နေပြည်တော် စက်တင်ဘာ ၁၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ
ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်အတွင်း အခြေခံလိုအပ် ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို အဆောလျှင်ဆုံး
အပြည့်အဝရရှိ နိုင်ရေးအတွက် စီမံဆောင်ရွက်မှု အခြေအနေ (ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး
Master Plan) ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရခိုင်ပြည်နယ်သည် ၂၀၁၄ ခုနှစ်မှ စတင်၍ မဟာဓာတ်အားလိုင်းစနစ်မှ
လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လစာရင်း များအရ မဟာဓာတ်အားလိုင်းစနစ်မှ ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး
ပေးထားသည်မှာမြို့များ အနေဖြင့် ၂၆ မြို့ရှိရာ တွင် ၂၂ မြို့ ကိုလျှပ်စစ်ဓာတ်အား ပေးထားနိုင်ပါကြောင်း၊
ဝန်ကြီးဌာန အနေဖြင့် ရခိုင် ပြည်နယ်အတွင်း ကျန်ရှိနေသည့် မြို့များ၊ ကျေးရွာများကို
ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅
- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံလိုအပ်ချက်ဖြစ်သည့် ၆၆ကေဗွီနှင့် ၃၃ကေဗွီဓာတ်အား ခွဲရုံများနှင့်
ဓာတ်အားလိုင်းများကို တိုးချဲ့တည်ဆောက်သွားရန် စီမံလျာထားပါကြောင်း။
ထို့ပြင် ၆၆ကေဗွီနှင့် ၃၃ကေဗွီ ခွဲရုံများ
တည်ဆောက်နိုင်သည်နှင့်အမျှ ဆက်လက်တည်ဆောက်ဓာတ် အားဖြန့်ဖြူးရန် လိုအပ်သည့် ၁၁ကေဗွီဓာတ်အားလိုင်းများနှင့်
၁၁/ဝဒသမ၄ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို World Bank ချေးငွေဖြင့်
National Electrification Project အစီအစဉ်
အောက်မှလည်းကောင်း၊ ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် နှစ်စဉ်လျာထား၍လည်းကောင်း ဆောင်ရွက်သွားမည်
ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်
ဓာတ်အားရရှိ ရန်အတွက်ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ရခိုင်ပြည်နယ်ကိုလည်း၎င်းကာလတွင်
လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ
ဦးကျော်သောင်း၏ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းအတွင်း
ဆောက်လုပ် လျက်ရှိသော ကျောင်းဆောင်အား မည်သည့်အချိန်တွင် ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို
သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းက
လွှတ်တော်ကိုယ်စားလှယ် တင်ပြသကဲ့သို့ ဆောက်လုပ်ဆဲကျောင်း ဆောင်မှာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ကျောင်းဆောင်ဖြစ်ပြီး
လမ်းတံတားဦးစီးဌာနမှ တာဝန် ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းသည်မူလက
ပေ(၁၂၀×၃၀) သွပ်မိုးအုတ်ညှပ်တစ်ဆောင် ဆောက်လုပ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ရေဝင်ဒေသဖြစ်
သည့်အတွက် Plinth Level (၆) ပေတိုးမြှင့်ပြီး RC စနစ်ဖြင့် တည်ဆောက်ခဲ့သည့်အတွက် ရန်ပုံငွေ
ရရှိမှုအရ ပြီးစီးအောင် ဆောင်ရွက်နိုင် ခြင်း မရှိပါကြောင်း။
အဆိုပါ ရန်ပုံငွေ မလောက်သည့်ကိစ္စကို
ဆက်လက်ဆောင်ရွက်ရာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေ ထပ်မံတင်ပြခဲ့ရာ
ကျောင်းဆောင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ် ၄၃ ဒသမ ၆၆၃ သန်းဖြင့်ဆောက်လုပ်ဆဲ
ကုမ္ပဏီမှဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဘဏ္ဍာ ငွေစီစဉ်ပြီး ဆောက်လုပ်ရေးလည်း
ဆက်လက်ဆောင်ရွက်နေသည့်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လွှဲပြောင်းအပ်နှံရန်
အစီအစဉ် ရှိသည်ဟု သိရှိရပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ
ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံရေကျော် ကျေးရွာအုပ်စု၊
ရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/ကျောင်း
သူများအား အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ စာစစ်ဌာနသို့ ပြောင်းရွှေ့ဖြေဆိုခွင့်ပြုရန်
ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က
ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်
ဝင်တန်းစာမေးပွဲ ဖြေဆိုရာတွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း အခြေခံပညာအထက်တန်းကျောင်း
စာစစ်ဌာန တွင် ဖြေဆို၍ရပါကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲ လျှောက်ထားရာတွင် မိမိဖြေဆိုလိုသည့်
စာစစ်ဌာနကို ပြည့်စုံစွာ ထည့်သွင်းလျှောက်ထားရန်လိုအပ်ပါကြောင်းနှင့် လျှောက်ထားလာသည်နှင့်အမျှ
အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ဝင်ဆံ့အင်အားရှိသလောက်
လက်ခံဆောင်ရွက် ပေးမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ
စောယှားဖောင်အွာ၏ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် (ကော့ကရိတ် - အစွန်း - ကြိတ် - ကျိုက်ဒုံ)
