Monday, September 9, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၂) ရက်မြောက်နေ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဦးလှကျော်က စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားလာစေပြီး လူနေမှု အဆင့်အတန်း မြင့်လားစေခြင်းနှင့်အတူ သဘာ၀ဘေး အန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်း လာစေရန် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များက ပဏာမ စူးစမ်း လေ့လာမှုလုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် (၁)နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဒီဇိုင်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းဒီဇိုင်းသည် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၄၄ ဒသမ ၉၅ သန်းဖြစ်ပြီး စီမံကိန်းကာလကို (၇)နှစ်၊ ၂၀၁၉-၂၀၂၀ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အထိ ဆောင်ရွက် သွားရန် ရည်မှန်းထားပါကြောင်း။
စီမံကိန်းဒေသများအဖြစ် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန် (၄) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေး၀၊ မော်လိုက်၊ မင်းကင်း၊ ဖောင်းပြင် (၄) မြို့နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် လေရှီး၊ လဟယ်၊ နန်းယွန်း(၃)မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံ (၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ (၃)မြို့နယ် စုစုပေါင်း မြို့နယ် (၁၇)မြို့နယ်တွင် ကာလအပိုင်းအခြား အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခု အဆိုပြုစီမံကိန်း၏ ချေးငွေသက်တမ်း ကာလသည် (၃၂)နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလမှာ (၈)နှစ် ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလအတွင်း ပေးဆပ်ရမည့် အတိုးနှုန်း မှာ ၁ ရာခိုင် နှုန်းဖြစ်ပြီး ကျန်ရှိသည့်ကာလ (၂၄)နှစ်အတွက် အတိုးနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ပြန်လည် ပေးဆပ်ရမည့် အတိုးအရင်းငွေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းတွင် ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းရေးဆွဲပြီး ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စု လွှတ်တော်တို့၏ အတည်ပြုခွင့်ပြုချက်ဖြင့် ပြန်လည်ပေးဆပ်သွားမည်ဖြစ်ပါကြောင်း။
ယခုစီမံကိန်းသည် နိုင်ငံတော်၏ စိုက်ပျိုးစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေမည့် စီမံကိန်း ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် သဘာ၀ဘေးဒဏ်ခံနိုင်သော ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ ဆင်းရဲနွမ်းပါးသည့် ကျေးလက်အိမ် ထောင်စုများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့် မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း၊ အစိုးရ အဖွဲ့အစည်းများနှင့် ကျေးလက်နေ ပြည်သူများ၏ သဘာ၀ဘေးအန္တရာယ် ရင်ဆိုင် တုံ့ပြန်နိုင်သည့် စွမ်းဆောင်ရည် မြင့်မားလာစေခြင်း စသည့် အကျိုးရလဒ်များ ခံစားရရှိမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် စီမံကိန်း မြို့နယ် (၁၇)မြို့နယ်ရှိ ကျေးရွာ (၂၉၄၂)ရွာမှ ကျေးလက် လူဦးရေ ၁ ဒသမ ၈၁ သန်းခန့်ကို အကျိုးပြုစေမည်ဖြစ်ပြီး ဒေသခံလူငယ် ၁၃၉၅ ဦးအား စီမံကိန်းတွင် လူထု စည်းရုံးရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ပြည်နယ်/တိုင်းဒေသကြီး (၄) ခု ရှိ မြို့နယ် (၁၇)မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ စီမံအကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးယူမည့် ချေးငွေ အမေရိကန် ဒေါ်လာ ၁၈၅ သန်းအား ချေးယူခွင့်ပြုနိုင်ပါရန် အဆိုပြု တင်ပြအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ စီမံကိန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၈ ခုနှစ် ကာလလတ်ကြွေးမြီစီမံ ခန့်ခွဲမှုမဟာဗျူဟာ၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာ ၃ ဒသမ ၁၊ ၃ ဒသမ ၆ တို့နှင့်လည်း ကိုက်ညီမှု ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးရှုထောင့်မှ တင်ပြရပါက စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ၏ ဝင်ငွေ တိုးပွားစေခြင်း၊ လူနေမှု အဆင့်အတန်းမြင့်မား တိုးတက်စေခြင်းတို့မှ တစ်ဆင့် နိုင်ငံတော်၏ ဂျီဒီပီတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်မှ ချမှတ်ဖော်ဆောင် နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်သည် နှင့်အမျှ ကမ္ဘာ့ကုလသမဂ္ဂ၏ Sustainable Development Goals များကိုပါ ပါဝင်ဖော်ဆောင် ပေးရာ လည်း ရောက်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျေးလက်နေ ပြည်သူများ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်း ရန်ပုံငွေများကို ထိထိရောက်ရောက် ဖြစ်အောင် သုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ စီမံကိန်းတို့၏ သဘောသဘာဝအတိုင်း အတိုင်ပင်ခံ စရိတ်များ၊ အုပ်ချုပ်မှုကိစ္စ၊ ရုံးကိစ္စ၊ မော်တော်ယာဉ် ဝယ်ယူ ခြင်း ကိစ္စ၊ အစည်းအဝေးများ ပြုလုပ်သည့်ကိစ္စ၊ သင်တန်း၊ ဆွေးနွေးပွဲများ စသည့် ကိစ္စများအတွက် သုံးစွဲရာတွင် စီမံကိန်း အကောင်အထည်ဖော်သူများက အထူးသတိပြု၍ လိုအပ်သလောက်သာ သုံးစွဲခြင်းဖြစ်စေရန် ဆောင်ရွက်သင့်ပါကြောင်း။
အဆိုပါ ချေးငွေသည် စီးပွားရေး တွက်ချေကိုက်မှုကို ကြည့်၍ ချေးယူသော ချေးငွေမျိုးမဟုတ်ဘဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးယူသော ဖွံ့ဖြိုးရေး ချေးငွေ အမျိုးအစားဖြစ်ပြီး နိုင်ငံတော်၏ ဝင်ငွေများဖြင့်သာ နှစ်ရှည်ပြန်လည် ပေးဆပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဂျီဒီပီ တိုးတက်လာခြင်း သည် တိုင်းပြည်ဝင်ငွေတိုးလာခြင်းသာ ဖြစ်ပါကြောင်း၊ တိုင်းပြည်ဝင်ငွေ တိုး လာမှသာ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်စွမ်းလည်း ကောင်းမွန်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းစီမံကိန်းမှ နိုင်ငံ့ဂျီဒီပီတိုးတက်စေရေးကို အထောက်အကူပြုနိုင်အောင် ဆောင်ရွက်သင့်ပြီး စီမံကိန်းတိုးတက် မှုများကို စဉ်ဆက်မပြတ် တင်ပြသင့်ပါကြောင်း၊ ထို့ကြောင့် တုံ့ပြန်နိုင်စွမ်းအား ကောင်းသော လူထုဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ သက်သာမှုရှိသော ချေးငွေ အမေရိကန် ဒေါ်လာ ၁၈၅ သန်း ရယူရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ သဘောထားမှတ်ချက်တို့ ပါဝင်သည့် ပြင်ဆင်ချက်များကို ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း က တစ်ပိုဒ်ချင်းစီ အလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။
ဆက်လက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ငွေကြေးမူဝါဒကို အကောင်အထည်ဖော် ရန်အတွက် ငွေကြေးမူဝါဒ နည်းလမ်းများကို အသုံးပြုရာတွင် မိမိတို့နိုင်ငံ၏ ငွေကြေးဈေးကွက်ဖွံ့ဖြိုး တိုးတက်မှသာ ပိုမိုထိရောက်စွာ ကိုင်တွယ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သီအိုရီအရ အဆိုပါနည်းလမ်းများ ဆောင်ရွက်နိုင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံတွင် အစိုးရငွေ တိုက်စာချုပ် (Secondary Market) ပင်လျှင် ဖြစ်ထွန်းခြင်း မရှိသေးပါကြောင်း၊ သို့သော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဖန်တီးလျက် ရှိပါကြောင်း၊ ထို့ပြင် ငွေကြေးပမာဏ တိုးတက်မှု နှုန်းအား ရည်မှန်းချက် ဘောင်အတွင်းရှိစေရန် သီးသန့်ငွေ လိုအပ်ချက် သတ်မှတ်ခြင်း၊ အပ်ငွေလေလံ ခေါ်ယူခြင်း စသည့် ငွေကြေးမူဝါဒ နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကာလတိုအတွင်း နိုင်ငံခြားငွေလဲ လှယ်နှုန်းကြီးမားစွာ တက်ခြင်း၊ ကျခြင်းတို့ကို လျော့ပါးစေရန်အတွက် နိုင်ငံခြားငွေ ထိန်းကျောင်း ဆောင်ရွက်မှု မူဘောင် (Rule-based Interventions Framework) တစ်ရပ် ချမှတ်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားငွေလဲ လှယ်နှုန်း တည်ငြိမ်ရေးတွင် ပို့ကုန်ရငွေများအား (Banking Channel) အသုံးပြု၍ ပြည်တွင်းသို့ အပြည့်အဝ မှန်ကန်စွာ ဝင်ရောက်ရေးမှာ အဓိကကျသည့် အချက် ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် နိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ ပိုင်ဆိုင်မှု၊ နိုင်ငံ၏စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေရေး ကြေးရေးဆိုင်ရာ မေခရိုစီးပွားရေးအခြေအနေများ အားကောင်းခိုင်မာမှု အပေါ်တွင် များစွာမူတည်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အခြား ဆက်စပ် ဝန်ကြီးဌာနများနှင့် မူဝါဒပိုင်းဆိုင်ရာတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးသည် ဗဟိုဘဏ်၏ အဓိက ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအား စည်းမျဉ်းများချမှတ်၍ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများကို ကြပ်မတ် ကွပ်ကဲရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ တို့တွင် ချမှတ်ထားသည့် စည်းမျဉ်းများအရ မတည်ငွေရင်းတောင့်တင်းခိုင်မာမှု၊ ရပိုင်ခွင့်များအရည် အသွေးပြည့် မီမှု၊ စီမံခန့်ခွဲရေး ကောင်းမွန်မှု၊ ငွေကြေးလွယ်ကူမှု၊ ဈေးကွက်ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်ရှိမှု စသည်တို့ကို ပြည့်ဝစွာ လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ စိစစ်ရန်အတွက် ဘဏ်များ အားပုံမှန် သွားရောက် စစ်ဆေးခြင်း၊ လိုအပ်ပါက အထူးအစီအစဉ်ဖြင့် သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
ကိုယ်စားလှယ်များ တင်ပြသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်ရေးကို Liquidity Ratio၊ Loan to Deposit Ratio၊ Capital Adequacy Ratio များနှင့် သတ်မှတ်ပြဋ္ဌာန်းကြသည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အဆင့်ဆင့် ပြဋ္ဌာန်းခဲ့သည့် ဘဏ်ဥပဒေများနှင့်အညီ ဘဏ်များ၏ ငွေကြေးခိုင်မာ တောင့်တင်းမှုကို အမြဲမပြတ် စောင့်ကြည့် ထိန်းကျောင်း လာခဲ့ပါကြောင်း၊ နောက်ဆုံးပြဋ္ဌာန်း လိုက်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေသည် ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့်အတွက် ယင်း ဥပဒေနှင့် အညီဖြစ်စေရန်နှင့် ဘဏ်များ ခိုင်မာတောင့်တင်းစေရန် ထိန်းသိမ်းရသည့် အချိုး ရာခိုင်နှုန်းများမှ သွေဖည်ခြင်းမရှိ စေရန်အတွက် ၂၀၁၇ ခုနှစ်တွင် စည်းမျဉ်း (၄) ရပ်ကို ထုတ်ပြန်ပြီး ဘဏ်များကို လိုက်နာဆောင်ရွက်စေခဲ့ပါကြောင်း၊ ပိုမိုတောင့်တင်း ခိုင်မာစေရန် ပြဋ္ဌာန်းလိုက်နာစေသည့် စည်းမျဉ်းများဖြစ်သည့် အတွက် တွက်ချက်မှုပုံစံ များနှင့် အချိုးများသည် ယခင်သတ်မှတ်ချက်များနှင့် မတူညီပါကြောင်း၊ သို့သော် ချက်ချင်း ပြောင်းလဲရန် မလွယ်ကူသော်လည်း လိုက်နာမှုရှိကြပါကြောင်း၊ ထို့ကြောင့် ငွေကြေး တည်ငြိမ်မှု အခြေအနေများသည် ၂၀၁၇ - ၂၀၁၈ အစီရင်ခံသည့် ကာလထက် ဘဏ်များသည် ပိုမိုတိုးတက်ခိုင်မာမှု ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်စာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ပြန်လည်ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက် အဆိုပါရှိသည့် စီမံကိန်းလုပ်ငန်းများ အတွက် ပြင်ဆင်ချက် ကို ဥပဒေ ကြမ်းပူးပေါင်း ကော်မတီဝင် ဦးဇော်ဝင်း က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များ၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာပါ ပြင်ဆင်ချက် တို့ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြု တင်ပြရာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ) က ပြင်ဆင်လိုသည့် အပိုဒ်များ အလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုပေးပါရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို စက်တင်ဘာ ၁၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:

Post a Comment