နေပြည်တော် စက်တင်ဘာ ၁၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပေါင်မဲဆန္ဒနယ်မှ
ဒေါ်မိကွန်ချမ်း၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်များကို
မည်သည့်အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်
အဖွဲ့များကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်
တိုင်းစစ်ဌာနချုပ်နယ် မြေများတွင် ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်စသည့်
အချက်အချာကျသော နေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များ ဖွဲ့စည်းထားရှိပါကြောင်း၊
၎င်းအဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများလုံခြုံရေး၊ အချက်အချာကျသော
နေရာများ (တံတား/ လျှပ်စစ်တာဝါ တိုင်နှင့် စက်ရုံ၊ အလုပ်ရုံ စသည့် လုပ်ငန်းခွင်) (သတ္တတွင်း
နယ်မြေ)၊ သစ်တောကြိုး ဝိုင်းနယ်မြေ စသည်များ၏ လုံခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
အရပ်ဘက် အုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းစစ်ဌာနချုပ်
နယ်မြေအသီးသီးတွင် ပြည်သူ့စစ် (ဌာနေ)အဖွဲ့များ ဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက်နက်ကိုင်
သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတို ရည်မှန်း ချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး
ရေရှည်တွင် ပြည်သူလူထု တစ်ရပ်လုံးက မိမိနိုင်ငံ တော်အား ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ်
မဟာဗျူဟာ အစီအမံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ
အဖြစ် ဖွဲ့စည်း ထားရှိခြင်းဖြစ်ပါကြောင်း။
ဖွဲ့စည်းထားရှိသော ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား
တပ်မတော်(ကြည်း၊ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့်
တာဝန်ခွဲဝေသတ်မှတ်ပေးအပ်ရေး အပိုင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ်များက ၎င်းတို့နယ်မြေအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ စစ်အဖွဲ့များအား
ကြီးကြပ်ကွပ်ကဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ
ညွှန်ကြားရေး မှူးရုံးက ကြီးကြပ်ကွပ်ကဲလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏
စေတုတ္တရာမြို့နှင့် အောက်ဘက် ကျေးရွာများအတွက်မုန်းတမံ အရန်ရေပိုလွှဲအား အမြန်ပြီးစီးအောင်
တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မုန်းချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနှင့်
ရေကျများကို မိုးရာသီကာလ ရေကျော်ကျမှုဒဏ် ခံနိုင်သည်အထိ ပြုပြင်တည်ဆောက် ပေးထားပြီးဖြစ်ပါကြောင်း၊
နောင်ရေရှည်ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံ ခြုံမှုတို့အတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်
ပင်မရေပိုလွှဲ၏ ရေကျအမှတ် (၂) အပေါ်ပိုင်းနှင့် အကူရေပိုလွှဲ အပြီးသတ်ပြုပြင်တည် ဆောက်ခြင်း
လုပ်ငန်းများကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍
ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့
ဖြေကြားချက်နှင့် အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။
တွန်းဇံမဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၏
တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းအနှီး၊
နည်းပညာနှင့် ဈေးကွက်များ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးဦးစီးဌာန
အနေဖြင့် တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်းများ
လုပ်ကိုင်နိုင်ရန် ပိုးစာပင် စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူရေးသင်တန်းများပေး၍ နည်းပညာများကို
