ဉီးဇော်အေးမောင်
(ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ
မြန်မာနိုင်ငံ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို
စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာ
အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ
စီမံချက်စစ်တမ်းရလဒ် အစီရင်ခံ စာနှင့်
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (ကနဦးမူကြမ်း)
ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး တက်ရောက်လာကြသူများက ဦးစားပေးလုပ်ငန်း နယ်ပယ်များအလိုက်
ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့
တက်ရောက်ပါဝင်ဆွေးနွေးခဲ့သူများ၏ စကားသံများကို ပြန်လည်ဖော်ပြ လိုက်ပါသည်-
ဦးလှမော်ဦး
(ဒုတိယဝန်ကြီး၊
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)
ကျွန်တော်တို့
ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ခြင်းအပြင် တိုင်းရင်းသားတွေရဲ့
စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အမျိုးသားရေး လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်
လျက်ရှိပါတယ်။ တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုဆောင် ရွက်ကြမယ်ဆိုတဲ့ အစီအမံတွေကို
တိုင်ပင်ဆွေးနွေးပြီး ပံ့ပိုးကူညီ ဆောင်ရွက်ဖို့လည်း တာဝန်ရှိပါတယ်။ ဝန်ကြီးဌာနရဲ့
မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတိကျတဲ့
မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေးကလည်း ကနဦးဆောင်ရွက်ရမယ့် အရေးအကြီးဆုံးလုပ်ငန်းတစ်ခု
ဖြစ်ပါတယ်။ အနာဂတ် လုပ်ငန်းစီမံချက်တွေ အတွက်လည်း လမ်းပြမြေပုံ ဖြစ်ပါ တယ်။
နိုင်ငံတော်အစိုးရအနေနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့
လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများရဲ့
အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲထုတ်ပြန်ပြီး တိုင်းရင်းသားရေးရာ ကိစ္စတွေကို အလေးထားဆောင်ရွက်ခြင်းနဲ့
တိုင်းရင်းသားလူမျိုးများ အကြားမှာခွဲခြားဆက်ဆံမှုတွေ၊ ကွာဟမှုတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်
တွေလျော့ပါးစေကာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု တွေကို တစ်ထောင့်တစ်နေရာကနေ
အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
ဒေါက်တာ
အယ်လ်တူးမင်းဂေါင်
(ညွှန်ကြားရေးမှူးချုပ်၊
တိုင်းရင်းသားအခွင့် အရေးများကာကွယ် စောင့်ရှောက် ရေးဦးစီးဌာန)
ဒီနေ့ပွဲရဲ့
အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ကိစ္စနဲ့
ဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုသွားပြီး စစ်တမ်းအကြိမ်(၆၀)ကျော် ကောက်ယူခဲ့ပါတယ်။ တိုင်းရင်းသား
ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို မေးတယ်။ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ချင်တဲ့လုပ်ငန်း
နယ်ပယ်တွေကို အဓိကထားပြီး နယ်ပယ် ၁၇ ခုနဲ့ စစ်တမ်းကောက်ပါတယ်။ ဦးစားပေးအလိုက် လုပ်ငန်းနယ်ပယ်တွေကို
မဟာဗျူဟာမှာထည့်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီမဟာဗျူဟာရေးဆွဲရာမှာ
တိုင်းရင်းသား ပြည်သူတွေရဲ့ဆန္ဒကို အခြေခံ ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးနဲ့
ပတ်သက်တဲ့ နည်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းတုန်းကလည်း တိုင်းရင်းသားပြည်သူတွေရဲ့ သဘောဆန္ဒရယူပြီး
နည်းဥပဒေကို ရေးဆွဲခဲ့ပါတယ်။ အလားတူပဲ တိုင်းရင်းသား တွေအတွက် ရှေ့လုပ်ငန်းစဉ်တွေ ဘာလုပ်ကြမယ်ဆိုတဲ့
အစီအစဉ်တွေပါတဲ့ မဟာ ဗျူဟာကို စတင်ရေးဆွဲရာမှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုယူပြီး
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ
ပြဋ္ဌာန်းပြီးဖြစ်တဲ့ နည်းဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသားပြည်သူတွေ အတွက်
ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ တိုင်းဒေသကြီး၊ ပြည်နယ်တွေက တိုင်းရင်းသား ရေးရာဝန်ကြီး
အသီးသီးနဲ့ အသေးစိတ် ဆွေးနွေးနိုင်မှာဖြစ်တဲ့အတွက် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေနဲ့
တိုင်းရင်းသားတွေရဲ့ ဘက်စုံဖွံ့ဖြိုးရေး ကိစ္စတွေကို အနာဂတ်မှာ ပိုမိုဆောင်ရွက်သွားနိုင်မယ့်
အလားအလာ ကောင်းတွေ ရှိလာမယ်လို့ ပြောချင်ပါတယ်။
ဦးဇော်အေးမောင်
(ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ )
၂၀၁၅
ခုနှစ် ဖေဖော်ဝါရီလမှာ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ထွက်ပါတယ်။
ဒီဥပဒေကြောင့်ပဲ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန
ပေါ်ပေါက်လာတယ်။ သိပ်မကြာခင်ကပဲ နည်းဥပဒေလည်း ထွက်လာတယ်။ ဥပဒေ၊ နည်းဥပဒေအရ တိုင်းရင်းသားများရဲ့
အခွင့်အရေးကို ဘယ်လိုမဟာဗျူဟာတွေ ချမှတ်ပြီး ရှေ့လုပ်ငန်း စဉ်တွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့
လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဥပဒေ၊
နည်းဥပဒေတွေကို အခြေခံပြီးတော့ တိုင်းရင်းသားအခွင့်အရေးတွေကို ဘယ်လို ကာကွယ်စောင့်
ရှောက်မလဲ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဦးစီးမှူးတွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေအနေနဲ့
ဘယ်လိုချိတ်ဆက် ဆောင်ရွက်ကြမလဲဆိုတဲ့ မဟာဗျူဟာတွေကို ဆွေးနွေးကြမှာဖြစ်တယ်။ ဒီလို ဆွေးနွေးမှုတွေက
တစ်ဆင့် လုပ်ထုံးလုပ်နည်းတွေ ထွက်လာမယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအရ အမိန့်၊ ညွန်ကြားချက်တွေ
ထုတ်ပြီးတော့ တိုင်းရင်းသားအခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် ဒီဆွေးနွေးပွဲက
Platform တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ဒေါ်စံဝင့်ခိုင်
(ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊
မွန်ပြည်နယ်အစိုးရအဖွဲ့)
ကျွန်မတို့
တိုင်းရင်းသားတွေအနေနဲ့ အဆင့်မြင့်ပညာတွေကို သင်ကြားလာကြပါပြီ။ ကျွန်မတို့ဒေသ တွေက
နယ်တွေဖြစ်နေတယ်။ ကျောင်းတွေကလည်း ဝေးလံ ခေါင်သီတဲ့နေရာ တွေမှာရှိနေတယ်။ ကလေးတွေက ကျောင်းကို
ရောက်အောင် မနည်းကြိုးစားဆောင်ရွက်ရတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အခက်အခဲတွေ ကြားကနေ
ကြိုးစားသင်ယူကြရတယ်။ ဒါကြောင့် အမှတ်တွေက သူတို့ ဖြစ်ချင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ
စတဲ့နယ်ပယ်တွေကို မရောက်ရှိနိုင်ဘူး။ သူတို့တွေကလည်း ကိုယ့်ဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးချင်ကြတယ်။
ဒါကြောင့် သူတို့အနေနဲ့ တန်းတူညီမျှတဲ့ ပညာရေးကို လိုချင်ကြတယ်။
မိမိဒေသမှာ
ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းမှာလည်း Nurse Training မျိုးတွေကို အမှတ်မမီတဲ့
အတွက် မတက်ရောက်နိုင်ကြဘူး။ ဒီလို သင်တန်းတွေမှာလည်း သူတို့တွေကို အပါခေါ်နိုင်ဖို့အတွက်
အခွင့်အရေးတွေ လိုချင်တယ်။ ကျေးရွာ၊ ကျေးလက်ဆေးပေးခန်းတွေလည်း ရှိစေချင်တယ်။ လူငယ်တွေ
ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအဟန့်အတားဖြစ်နေတာက မူးယစ်ဆေးဝါးပြဿနာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး
ပြဿနာတွေလည်း ကင်းစင်စေချင်တယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ကျား၊ မ တန်းတူ အခွင့်အရေး
တွေလိုချင်တယ်။ ဒါတွေကို တောင်းဆိုကြပါတယ်။ တိုင်းရင်းသားပြည်သူတွေရဲ့အသံကို ကျွန်မတို့
ရရှိခဲ့ပါတယ်။
ဦးအားတီယောဟန်
(လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊
ကချင်ပြည်နယ် အစိုးရအဖွဲ့)
ကျွန်တော်တို့အနေနဲ့
မဟာဗျူဟာရေးဆွဲတဲ့နေရာမှာ ကိုယ့်ဒေသနဲ့ သက်ဆိုင် တဲ့ကိစ္စတွေကို အဓိက ထားထည့်သွင်း
ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ ရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားဒေသ တွေကို စစ်တမ်းကောက်ပြီး
ရေးဆွဲတဲ့အတွက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုရရှိဖို့ဆိုတာ မဟာဗျူဟာရေးဆွဲပြီးတဲ့နောက်
ဘတ်ဂျက်သုံးစွဲမှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။
တိုင်းရင်းသားဒေသတွေရဲ့
ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေး ဆိုတာတွေကို ကျွန်တော်တို့ကစာတွေ့ပဲ
ရှိသေးတယ်။ လက်တွေ့ မရှိသေးဘူး။ လက်တွေ့အကောင် အထည်ဖော်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က
တိုင်းရင်းသားတွေကို အခွင့်အရေးပေးတဲ့ ဖက်ဒရယ်မူကို သွားနေပြီဆိုတာကို တိုင်းရင်းသားတွေရဲ့
အခွင့်အရေးရရှိမှုကို လက်တွေ့ အကောင်အထည်ဖော်ပြမှသာ ငြိမ်းချမ်းရေးရော၊ တိုင်းရင်းသား
ရင်ကြားစေ့ရေးကိုရော ရရှိမှာဖြစ်ပါတယ်။
ဒေါ်သဉ္ဇာနိုင်
(ဒုတိယညွှန်ကြားရေးမှူး၊
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန)
ကျွန်မတို့
တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနဲ့ တိုင်းရင်းသားရေးရာ အခြေခံအချက်များ
ကောက်ယူခြင်းအစီအစဉ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက် ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့
ဥပဒေပါ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို သိရှိဖို့၊ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးနစ်နာ
ဆုံးရှုံးမှုမရှိစေရေး ကာကွယ်ပေးမယ့်ဥပဒေကို သိရှိနားလည်စေဖို့၊ တိုင်းရင်းသားလူမျိုးတွေရဲ့
အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲနိုင်ဖို့နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုစီးပွားဘဝ
တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာဌာနတွေ၊ ဒေသခံတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့
စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
ကျွန်မတို့
တိုင်းရင်းသားရေးရာ အခြေခံအချက်တွေ စစ်တမ်းကောက်ယူရာမှာ နယ်ပယ် (၁၇) ခုနဲ့ ကောက်ယူပါတယ်။
တိုင်းရင်းသားလူမျိုး တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုင်ရာ၊ တိုင်းရင်း သားတွေရဲ့
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်း
တွေ ပေါ်ထွန်းလာရေး၊ ဖွံ့ဖြိုး တိုးတက်မှုနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုဘဝမြှင့်တင်ရေး၊
မျိုးနွယ်စုအမည်တွေ မှန်ကန်စွာ မှတ်တမ်းပြုရေး၊ အမျိုးသမီးတွေရဲ့ လူမှုဘဝမြှင့်တင်ရေးနဲ့
အိမ်တွင်း အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးတွေရဲ့
စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး ကဏ္ဍစုံမှာ ပါဝင်ခွင့် ရရှိရေး၊ လူငယ်ရေးရာမူဝါဒတွေကို
လူငယ်တွေ ပူးပေါင်း အကောင်အထည်ဖော်ရေး၊ လူသားချင်း ခေါင်းပုံဖြတ်ခြင်းနဲ့ လူကုန်ကူးမှု
တားဆီး ကာကွယ်ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း
ကာကွယ်ခြင်း၊ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ တည်တံ့ခိုင်မြဲစေရေး၊
မူးယစ် ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးမျာအန္တရာယ် တားဆီးကာကွယ်ရေး၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသတွင်း စီမံကိန်း အကောင်အထည်ဖော်ရာမှာ ဒေသခံ တွေကို ကြိုတင်ချပြအသိပေးရေး၊
သဘာဝအခြေခံ ခရီးသွားဝန်ဆောင်မှုမှာ ဒေသခံတိုင်းရင်းသားတွေ အဓိက ပါဝင်လုပ်ကိုင်နိုင်ရေးနဲ့
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေက ကူညီ ဆောင်ရွက် ပေးနိုင်ရေး၊ ဒေသရှိ
ဆေးဖက်ဝင်အပင်များ အသုံးပြုမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု၊ တိုင်းရင်းသားများ အကြားဖြစ်ပွားတဲ့
အငြင်းပွားမှုတွေ ဖြေရှင်းရေး၊ ဒေသအတွင်း ပဋိပက္ခဖြစ်ပွားတဲ့ အကြောင်းရင်းကို ဆန်းစစ်လေ့လာခြင်းနဲ့
ပဋိပက္ခဒဏ်ခံရသူတွေကို ကူညီရေးကိစ္စ စတဲ့နယ်ပယ်တွေ သတ်မှတ်ပြီး ကောက်ယူပါတယ်။
ရေး
- ကိုမျိုး
ဓာတ်ပုံ-
ထိန်နော်




No comments:
Post a Comment