မန္တလေး စက်တင်ဘာ ၂၂
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို (အပိုင်း-၁)အဖြစ် ရန်ကုန်-တောင်ငူကြားတွင် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်-မန္တလေးခရီးစဉ်များမှ စာပို့ရထား ခရီးစဉ်နှင့် အခြားခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
''ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းက သူ့အပိုင်းနဲ့သူ လုပ်မှာဆိုတော့ ရထားခရီးစဉ်တချို့ ဖျက်လိုက်တာပါ။ လမ်းပိုင်းမှာ ဒွေးလမ်း နှစ်လမ်း ရှိရင် တစ်ဖက်ချင်း လုပ်သွားမှာဆိုတော့ တစ်လမ်းကို အဆင့်မြှင့် ချိန်မှာ ကျန်တဲ့လမ်းနဲ့ သွားရမှာပါ။ အစုန်၊ အဆန်က လမ်းတစ်လမ်း တည်းသုံးရမှာပါ။ ပေါင်းလို့ရတဲ့ ရထားတွေ ပေါင်းလိုက်တယ်''ဟု မြန်မာ့ မီးရထား(မန္တလေး)မှ မန်နေဂျာ ဦးစံသာအောင်က ပြောသည်။
မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်နှင့် အမှတ်(၁) အဆန်ရထားဖြစ်သော စာပို့ရထားခရီးစဉ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ရှိသော ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို မူလအတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း၊ ထို့ပြင် ရထား အမှတ် (၉/၁၀) ရန်ကုန်-သာစည်၊ အမှတ် (၃၁/ ၃၂) ရန်ကုန်-နေပြည်တော်၊ အမှတ် (၃၅/ ၃၆)ရန်ကုန်-မော်လမြိုင်၊ အမှတ်(၁၆/ ၁၇) နေပြည်တော်-မော်လမြိုင် ရထားခရီးစဉ်များကို ယာယီ ဖျက်သိမ်းမည်ဖြစ် သည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းကို JICA အကူအညီဖြင့် ၂၀၂၃ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်၍ စီမံကိန်း အကောင်အထည်ဖော်မှုကို နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးပါက ရန်ကုန်-မန္တလေး ခရီးစဉ်ကို ခြောက်နာရီကြာချိန်ဖြင့် မောင်းနှင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:
Post a Comment