ဖြန့်ဖြူးပေး လျက်ရှိပြီး ပြင်ဦးလွင်ရှိ ပိုးစာခြံများမှ အရည်အသွေးကောင်းမွန်သော ပိုးစာပင်မျိုးများကို
ဖြန့်ဖြူးပေးခြင်း၊ ယခင် မျိုးများထက် အထွက်နှင့် ရောဂါဒဏ်ခံနိုင်မှု ပိုမိုကောင်းမွန်သော
မျိုးပိုးဥများကို ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သဖြင့် ဒေသလုပ်ငန်းလိုအပ် ချက်နှင့်အညီ
ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်း
ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများအား ဒေသအစိုးရမှ
ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ် ပြီး နည်းပညာနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ အပြည့်အဝ
ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာသောပိုးအိမ်များအတွက်ဈေးကွက်ရရှိရေးအတွက်
ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဖရူဆို မဲဆန္ဒနယ်မှ
ဦးပဲ့ဒူ၏ မယ်စဲ့ဝင်ပေါက် BP-13 မှတစ်ဆင့် လွိုင်ကော်မြို့အထိ ပြည်ပခရီးသွားများ(၂)
ညအိပ် (၃) ရက်ခရီးစဉ် သို့မဟုတ် (၆)ညအိပ် (၇) ရက်ခရီးစဉ် လည်ပတ်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်းကောင်း၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ ကျောက်ကြီးမြို့နယ်
ညောင်ပင်သာရွာမှ အရှေ့ဘက် ဒိုက်ပုံချောင်း ကမ်းပါးအထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်
ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏
ပွင့်ဖြူမြို့နယ်၊ မုန်းရေအား လျှပ်စစ်စက်ရုံနှင့်ကြီးအုံကြီး၀ ရေအားလျှပ်စစ်စက်ရုံများမှ
ရေအားနည်း၍သော် လည်းကောင်း၊ စက်ပစ္စည်း များချို့ယွင်းပျက်စီး၍သော်လည်းကောင်း မလည်ပတ်နိုင်
သည့်အခါ စိုက်ပျိုးရေရရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့အောက်ဘက်ရှိ
ပေါက်ပင်ရွာ ချောင်းအား ပိတ်လိုက်သဖြင့် ချင်းတွင်းမြစ်ရေလျှံ တက်မှုမရှိတော့သောကြောင့်
လယ်ယာမြေများနှင့် သဘာဝအရင်းအမြစ်များ ပျက်စီးနေမှုများကို ထိန်းသိမ်း ကာကွယ်ရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလှကျော်ကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်းတင်ပြပြီး ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့်
လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ဝက်လက်မဲဆန္ဒနယ်မှ
ဦးမြင့်သိန်း၏ စိုက်ပျိုးရေးထုတ်ကုန် အစားအစာများဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဂေဟစနစ်
မပျက်စီးရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ် အောင် လေ့ကျင့်သင်ကြား
ပေးရန်နှင့် အပြင်းစားဆေးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို စိစစ်ကြပ် မတ်တားဆီး
ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးကြသည်။
မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက
စိုက်ပျိုးထုတ်လုပ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ အားလုံး ဓာတုဓာတ်ကြွင်းကင်းစင်ရန်
မထိန်းနိုင်သေး ပါကြောင်း၊ သီးနှံအပေါ်အသုံးပြုထားသည့် မြေဩဇာ၊ ပိုးသတ်ဆေးအာနိသင်များကို
စိုက်ပျိုးသူကသာ ကိုယ်တိုင်ချိန်ဆသုံးစွဲထားခြင်းဖြစ်ပါကြောင်း၊ ယခုခေတ်တွင် မြေဩ ဇာနှင့်
ပိုးသတ်ဆေးမသုံးပါက မည်သည့် စိုက်ပျိုးသီးနှံမျှ အောင်မြင်ဖြစ် ထွန်းရန် မလွယ်ကူပါကြောင်း၊
ဘေးထွက်ဆိုးကျိုးများသည် ချက်ချင်းမဖြစ်ပေါ်သေး သော်လည်း ရေရှည်တွင် မလွဲမသွေဖြစ်ပေါ်
လာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ဆိုင်ရာအလေ့ အကျင့်ကောင်းများရရှိရန် GAP စနစ်ကိုလည်း
အကောင် အထည်ဖော်နေသည်ကို တွေ့ရှိရသော်လည်း ထိရောက်အောင်မြင်သော အကောင်အထည် ဖော်ဆောင်ရွက်
မှုဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ထွက်ရှိရာမူလကျေးလက်တော ရွာအဆင့်များအထိ
ကျယ်ပြန့်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက
လူထုအတွက် စားနပ်ရိက္ခာ ဖူလုံစွာ စားသုံးရမည့်အပြင် ဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက်
အလေးထားဆောင်ရွက် ကြရာတွင် စားသုံးနေသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများသည် စိုက်ပျိုးရေး
ဓာတုဗေဒဆေးဝါးများနှင့် ဓာတ်ကြွင်းဓာတ်ကျန်များ ကင်းစင်ရန်လိုအပ် ပါကြောင်း၊ စနစ်တကျမသုံးစွဲသည့်
စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူ များကြောင့် သဘာ၀ ပတ်ဝန်း ကျင်နှင့် စားသုံးသူများ ဓာတု အဆိပ်သင့်ခြင်းနှင့်
လူတို့၏ ကျန်းမာရေးကို အလွန်ထိ ခိုက်ပြီးစနစ်တကျ မထိန်းချုပ်ပါက နိုင်ငံတော်အတွက် မလိုလားအပ်သော
ဝန်ထုပ် ဝန်ပိုး ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း။
တောင်သူများ၊ ကုန်သည်များကို ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဓာတုဗေဒ
ဆေးဝါးများ၏အာနိသင်များကို စနစ်တကျ သုံးစွဲတတ်ရန်ပညာပေးခြင်း၊
စိုက်ပျိုးရေး နည်းစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိရန်
အတွက်ရက်တို သင်တန်းများနှင့် တောင်သူလယ်သမားသင် တန်းကျောင်းများဖွင့်လှစ် သင်ကြားပေး
ခြင်း၊ သုတေသနနှင့် လေ့ကျင့်ရေးသင်တန်း ကျောင်းများ ပိုမိုဖွင့်လှစ်ပေးခြင်း၊ စံပြစိုက်
ခင်းများ တည်ထောင်ပေးခြင်း၊ လိုအပ်သော မျိုးစေ့၊ပျိုးပင်များနှင့် စက်ယန္တရား၊ နည်းပညာများ
ထောက်ပံ့ပေးခြင်း စသည်တို့ဖြင့် တန်ဖိုးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ခြင်းကို နိုင်ငံတော်မှ အားပေးသင့်ပါကြောင်း၊
ပိုးသတ်ဆေးဆိုင်ရာ ဥပဒေ၊ မျိုးစေ့ဆိုင်ရာဥပဒေ၊ မြေဩဇာဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်
တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေစသည့် ဥပဒေများနှင့်အညီ
နိုင်ငံတော်မှ ကောင်းမွန်သော မူဝါဒများချမှတ်ပြီး နိုင်ငံသားများအား စိုက်ပျိုးရေး
ဓာတုအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ
ဦးနေထက်ဝင်း က ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲတတ်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းနှင့်
GAP စနစ်ကိုပါ ပူးတွဲ မျှဝေပေးစေလိုပါကြောင်း၊ GAP စနစ်သည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
သီးနှံအရည်အသွေးကောင်းမွန်စေရေးတို့ကို ဦးတည်သောကြောင့် အဆိုတွင် ပါရှိသည့် ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီမှုရှိနေပါကြောင်း၊
စိုက်ပျိုးရေးအလေ့အကျင့်ကောင်း ဆိုသည်မှာ ထွန်းယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းပြီးချိန်မှ စားသုံးသူ ထမင်းစားပွဲဝိုင်း ရောက်သည် အထိအဆင့်
ဆင့်တိုင်း၏ လုပ်ဆောင်ချက်များမှာ အစားအစာဘေးကင်း လုံခြုံရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်
သောကြောင့် ထိုအလေ့အကျင့်ကောင်းများကို စိုက်ပျိုး တောင်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်
ကြိုးစား ဆောင် ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ လဲချား မဲဆန္ဒနယ်မှ
ဦးစိုင်းဥက္ကာ၊ မဘိမ်း မဲဆန္ဒနယ်မှ ဦးအောင် မြင့်ရှိန်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊
မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ကျိုက်လတ် မဲဆန္ဒနယ်မှ
ဦးရန်လင်းနှင့် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်တို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့်
ပြဋ္ဌာန်းထားသည့် မြေဩဇာဥပဒေတွင် ကော်မတီ၏ ခွင့်ပြုချက်အရ ဓာတ်မြေဩဇာ တင်သွင်းရန်ထောက်ခံချက်၊
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ပိုးသတ်ဆေးများ တင်သွင်းခွင့်ထောက်ခံချက်နှင့် ဈေး နှုန်းထောက်ခံချက်တို့ဖြင့်