လမ်းပေါ်ရှိ အစွန်းချောင်း၊ မိဖလိုင်းချောင်း၊ လမ်းဖားချောင်း၊ ကြိတ်ချောင်းများကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တံတားများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍
ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်
တံတား(၄)စင်းကို နှစ်လမ်းသွား သံကူကွန်ကရစ်တံတားများအဖြစ် တည်ဆောက်နိုင်ရန်အတွက် ပဏာမ ကြိုတင်ဖြစ်နိုင်စွမ်း
လေ့လာဆန်းစစ်မှုကို ပြုလုပ် ခဲ့ပါကြောင်း၊ ထိုသို့လေ့လာဆန်းစစ်မှုအရ မိဖလိုင်းချောင်း
တံတား အရှည်ပေ (၃၀၀)၊ အစွန်းချောင်းတံတား အရှည်ပေ (၁၂၀)၊ လမ်းဖားချောင်းတံတား အရှည်
ပေ(၂၀၀)နှင့် ကြိတ်ချောင်းတံတား အရှည်ပေ (၉၀၀) တို့ကို သံကူကွန်ကရစ်တံတားများ တည်ဆောက်
နိုင်ရေးအတွက် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာနှစ် ရန်ပုံငွေတွင် လျာထား တင်ပြ တောင်းခံခဲ့သော်လည်း
ရန်ပုံငွေခွဲဝေရရှိမှုအရ ပါဝင်ခဲ့ခြင်း မရှိသည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင်
ထပ်မံ၍ လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိပါက အကောင်အထည်ဖော်
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဆူရ်ငင်းကျေးရွာအုပ်စု၊ သဘောင်ချောင်း၌
အသေးစားရေအား လျှပ်စစ်ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ကူညီပေးရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က
လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်
မြို့နယ် ကျေးရွာ (၁၂) ရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များတွင် အထက် တန်းပြ
ဆရာ/ဆရာမများ အချိန်မီခန့်ထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ
ဦးလှဦး၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ မင်းခေါင်-
ငမြှောင်တောင်လမ်းအား ကတ္တရာလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို
သိရှိလိုခြင်းမေးခွန်း၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုး၏
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်း လက်ပံချောင်း ကျေးရွာ ချောင်းကူးတံတားအား
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို ခြင်းမေးခွန်းနှင့်
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ
တရနာ-ဘုရားကုန်းလမ်း (၃၉)မိုင်(၇)ဖာလုံ(၉၀)ပေ လမ်းပိုင်းအား လိုအပ် နေသောနေရာတွင်
(၁၈) ပေ အကျယ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍
ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြား
ခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်
ဦးသိန်းလွင်က ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေ ကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက်
လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အဖွဲ့ဝင် ဦးမင်းဆွေ က အဆိုပါ ဥပဒေကြမ်းအား ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ် က ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက
အဆိုကို အတည်ပြုရန် လွှတ်တော် ၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ရွေး
ကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့် အတိုင်း အတည်ဖြစ်ကြောင်း
ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်
ဒေါက်တာမျိုးအောင် က အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့်
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုပါဥပဒေကြမ်းအား တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးမင်းဆွေက အဆိုပါဥပဒေကြမ်း အား ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်
က ထောက်ခံ သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုကို အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသားလွှတ်
တော်ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း သည် ပြင်ဆင် ထားသည့်အတိုင်းအတည်ဖြစ်ကြောင်း
ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်
ဦးလားလ်မင်းထန် က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို
ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဥပဒေကြမ်းကော်မတီ၏ အစီရင် ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုပါဥပဒေကြမ်းအား တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးမင်းဆွေက အဆိုပါဥပဒေကြမ်းအား ပြင်ဆင်ထား သည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ် ကထောက်ခံသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုကို အတည်ပြုရန် လွှတ်တော် ၏အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် တိုင်းဒေသကြီး
လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း
ကြေညာသည်။
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၃)
ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ ဟန်လင်းနိုင်
No comments:
Post a Comment