Friday, September 20, 2019

(၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့် အာရုံကြောအဖွဲ့ညီလာခံ နှင့် (၄)ကြိမ် မြောက် မြန်မာနိုင်ငံဦးနှောက်နှင့် အာရုံကြောအဖွဲ့ ညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ


ရန်ကုန်၊ စက်တင်ဘာ ၂၀
(၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့် အာရုံကြောအဖွဲ့ညီလာခံ နှင့်(၄)ကြိမ် မြောက် မြန်မာနိုင်ငံဦးနှောက်နှင့် အာရုံကြောအဖွဲ့ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ရန်ကုန်မြို့၊ Melia Hotel တွင်ကျင်းပသည်။

(၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့် အာရုံကြောအဖွဲ့ ညီလာခံသည် အရှေ့ တောင်အာရှ အာဆီယံ နိုင်ငံများ (၂)နှစ်တစ်ကြိမ် ပုံမှန်ကျင်းပသည့် ညီလာခံဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ် သည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” အဖွင့် သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ပြီး သက်ဆိုင်ရာ အာဆီယံနိုင်ငံများ ကိုယ်စားပြု အလံများကို စိုက်ထူသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက အဖွင့် အမှာ စကားပြောကြားရာတွင် “ယခုကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံ ဦးနှောက်နှင့် အာရုံကြောအဖွဲ့ညီလာခံကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ဒေသတွင်း ဦးနှောက်နှင့် အာရုံကြောအဖွဲ့များ၊ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်များအတွင်း ဆက်သွယ်မှုများပိုမိုရရှိ လာစေရန်၊ အတွေ့ အကြုံများဖလှယ်ကြပြီး ဒေသတွင်း ကြုံတွေ့ရသည့် ပြဿနာများ ကို စုပေါင်း အဖြေရှာနိုင်စေရန်အတွက် ဦးနှောက်နှင့် အာရုံကြောရောဂါကုသရေး လုပ်ငန်း များ ဖွံ့ဖြိုး တိုးတက်လာအောင် ရည်ရွယ်ကာ လုပ်ဆောင်ကြခြင်းဖြစ်၍ အလွန်မွန်မြတ် လှကြောင်း။
မြန်မာနိုင်ငံ၏ ဦးနှောက်နှင့်အာရုံကြော အထူးကုဌာန၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုပါက ရန်ကုန်တွင် ၁၉၆၁ခုနှစ်၌ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာန နှင့် ပေါင်း၍ယူနစ်တစ်ခုအနေဖြင့် စတင်ခဲ့ရာမှ ၁၉၇၄ခုနှစ်တွင် သီးခြားဌာနအနေဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ရန်ကုန်ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာနများတွင် လေဖြတ်ရောဂါ၊ ဦးနှောက်နှင့် ဦးနှောက် အမြှေးပါး ပိုးဝင်ခြင်း၊ အာရုံကြောရောဂါများ နှင့် အတက်ရောဂါများသည် အဖြစ်များသည့် ဦးနှောက်အာရုံကြောရောဂါများ ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တွင် ဦးနှောက်နှင့် အာရုံ ကြောရောဂါများအပါအဝင် မကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားမှုကို ကာကွယ် ရန်၊ ထိန်းချုပ်ရန်၊ ရောဂါဖြစ်ပွားမှုလျှော့နည်းစေရန်၊ ရောဂါဖြစ်ပွားမှုကြောင့် ဆောလျင်စွာ အသက်ဆုံးရှုံးမှု မဖြစ်စေရန်၊ နောက်ဆက်တွဲ မသန်မစွမ်းဖြစ်မှုများ မဖြစ်ပေါ်စေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
“ ပို၍ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် သာယာလှသည့် အနာဂါတ်ကို ဖေါ်ဆောင်စို့” ဟူသည့် ယခုနှစ် ညီလာခံ၏ ဆောင်ပုဒ်သည်လွန်စွာမှ ဆီလျှော်မှုရှိ ကြောင်း၊ ဒေသတွင်း နေထိုင်သူများအနေ ဖြင့်မိမိတို့ ဒေသအတွင်းရှိ အခြေအနေ များကို ပိုမို သိရှိအကျွမ်းဝင်ပြီးဖြစ်၍ ကြုံတွေ့ရသည့် အခက်အခဲများကို စုပေါင်းဖြေရှင်း ကြပြီး ဦးနှောက်နှင့် အာရုံကြော ဘာသာရပ်နှင့် ဆိုင်သည့် ကုသမှုအရည်အသွေး များကို မြင့်မားအောင်ဆောင်ရွက်နိုင် ကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ညီလာခံသို့ တက်ရောက်လာကြသူများ အားလုံးက တက်တက်ကြွကြွဖြင့် ပါဝင်ဆွေးနွေးကြရန် မျှော်လင့်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ASEAN Neurology Academy ဥက္ကဋ္ဌ ပါမောက္ခချန်ဝေမန်း (Prof Chang Hui Meng) နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဦးနှောက်နှင့် အာရုံကြော ရောဂါပညာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဝင်းမင်းသစ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ ပါမောက္ခချန်ဝေမန်း နှင့် ပါမောက္ခဒေါက်တာ ဝင်းမင်းသစ်တို့က အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် မောင်းတီးကာ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်သည်။
ယနေ့ ကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့် အာရုံကြော အဖွဲ့ညီလာခံ ညီလာခံကြီးသို့ အာဆီယံဒေသတွင်းနိုင်ငံများအပြင် ဩစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်နှင့် တောင်ကိုရီးယားစသည့် နိုင်ငံများမှ အာရုံကြောအထူးကု ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များတက်ရောက်ကြကြောင်း သိရသည်။
အာဆီယံ ဦးနှောက်နှင့်အာရုံကြောအဖွဲ့ကြီးသည် ၂၅ နှစ်ကြာ ရပ်တည် နိုင်ခဲ့ပြီဖြစ်ကာ ပထမဆုံး ညီလာခံကို ၁၉၉၄ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် (၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့် အာရုံကြောအဖွဲ့ ညီလာခံ ညီလာခံကြီး ကျင်းပရခြင်းနှင့် ပတ်သက်၍ ဒေါက်တာဝင်းမင်းသစ်က “မနှစ်က ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပတော့ ကျွန်မတို့ကို အာဆီယံ နိုင်ငံအလံပေးလိုက်တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ် နှစ်ကတည်းက ဒီညီလာခံ ကျင်းပဖို့ ကျွန်မတို့ ပြင်ဆင် ရပါတယ်။ ရိုးရိုးပွဲမျိုး မဟုတ်ဘဲ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေလည်း ရှိတော့ အများကြီးလုပ်ရတယ်။ နောက် စာမေးပွဲ တစ်ခုလည်းလာ စစ်ဦးမယ်။ ဦးနှောက်ရဲ့လှုပ်ရှားမှု အစိတ်အပိုင်းတွေကို ဖြေရတဲ့ စာမေးပွဲပါ။ အာဆီယံက လာစစ်တဲ့ စာမေးပွဲမှာ မြန်မာနိုင်ငံက ဆရာဝန် (၁၂) ယောက် ဝင်ဖြေကြမယ်။ ကျွန်မတို့ နိုင်ငံမှာက ဦးနှောက်အာရုံကြော ဆရာဝန်တွေက နည်းတယ်။ လေးငါးဆယ်လောက်ပဲ ရှိတယ်။ Training တွေကိုလည်း အာဆီယံနိုင်ငံ တွေမှာ သွားယူရတာ များတယ်။ ကျွန်မတို့ ဒီလိုလုပ်နိုင်ပြီ ဆိုတော့ ကျွန်မတို့နိုင်ငံကို ပိုပြီးတော့ အသိအမှတ်ပြုတာပေါ့။ ကိုယ့်နိုင်ငံမှာ ကျင်းပတယ်ဆိုတော့ နိုင်ငံအတွက် ရော ကျွန်မတို့ အသိုင်းအဝိုင်းအတွက်ရော ဆရာဝန်တွေအတွက်ရော ဂုဏ်ယူစွာ ကျင်းပနေပါတယ် လို့ ပြောချင်ပါတယ်” ဟုပြောသည်။
(၁၃)ကြိမ်မြောက် အာဆီယံဦးနှောက်နှင့်အာရုံကြောအဖွဲ့ညီလာခံ နှင့် (၄)ကြိမ် မြောက်မြန်မာနိုင်ငံ ဦးနှောက်နှင့် အာရုံကြောအဖွဲ့ညီလာခံ ကျင်းပရသည့် ရည်ရွယ် ချက်မှာ ကမ္ဘာပေါ်တွင် နေစဉ်နှင့်အမျှ တိုးတက်နေသော ဦးနှောက်နှင့်အာရုံကြော ဆေးပညာ ဘာသာရပ်များကို မျက်ခြေမပျက်လေ့လာရန်၊ နိုင်ငံသူ၊ နိုင်ငံသားတို့ အား အကျိုးပြုရန် လုံလောက်သော ဦးနှောက်နှင့်အာရုံကြော ဆေးပညာရှင်များကို မွေးထုတ် ပေးရန်၊ ဦးနှောက်နှင့် အာရုံကြော ပညာရပ်ဆိုင်ရာ ဘာသာရပ်များတွင် သုတေသန လုပ်ငန်းများ ပါဝင်ဆောင်ရွက်ရန်၊ အထက်ပါကိစ္စရပ်များအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်တို့အတွက် ဖြစ်ကြောင်း အဆိုပါညီလာခံ၏ ထုတ်ပြန် ချက်များမှသိရသည်။
သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ရဲထွဋ်

No comments:

Post a Comment