Tuesday, September 10, 2019

Myanmar Global Investment Forum ကျင်းပ


နေပြည်တော် စက်တင်ဘာ ၁၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင် အခြေစိုက် Euro money Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ အရာရှိကြီးများ၊ Euro money Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။
ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Euro money Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာနဆိုင်ရာများမှ အရာရှိကြီးများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ တက်ရောက်၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံ၏ အလားအလာများ၊ ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍနှင့် အာမခံလုပ်ငန်း ဈေးကွက်များ ဖြေလျော့ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် on-stage interview နှင့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက်ဆွေးနွေးရာ လက်လီ ရောင်းဝယ်ရေး ကဏ္ဍနှင့် စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ယာဖွံ့ဖြိုးရေး လုပ်ငန်းများကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ICT- Digital Transformation ၊ အခြေခံ အဆောက်အအုံ၊ စွမ်းအင်၊ Debt and Equity Market နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဖိုရမ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြခန်းများ လာရောက်ပြသခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဒေသထွက်ကုန်များ ပါဝင်သဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ဒုတိယနေ့ အစီအစဉ်များကို စက်တင်ဘာ ၁၁ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment