Wednesday, September 18, 2019

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး စတင်ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၇
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ခြောက်ခုကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
▲ စက်မှုဇုန်များမှ ကုန်စည်များ ဖြန့်ဖြူးပေးလျက်ရှိ ▲
လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ ကုန်စည်ပို့ဆောင်သယ်ယူရေးအတွက် လွယ်ကူစိတ်ချ လုံခြုံ မြန်ဆန်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာရန် ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းစနစ်တစ်ခုကို အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်မြို့တော်ကြီး သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး ဒေသအားလုံး၏ ကုန်စည်စီးဆင်းရာ အချက်အချာနေရာလည်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကိုလာသည့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း တို့မှ ရောက်ရှိလာသော ကုန်စည်များကို ရန်ကုန်မြို့မှနေ၍ နည်းမျိုးစုံဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းနှင့် ကုန်တင်ယာဉ်များဖြင့် ကုန်စည်များကို ပို့ဆောင်ပေးလျက် ရှိသည့်အပြင် အမြန်ချောပို့ လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာ့ မီးရထားပိုင် ကုန်လှောင်ရုံများဖြင့် ကုန်စည်များကို သိုလှောင်ပြီး နိုင်ငံတော်ပိုင်မီးရထားဖြင့် သယ်ယူပို့ ဆောင်စေခြင်း၊ ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ဝါးတန်း၊ ဗားကရာ စသည့် ဆိပ်ကမ်းငယ်များမှ ကုန်လှောင်ရုံများမှတစ်ဆင့် ဖြန့်ဖြူးစေခြင်း နှင့် နိုင်ငံပိုင်ရေယာဉ်၊ ပုဂ္ဂလိကပိုင် ရေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် အဝေးပြေး ကုန်စည် ပို့ဆောင်ရေးဂိတ်များရှိ ကုန်လှောင်ရုံများတွင် ကုန်စည်များကို သိုလှောင်၍ ၁၂ ဘီး၊ ၁၀ ဘီး၊ ခြောက်ဘီး စသည့်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်စေခြင်း၊ နိုင်ငံတကာမှ ပင်လယ်ရေကြောင်း ကုန်သွယ်စနစ်ဖြင့် ဝင်ရောက်လာ သည့် ကုန်စည်များကို ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်းများ နှင့် ပုဂ္ဂလိက ဆိပ်ကမ်းများရှိ ကုန်လှောင်ရုံများတွင် ကုန်စည်များကို သိုလှောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို သယ်ယူပို့ဆောင်စေခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ စသည့် စက်မှု ဇုန်များမှ ကုန်စည်များကိုလည်း ဖြန့်ဖြူးဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
▲ အဆင့်မြင့်သန့်စင်ခန်းများ ဆောင်ရွက်ပေးရန်ရှိ ▲
လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး က လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ အသုံးပြုနေသော သန့်စင်ခန်းများအား ကျန်းမာရေးနှင့် ညီညွတ်သော အဆင့်မြင့်သန့်စင်ခန်းများအဖြစ် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ အသုံးပြုနေသော သန့်စင်ခန်း များအား ကျန်းမာရေးနှင့် ညီညွတ်သော အဆင့်မြင့်သန့်စင်ခန်းများအဖြစ် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း၊ လှိုင် တက္ကသိုလ်နယ်မြေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ရှိသည့် စာသင်ဆောင်(၁၆)နှင့် (၁၇)တို့ အနီးတွင် ကျား/မ သန့်စင်ခန်း နှစ်လုံးစီ စုစုပေါင်းလေးလုံးကို ၂၀၁၇-၂၀၁၈ ဘတ်ဂျက်ကာလအတွင်း