နေပြည်တော် စက်တင်ဘာ ၂၂
Green and Grow Group Myanmar (3G Myanmar) မှ ၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းများ ရှင်းလင်း တင်ပြခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ပျဉ်းမနား မြို့ သုခစိုးဟိုတယ်၌ ယနေ့ညနေ ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က နှုတ်ခွန်းဆက် စကားပြောကြားကာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက အမှာစကားပြောကြားသည်။ ယင်းနောက် 3G Myanmar ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး ဒေါက်တာ စိန်စိန်သိမ်းက မအိပ်တဲ့ ကုသိုလ်တွေ မျှဝေကြပါစို့ ခေါင်းစဉ်ဖြင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာကို ဟောပြောသည်။
ထို့နောက် 3G Myanmar ၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုး ထိန်းသိမ်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများနှင့် ပတ်သက် သည့် ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော် ကောင်စီဝင်များက 3G Myanmar အဖွဲ့ဝင်များနှင့် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
3G Myanmar သည် ရာသီဥတု ညီညွတ်မျှတစေရေး အတွက် လူထု ပါဝင်မှု၊ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် နေပြည်တော် တစ်ဝန်း သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းများ ဆောင်ရွက် ရန်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရာသီဥတု မျှတမှုကို အထောက် အကူပြုရန်နှင့် ပြည်သူများ အရိပ်အာဝါသ ရရှိစေရန်၊ ပြည်သူတစ်ရပ်လုံး သစ်တောသစ်ပင်များအပေါ် ချင်ခင်မှု မြင့်တက်လာစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး လိုအပ်ချက်များ ကောင်းမွန်ပြည့်စုံလာစေပြီး ပတ်ဝန်းကျင် ထိန်းသိန်းရေး လုပ်ငန်းစဉ်များနှင့် အတူ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း ၂၀၁၉ ခုနှစ် မိုးရာသီ ကာလ၌ သစ်ပင်မျိုးစုံ စုစုပေါင်း ၃၄၀၀၀ ကို စိုက်ပျိုးပြုစု ထိန်းသိမ်း လျက်ရှိသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော် ကောင်စီဝင်များ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၏ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ 3G Myanmar ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
Photo; ဇော်ဘီ

No comments:
Post a Comment