ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်တွင် ယာဉ်အစီး ရေ ၂၀ ဖြင့် စတင်ပြေးဆွဲ မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
''ဒီလ ၂၃ ရက်နေ့မှာ ယာဉ်အစီးရေ ၂၀ နဲ့ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပြေးဆွဲတဲ့အခါမှာလည်း အောင်မင်္ဂလာ အဝေးပြေးကနေ ထွက်ခွာပါမယ်။ ယာဉ်လမ်းကြောင်းနှစ်ကြောင်းခွဲပြီး ဘယ်ပတ်၊ ညာပတ် ဒီကားကြီး တွေနဲ့ ဆွဲပါမယ်။ နောက်ပြည်သူလူထုလိုအပ်ချက်အရ မြို့ထဲမှာ တချို့တစ်ဝက် အခြေပြုပြီး ပြန်ထွက်သွားတဲ့ စနစ်ကိုလည်း လေ့လာနေ ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
လက်ရှိတွင် ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည် ဖြစ်သော်လည်း အောက်တိုဘာလအတွင်း အင်အားဖြည့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးယာဉ်မောင်းများပါဝင်မည့် YBS (မြို့ပတ်) ယာဉ်လိုင်းသစ်ကို လာမည့်သီတင်းပတ်အတွင်း စတင်ပြေးဆွဲမည်ဖြစ်ရာ နေ့စဉ်ယာဉ်ပြေး ဆွဲမှုကို နံနက် ၅ နာရီတွင် စတင်မည်ဖြစ်ပြီး နောက်ဆုံးယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးမှ ည ၈ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း စီးတီးထရန်စစ်ကုမ္ပဏီမှ သိရသည်။
ရန်ကုန်မြို့ပတ်ယာဉ်လိုင်းတွင် နိုင်ငံတကာထိပ်တန်းအမှတ် တံဆိပ်ဖြစ်သည့် Scania အမျိုးအစား မော်တော်ယာဉ် ၃၉ စီးကို အသုံးပြုမည်ဖြစ်ပြီး အဆိုပါမော်တော်ယာဉ်၏အရှည်မှာ သာမန်ယာဉ်များထက် ပို၍ရှည်ပြီး တံခါးသုံးပေါက်ပါဝင်ကြောင်း သိရသည်။ City Transit ကုမ္ပဏီအနေဖြင့် Scania ထံမှ ပြေးဆွဲမှု နည်းပညာကို မြန်မာနိုင်ငံတွင် ပုံဖော်အသုံးပြုမည်ဖြစ်သည်။ ဥပမာအားဖြင့် မှတ်တိုင်များတွင် ရပ်နားသည့် အခါ မော်တော်ယာဉ်မှာ ခရီးသွားပြည်သူများ အတက်အဆင်းလွယ်ကူစေရန်အတွက် ညာဘက်သို့ အနည်းငယ် စောင်းသွားမည် ဖြစ်သည်။ ကားပေါ်၌ ဝှီးချဲသမားများနှင့် သက်ကြီးရွယ်အိုများအတွက် သီးသန့်နေရာများ ပါဝင်မည် ဖြစ်သည်။
ထို့ပြင် ခရီးသည်များအတွက် မှတ်တိုင်အသိပေးစနစ်များ၊ သတင်း အချက်အလက် အထောက်အကူပြု စနစ်များ ထည့်သွင်း ထားကြောင်း သိရသည်။ မော်တော်ယာဉ် သွားလာမှုကို ထိန်းချုပ်ရန်အတွက် YRTA မှ သတ်မှတ်ထားသောတယ်လီ မက်တစ်စနစ်အပြင် Scania ၏ တယ်လီမက်တစ်စနစ်လည်း ပါဝင်ကြောင်း သိရသည်။
စီးတီးထရန်စစ်ကုမ္ပဏီမှ ပြေးဆွဲမည့် Scania အမျိုးအစား ရန်ကုန်မြို့ပတ်ကားများကို ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲ၍ ပြေးဆွဲမည်ဖြစ်ရာယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာအဝေးပြေး ဝင်းမှ စတင် ထွက်ခွာ ပြီးအမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စုခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ဗရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း ဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ န၀ဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာ အဝေးပြေးသို့ ရောက်ရှိမည်ဖြစ်သည်။ ယာဉ်လမ်းကြောင်း (၂) မှာမူ ယာဉ်လမ်း ကြောင်း (၁) ၏ မျက်နှာချင်းဆိုင်လမ်း ကြောင်းအတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်စီးခအနေဖြင့် အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ ငွေကျပ် ၅၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးငွေကျပ် ၁၀၀၀ ကျသင့်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် သွားလာနေကြသည့် လူဦးရေ အများစုသည် ခရီးသည်တင်ယာဉ် လိုင်းများကိုသာ မှီခိုအားထားသွား လာနေကြပြီး ဩဂုတ်လအတွင်း ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်း ခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။ YRTA စာရင်း များအရ ဩဂုတ်လအတွင်း မှတ်ပုံတင်ယာဉ်အစီးရေ စုစုပေါင်း ၆၆၅၆ စီးရှိပြီး စီးတီးဘတ်အစီးရေ ၅၀၀၄ စီး၊ မီနီဘတ်စ် ၁၁၁၃ စီးနှင့် အခြား ယာဉ်ငယ်များနှင့် ယာဉ်များမှာ ၅၃၉ စီးမှတ်ပုံတင်ထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:
Post a Comment