အသစ်တည်ဆောက်ပေး ခဲ့ကြောင်း၊ ထို့အတူ ကျောင်းသား ကျောင်းသူများ၏ သုံးထပ်စာသင် ဆောင်(၂)နှင့် (၃)တို့ရှိ သန့်စင်ခန်းများကိုလည်း ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလအတွင်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ သန့်စင်ခန်းများ၏ သန့်ရှင်းရေးအနေဖြင့် ကုမ္ပဏီ တစ်ခုကို ငှားရမ်းလုပ်ကိုင် ဆောင်ရွက်စေလျက်ရှိပြီး သန့်ရှင်းရေးကို နေ့စဉ်ပုံမှန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများ တောင်းဆိုသည့် လက်ဆေးဆပ်ပြာရည်များ ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ပေး ထားကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လှိုင်တက္ကသိုလ် နယ်မြေတွင် သန့်စင်ခန်းများ တည်ဆောက်ရန် လျာထားချက် မရှိသေးသော်လည်း လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထား၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း၌ မော်တော်ယာဉ်များ ဝင်ရောက်ပြေးဆွဲခြင်း မပြုလုပ်တော့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ၊ RC(2)သို့ ပြည်လမ်းမှ ပြေးဆွဲသည့် အမှတ်(၃၀) YBS နှင့် မင်းဓမ္မလမ်းမှ လာသည့် အမှတ် (၃၇) YBS ယာဉ်လိုင်းနှစ်လိုင်းသာ ပုံမှန် ဝင်ရောက်ပြေးဆွဲလျက်ရှိကြောင်း၊ သို့သော် အင်းစိန် လမ်းဘက်မှလာပြီး ကျောင်းတက်နေကြသော ကျောင်းသား ကျောင်းသူ များအနေဖြင့် အင်းစိန်လမ်းမပေါ်ရှိ သံလမ်းမှတ်တိုင် အထိသာ ကားစီး၍ ရရှိကြောင်း၊ ယင်းမှတ်တိုင်မှ ကျောင်းအထိ ခန့်မှန်းခြေ မိနစ် ၂၀ ခန့် လမ်းလျှောက်ဝင်နေရသည့် အတွက် အင်းစိန်မှ ကျောင်းဝင်းသို့ပတ်၍ ထွက်သော ကားများထားရှိပြီး ကျောင်းအတွင်းသို့ ဝင်ရောက်ပြေးဆွဲနိုင်ရန် YRTA နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
▲ ဆောင်ရွက်ပေးသွားမည် ▲
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၏ လိုအပ်ချက်များဖြစ်သော နှစ်ထပ် ကျောင်းဆောင်၊ စာသင်ခုံနှင့် ခြံစည်းရိုးတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ ခြံစည်းရိုး ကာရံခြင်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပေ ၉၃၀ အုတ်တံတိုင်းကာရံခြင်းအား အခြေခံပညာ ဦးစီးဌာနသို့ လျာထားတင်ပြထားပြီးဖြစ်ကြောင်း၊ အဆိုပါ အထက(၅)ကျောင်းတွင် အထက်တန်း အဆင့်သင် ကျောင်းသား ၅၁၂ ဦး၊ အလယ်တန်း အဆင့်သင်ကျောင်းသား ၁၀၀၃ ဦးရှိကြောင်း၊ ကျောင်းဆောင်များမှာ ပေ (၁၂၀ _၃၀ ) တစ်ထပ်နှစ်ဆောင်၊ ပေ (၁၅၀_ ၃၀) တစ်ထပ်သုံးဆောင် စုစုပေါင်း ငါးဆောင် ရှိကြောင်း၊ နှစ်ချိန်တက်ကျောင်းဖြစ်သည့်အတွက် လက်ရှိ စာသင်ဆောင်များသည် အန္တရာယ်မရှိသည့်အပြင် ကျောင်းသား ဦးရေအရလည်း လုံလောက်မှုရှိသည်ဟု ယူဆကြောင်း၊ နှစ်ချိန် တက်မှ တစ်ချိန်တက် အဖြစ်သို့ ပြောင်းလဲလိုပါက ကျောင်းရှိ အများဆုံးယိုယွင်းပျက်စီးသော ကျောင်းဆောင် တစ်ဆောင် အား ဖျက်သိမ်း၍ နှစ်ထပ် သို့မဟုတ် သုံးထပ်ကျောင်းဆောင် အဖြစ် လျှောက်ထားနိုင်ကြောင်း၊ သို့သော် ဖျက်သိမ်းလိုသော ကျောင်းဆောင်၏ ကြံ့ခိုင်မှုသက်တမ်းကုန်ဆုံးမှ သာ ဆောင်ရွက်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ စာသင်ခုံနှင့်ပတ်သက်၍ လက်ရှိ ကျောင်းသားဦးရေအရ လိုအပ်မှုရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝယ်ယူထားသည့် ပရိဘောဂများကို ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများသို့ ဖြည့်ဆည်းချိန်တွင် ထည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment