်ကို ရောက်ရှိအောင်
ရှေ့ဆက်ကြိုးပမ်းကြရမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ
နိုင်ငံရေးရည်မှန်းချက်တွေ မတူညီကြလို့ လက်နက်ကိုင်ပဋိပက္ခ ကာလကြာရှည်
ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံးဟာ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုဆိုတဲ့ ပန်းတိုင် ဖြစ်လာခဲ့ပါပြီ။ သွားရမယ့် NCA
လမ်းကြောင်းကနေတစ်ဆင့် ရှေ့ဆက် လျှောက်လှမ်းကြဖို့၊ အားလုံးမျှော်လင့်ကြတဲ့
ပန်းတိုင်ကို ရောက်ရှိဖို့ နည်းနာ နိဿယတွေ၊ လုပ်ငန်းစဉ်တွေကို အကြေအလည်
ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်။ NCA ယန္တရားတွေနဲ့ ပတ်သက်လို့ ပိုမို ကောင်း
မွန်အောင် ပြုပြင်ပြောင်းလဲဖို့ နည်းပညာအရ လိုအပ်ချက်တွေရှိရင်
ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ညှိနှိုင်းဆွေးနွေးကြပြီး
ဆောင်ရွက်လို့ ရပါတယ်။ တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ
ဆက်လက်ဆောင်ရွက်နိုင်ကြဖို့ အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)
ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးကို ဉီးတည်တဲ့ လုပ်ငန်းစဉ်တွေလည်း
ညှိနှိုင်းချမှတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
လာမယ့် (၂၁) ရာစု
ပင်လုံညီလာခံမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ
နိုင်ငံရေး သဘော တူညီချက်တွေ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး
ခိုင်မာမှုဆိုင်ရာ သဘောတူညီချက်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ
သဘောတူညီချက်တွေ၊ ၂၀၂၀ အလွန်ကာလမှာ ဆက်လက်ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို
အတည်ပြုနိုင်ဖို့ ကျွန်တော်တို့အားလုံးအတွက် အရေးကြီးပါတယ်”
ဟုပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ငြိမ်းချမ်းရေးကော်မရှင်
ကိုယ်စားလှယ်အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ် များနှင့် ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့တွင် တွေ့ဆုံကာ နိုင်ငံတော်အစိုးရက အဆိုပြုထားသည့်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၄) ရပ်နှင့် ပတ်သက်၍ ရှင်းလင်းမှုများ
ပြုလုပ်ခဲ့သည်။ ယနေ့ ညှိနှိုင်းအစည်းအဝေးသည် အစိုးရ၏
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေးဆိုင်ရာ အဆိုပြုချက် (၄)
ရပ်နှင့် NCA-S EAO ၏ NCA အကောင်အထည် ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်
အဆိုပြုချက်များ စသည့် နှစ်ဖက် အဆိုပြုချက်များ ပြန်လည်
ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ NCA-S EAO
ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစိုင်ငင်းက “ ဒီဆွေးနွေးပွဲမှာ
ရေရှည်ခိုင်မြဲတဲ့ ငြိမ်ချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး၊ ၂၀၂၀
နှစ်ဦးမှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ၂၀၂ဝ အလွန်
နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆင့်လိုက် ဆောင်ရွက်ရမယ့် အစီအစဉ်များ
ချမှတ်နိုင်ရေးတို့ကို ဦးတည်ပြီး အစိုးရက အဆိုပြုထားတဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လမ်းစဉ် (၄) ရပ်နဲ့
ကျွန်တော်တို့ NCA-S EAO က အချိန်ယူပြင်ဆင် ပြုစုထားတဲ့ NCA သဘောတူစာချုပ်
အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ပါ အချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့
အကျေအလည် ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက်
တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေး
အခင်းအကျင်းကိုပဲ ထည့်သွင်းဆွေးနွေးဖို့ လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ
ငြိမ်းချမ်းရေး လုပ်ငန်းအတွက် အရေးပါတဲ့ အလှည့်အပြောင်း
အချိုးအကွေ့ဖြစ်လို့ အားလုံးအတွက် လက်ခံနိုင်တဲ့၊ မျှမျှတတဖြစ်စေတဲ့
အဖြေဖြစ်စေတဲ့ ရလဒ်ကောင်းတွေရဖို့ ကျွန်တော်တို့ ဆွေးနွေးဖော်
ဆွေးနွေးဖက်တွေ အနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။
ဆွေးနွေးတဲ့နေရာမှာ တစ်ဖက်က တစ်ဖက်ကို အသာစီးရလိုမှု၊ အမြတ်ရလိုမှု ၊
အနိုင်ရလိုမှုတွေကို ရှေ့တန်းမတင်ဘဲ ပြည်သူလူထု တစ်ရပ်လုံးကောင်းကျိုးအတွက်
NCA ပူးတွဲပိုင်ရှင် တွေဖြစ်ကြတဲ့ ကျွန်တော်တို့တတွေဟာ လုပ်ဖော်ကိုင်ဖက်
အဖြစ်ရော၊ တလှေတည်းစီး တခရီးတည်းသွား အဖြစ်နဲ့ပါ တွေ့ကြုံရင်ဆိုင် နေရတဲ့
အခက်အခဲတွေကို ဝိုင်းဝန်းပူးတွဲ နည်းလမ်းရှာ၊ အဖြေရှာမှသာ
အခက်အခဲပြဿနာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ဟာ
NCA စာချုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့
လက်မှတ်ရေးထိုးခြင်းဖြစ်သည့် အလျောက် NCA မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း
မပျက်မကွက် လိုက်နာဆောင်ရွက်မှာ ဖြစ်ပါတယ်။ NCA သဘောတူ စာချုပ်ပါ
အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ
ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန်
သံန္နိဋ္ဌာန်ပြုကြသည်”လို့ NCA နိဒါန်းမှာ အတိအလင်းဖော်ပြ ထားတဲ့အတိုင်းပဲ
ကျနော်တို့ NCA-S EAO တွေက မယိုင်မလဲ ရပ်တည်နေပါတယ်” ဟု အဖွင့်အမှာစကားတွင်
ပြောကြားခဲ့သည်။
ယနေ့ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)
ကိုယ်စားလှယ် များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်
ဦးထွန်းထွန်းဦး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန
အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး
မင်းနောင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
ခင်ဇော်ဦး(အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ
ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်ချုပ်နေလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးပြုံးချို၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် များဖြစ်ကြသည့်
ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။
NCA-S-EAO
ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များအဖြစ် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်
ဦးစိုင်းငင်း၊ ဦးမျိုးဝင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊
ဒေါ်စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်အောင်မငေး၊ စောစိန်ဝင်း၊
ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ ဆော်လမွန်နှင့် အပစ်အခတ် ရပ်စဲမှု
ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေ၊
စိုင်းလျန်း၊ စောတာမလာသော၊ ဆောင်းဟန် နှင့် ဆော်လမွန် တို့
တက်ရောက်ခဲ့ကြသည်။
နှစ်ဖက်ညှိနှိုင်း အစည်းအဝေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေက “ကျွန်တော်တို့
နှစ်ရက်ကျင်းပဖို့ရာထားပေမဲ့ ကြိုတင်ပြင်ဆင်မှုကောင်းခဲ့လို့ ဒီလို
အချိန်တိုအတွင်မှာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အစိုးရဘက်က အကြောင်းအရာကို
ကြိုပြီးပို့ထားသလို ကျွန်တော်တို့ဘက်က ရှေ့ဆက် NCA ကို အကောင်အထည် ဖော်တဲ့
နေရာမှာ ဘာတွေပါသင့်ပြီး ဘာတွေကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့
အချက်တွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပြီးတော့ အစိုးရဘက်က နေပြီးတော့
ရှေ့အနာဂတ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့
ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြမလဲ၊ ထိုနည်းတူပဲ
လာမဲ့ အနာဂတ် ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့
အောင်အောင်မြင်မြင် ဖြစ်နိုင်ဖို့အတွက် ဘာတွေကိုပြင်ဆင် ထားသင့် သလဲဆိုတဲ့
အချက်တွေက နားမလည်ခဲ့တာတွေကို အပြန်အလှန်မေးခွန်းမေးပြီးမှ
ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးချက်တွေ အားလုံးကို ကျွန်တော်တို့က
ကိုယ်စားဖြစ်တဲ့အတွက် ကိုယ်စားလှယ် အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် သက်ဆိုင်ရာ
အဖွဲ့အစည်းကို တင်ပြမှာဖြစ် တယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ယနေ့ညှိနှိုင်း အစည်းအဝေးသည် မူလက စက်တင်ဘာ ၁၁ ရက်နေ့အထိ နှစ်ရက်တာ
ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကြိုတင်ပြင်ဆင်မှု များကြောင့်
အချိန်တိုအတွင်း ပြီးဆုံးခဲ့သည်ဟု ပဒိုစောဆဲဂေ၏ ပြောကြားချက်အရ သိရသည်။
တရားဝင် အစည်းအဝေးတွေ ဆက်လက်သွားနိုင်ဖို့
`ယနေ့အစည်းအဝေးနှင့် ပတ်သက်၍ NRPC ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက
“ဒီနေ့ကျွန်တော်တို့ အစိုးရဘက်က နေပြီးတော့ တရားဝင်အစည်းအဝေးတွေ
ပြန်လည်ဆောင်ရွက်နိုင်ဖို့ Timeline (အချိန်ဇယား) ၊ နောင်အကောင်အထည်ဖော်
ဆောင်ရွက်မဲ့ အဆင့်လိုက် လုပ်ငန်းစဉ်တွေ၊
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးတည်ပြီး ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်းသုံးမှာ ပါဝင်သင့်တဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ဘက်က
ဆွေးနွေးတင်ပြခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်
ကိုယ်စားလှယ်ခေါင်းဆောင်များလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု မူဘောင်မှာ ထည့်သွင်းသင့်တဲ့
အချက်တွေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ
တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေအတွက်
တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ပူးတွဲအကောင်အထည် ဖော်မှုဆိုင်ရာ
ညှိနှိုင်းအစည်းအဝေး (JICM) ကို မူပိုင်ဆိုင်ရာ တင်ပြအတည်ပြုချက်ရရှိရေး၊
JICM မတင်ခင်မှာ နှစ်ဖက်က ညှိနှိုင်းအစည်းအဝေးတွေ ပြုလုပ်ပြီး
တရားဝင်အစည်းအဝေးတွေ ဆက်လက်သွားနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာရှိပါတယ်” ဟု
နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်
နိုင်အောင်မငေးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍
ယနေ့ကျင်းပသည့်ဆွေးနွေးပွဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏
မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
ယနေ့အစည်းအဝေး ရလဒ်နှင့်ပတ်သက်၍ ရှင်းလင်း ရာတွင် “ဒီကနေ့
ညှိနှိုင်းအစည်းအဝေး အစိုးရနဲ့ NCA လက်မှတ်ထိုးထား တဲ့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့က
ကိုယ်စားလှယ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါ အဓိကအားဖြင့်
NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ NCA
အကောင်အထည်ဖော်မှုဟာ နှစ်ဖက်ဘုံပိုင်ဆိုင်မှု ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်
တာဝန်ခံမှု တာဝန်ယူမှုနဲ့ အကောင်အထည်ဖော်မှုမှာ ဘယ်လိုသွားမလဲဆိုတာ
နံပါတ်တစ် အနေနဲ့ ဆွေးနွေးပါတယ်။ ဒုတိယအချက်ကတော့ ဖက်ဒရယ်မူဘောင်ပေါ့။ ၂၀၂၀
မတိုင်ခင်မှာ ကျွန်တော်တို့အနာဂတ် ဒီမိုကရေစီနဲ့ အနာဂတ်
ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘယ်လိုပုံစံနဲ့ သွားမလဲ၊
မူဘောင်ဆိုင်ရာ သဘောတူညီချက်တွေ ဘယ်လို ရှာဖွေမလဲ ဆိုတာ ကျွန်တော်တို့
ဆွေးနွေးပါတယ်။ တတိယအချက်က ၂၀၂၀ မတိုင်ခင်မှာ ငြိမ်းချမ်းရေးညီလာခံမှာ
ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူ ဘယ်လောက်အထိ ယူမလဲ၊ ပြီးရင် ၂၀၂၀ အလွန်မှာ
ဆက်ပြီးသွားမဲ့ လုပ်ငန်းစဉ်တွေ အဆင့်လိုက် ဘယ်လိုသွားမလဲ ဒါတွေ
ကျွန်တော်တို့ ဆွေးနွေးပါတယ်။
ဒါတွေအားလုံးကိုခြုံငုံပြီး
ကျွန်တော်တို့အစိုးရဘက်က ဒီရည်မှန်းချက် တွေ ကျွန်တော်တို့ဆွေးနွေးထားတဲ့
ဖက်ဒရယ် အမြင်ရယ်၊ နိုင်ငံရေး သဘောတူညီချက်တွေ ပါမယ်။ ပြီးရင်
ကျွန်တော်တို့ ပြီးခဲ့တဲ့ ညီလာခံ တွေမှာ ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) မှာ ဖက်ဒရယ်အခြေခံမှု (၅၁)
ချက်ရှိတယ်။ အဲ့ဒီ (၅၁) ချက်နဲ့ အခုလာမဲ့ ညီလာခံမှာ ရယူမဲ့
ဖက်ဒရယ်အခြေခံမူတွေ ပေါင်းစပ်ပြီး ဖက်ဒရယ်ပုံစံ တစ်ခုအနေနဲ့ ကျွန်တော်တို့
ထုတ်ဖို့ ရှိတယ်။ အဲ့ဒီပုံစံကို ကျွန်တော်တို့ အပိုင်း (၂) နဲ့
အဆိုပြုပါတယ်။ အပိုင်း (၃) ၂၀၂၀ အလွန် မှာ အကောင်အထည်ဖော်မဲ့ ကျွန်တော်တို့
အဆင့်လိုက် လုပ်ငန်းစဉ်တွေ၊ ဒီအဆင့်လိုက် လုပ်ငန်းစဉ်တွေပေါ်မှာ
ဘယ်လိုမျိုး အကောင်အထည်ဖော်မှုတွေ သွားမလဲ။ လက်တွေ့အကောင်အထည် ဖော်မှုနဲ့
အဆင့်လိုက်သွားမဲ့စနစ် (Process နဲ့ implementation) သွားမလဲ ဆိုပြီး ဒါကို
blueprint (အသေးစိတ်ပုံစံမျိုး) အဆိုပြုပါတယ်။
လာမဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျရင် ကျွန်တော်တို့ အစိုးရ အနေနဲ့
ချုပ်ဆိုချင်တဲ့ အစိတ်အပိုင်း (၃) က ဒါတွေအားလုံးကို ခြုံငုံတဲ့
အရာမျိုးဖြစ်မယ်ဆိုတာ အဆိုပါတယ်။ အခုလက်ရှိ NLD အစိုးရ သက်တမ်းမှာ
နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ခဲ့ပြီ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ
(၂၁) ရာစုပင်လုံ အစည်းအဝေးတွေ သုံးကြိမ်အထိ ကျင်းပ ခဲ့တယ်။ အဲ့ဒီမှာ
နိုင်ငံရေးသဘောတူညီချက် အခြေခံမူ (၅၁) ချက်ရထားပြီးပြီ။ နောက်လာမဲ့ ၂၀၂၀
ကာလအတွက် နိုင်ငံရေး သဘောတူညီမှုတွေ ဘယ်လိုဆက်သွားမလဲဆိုတာ
ပြန်ခြုံ့လိုက်တာပေါ့။ ဒါကြောင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း
(၃) ဒီအစိုးရသက်တမ်း (၅) နှစ်မှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးသဘောတူညီမှု
အားလုံးပါဝင်ရမယ်။ နောက်လာမဲ့ ၂၀၂၀ အလွန်ကာလအတွက် အဆင့်တွေပါဝင်ရမယ်။
ပြီးရင် ဘယ်လို ဖက်ဒရယ်မျိုးလည်းဆိုတဲ့ ခေါင်းဆောင်တွေကြားက သဘောတူညီချက်
ဖက်ဒရယ်အမြင်၊ ဖက်ဒရယ်မူပါတဲ့ Union accord-3 (ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း-၃) ကို အဆိုပြုပါတယ်။
လုပ်ငန်းစဉ်လေးရပ်ရှိ
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း - ၃ ရဖို့ဘယ်လိုလုပ်မလဲ။ ဒါကိုလည်း
ကျွန်တော်တို့ အစိုးရဘက်က အဆိုပြုထားတဲ့ လုပ်ငန်းစဉ် လေးရပ်ရှိပါတယ်။
ဒီလေးရပ်ပေါ် အရင်ရက်က KNU နဲ့ ဆွေးနွေးတယ်။ ဒီနေ့ EAOs (၁၀) ဖွဲ့နဲ့
ဆွေးနွေးတယ်။ ရလာတဲ့ ဘုံတူချက်တွေရှိတယ်။ ဒါကို ဘယ်လမ်းကြောင်းက
သွားမလဲဆိုတော့ NCA လမ်းကြောင်းကနေ သွားမယ်ဆိုတဲ့ Timeline အဆိုပြုချက်ကို
ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေရဲ့
ကိုယ်စားလှယ်တွေကို ပေးလိုက်ပါတယ်။ ဒါကို EAOs တွေက
ပြန်ပြီးတော့ယူဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
NCA-S EAO
ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် နိုင်အောင်မငေးက
ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ “ကျွန်တော်တို့ အစိုးရကိုယ်စားလှယ်နဲ့
ကျွန်တော်တို့ ညှိနှိုင်းရေးအဖွဲ့ တွေ့ကြတဲ့အခါ အစိုးရ အဆိုပြုလိုက်တဲ့
အဆိုပြုချက်တွေ ကျွန်တော်တို့ ယူသွားပါမယ်။ ကျွန်တော်တို့ ပြုစု၊
ညှိနှိုင်းထားတဲ့ အဆိုပြုချက်ကိုလည်း အစိုးရ ကိုယ်စားလှယ်တွေဆီ
ပေးအပ်ပြီးတော့ နှစ်ဖက်ခေါင်းဆောင်တွေကို တင်ပြပါမယ်။ ဒီမှာတူညီတဲ့
အချက်တွေ အများကြီး ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ လာမယ့် NCA
လေးနှစ်ပြည့် အခမ်းအနားမှာလည်း ကျွန်တော်တို့ အချင်းချင်းတွေ့ပြီး
ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ကြမယ်။ လာမယ့် ၂၀၂၀ နှစ်ဦးပိုင်းမှာ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC) တစ်ကြိမ် ကျင်းပပေးဖို့
ကျွန်တော်တို့မှာ ဆန္ဒရှိတယ်။ ကျင်းပဖို့အတွက် ခုနက ကျွန်တော်တို့
အဆိုပြုထားတဲ့ သဘောတူညီချက်ပေါ်မှာ မူတည် ပါမယ်။ အဲ့ဒီမှာ
ကျွန်တော်တို့အားလုံး နှစ်ဖက်တူညီတဲ့ သဘောတူညီချက် ဖြစ်လာနိုင်ရင်တော့ UPC
ကို အောင်အောင် မြင်မြင် ကျင်းပသွားမယ်။ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” ဟု
မီဒီယာများအား ဖြေကြားခဲ့သည်။
သတင်း − ရဲခေါင်ညွန့်၊
ဓာတ်ပုံ − ဖိုးထောင်
ဓာတ်ပုံ − ဖိုးထောင်

No comments:
Post a Comment