စိစစ်၍ ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်လိုင်စင် ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့်
တင်သွင်းလာသော ကုန်ပစ္စည်း များကို သွင်းကုန်လိုင်စင်ပါ ဖော်ပြချက်များ နှင့် ကိုက်ညီမှု
ရှိ၊ မရှိကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ
တင်သွင်း နိုင်သည့် နယ်စပ်တစ်လျှောက်ရှိ ဝင်/ထွက်ပေါက်များမှ ဝင်ရောက်မှုမရှိစေရေးအတွက်
ကုန်သွယ် မှု လမ်းကြောင်းပေါ်ရှိ အမြဲတမ်း စစ်ဆေးရေး စခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်
အစိုးရအဖွဲ့များမှ ဖွဲ့စည်း ထားသော တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အထူးအဖွဲ့များဖြင့်
တားဆီးဖမ်းဆီး ဆောင်ရွက် လျက်ရှိပါကြောင်း။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်
တိုင်းဒေသကြီး၊ ပြည်နယ် စားသုံးသူအငြင်း ပွားမှုဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ရှိ၊
မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အန္တရာယ်ရှိသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း များဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊
ဈေးကွက်များသို့ သွားရောက်စစ်ဆေး ပညာပေးခြင်း လုပ်ငန်း စဉ်ကို ၂၀၁၇ ခု နှစ်မှစ၍ အကောင်အထည်ဖော်
ဆောင်ရွက် လျက်ရှိပါကြောင်း။
စိုက်ပျိုးရေးဦးစီးဌာနသည်
စိုက်ပျိုးရေးထုတ်ကုန်အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သီးနှံစိုက်ပျိုးရမည့်
မျိုးရွေးချယ်ချိန်မှစ၍ အပင်ခူးဆွတ် ရိတ်သိမ်းသည်အထိ စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ(GAP)
စနစ်ဖြင့် ဆောင်ရွက်ရန်၊ ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချရန်၊ ဘက်စုံသီးနှံကာကွယ်ရေး စနစ်များကို
ပေါင်းစပ်အသုံးပြုရန်၊ ပိုးသတ်ဆေးများကို စနစ်တကျလုံခြုံစွာ၊ အန္တရာယ်ကင်းရှင်းစွာ
သုံးစွဲနိုင်ရန်တို့ အတွက် ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုကင်း လွတ်စိုက်ပျိုးနည်းနှင့်
သဘာဝပိုး သတ်ဆေးများ အလွယ်တကူ ဖော်စပ်သုံးစွဲနည်း သင် တန်းများ၊ သဘာ၀မြေဆွေးပြုလုပ်သုံးစွဲနည်းများကို
သင်တန်းများဖွင့် လှစ်လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ နည်းပညာပြန့်ပွားရေးအတွက်
တောင်သူ ပညာပေး သင်တန်းများအပါအဝင် ဆွေးနွေးပွဲများကိုလည်း ပြည်သူများ သိမြင်နိုင်ရန်အတွက်
ပြည်သူလူထုထံသို့ ရောက်အောင် ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့်
စိုက်ပျိုးရေးထုတ်ကုန် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ဂေဟစနစ် မပျက်စေရေးတို့
အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ် တကျသုံးစွဲ တတ်စေရန်အတွက် ပညာပေးမှု၊ လေ့ကျင့်ပေး
မှုများကို ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တင်သွင်းဖြန့်ဖြူးမှုအပိုင်း
တွင်လည်း ဝန်ကြီးဌာနများက သက်ဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ
စိစစ်ကြပ် မတ်တား ဆီးရေးလုပ်ငန်းများကို ထိန်းကျောင်းပြီး စဉ်ဆက်မပြတ် အကောင် အထည်ဖော်
ဆောင်ရွက်လျက် ရှိသောကြောင့် အဆိုပါ လုပ်ငန်းအစီအမံများနှင့် မိမိတို့ စီမံဆောင်ရွက်နေမှုတို့သည်
ညီညွတ်မှု ရှိနေသည့်အတွက် အဆိုအား မှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်က အဆိုရှင်၏ သဘော ထားရယူရာ အဆိုရှင်က မှတ်တမ်းတင်ပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
အဆိုအား မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် မှတ်တမ်းတင်
မည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက်

No comments:
Post a Comment