နေပြည်တော် စက်တင်ဘာ ၁၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၏ မြေလွတ် ကျန်ရှိနေသော မြေနေရာတွင် ပေ ၃၀ x ပေ ၉၀ Community Centre Hall အဆောက်အဦတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်ရုံး၏ မြေအကျယ်အဝန်းသည် ပေ ၉၀ ပတ်လည်ဖြစ်ပါကြောင်း၊ အဆိုပါ မြို့နယ်ရုံးကို ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပေ(၄၀ x ၃၀ ) အရွယ်အစားဖြင့် အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် တည်ဆောက် ခဲ့ခြင်းဖြစ်သည့်အတွက် ရုံးအဆောက်အဦအနီးတွင် အတန်အသင့်ကျယ်ဝန်းသည့် မြေလွတ်တစ်ခု ကျန်ရှိနေပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အဆင့် မြို့ကြီးများတွင်ရှိသည့် ဌာနပိုင်မြေနေရာများတွင် အကျယ်အဝန်းနှင့် အချက်အချာကျမှု အပေါ်မူတည်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) များကို ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက်များ ရှာမှီးရာနေရာ၊ ရပ်ရွာအသင်းအဖွဲ့များ စုဝေးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုး ပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူလူထု အပန်းဖြေနားခိုရာနေရာ၊ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ အကျွမ်းတဝင် ထိတွေ့ဆက်ဆံရာနေရာ၊ လူငယ်လူရွယ်များ အသိပညာဆည်းပူးရာနေရာ စသည်ဖြင့် အသုံးပြုဆောင်ရွက် နိုင်သည့် အဆောက်အဦများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် နည်းလမ်း (၃) မျိုးကို အခြေခံ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (B.O.T) စနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီဖြင့် ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre) တစ်ခုကို နတ်မောက်မြို့နယ်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ လူထုအခြေပြု ဗဟိုဌာနတွင် အသိပညာပေး လုပ်ငန်းများ၊ သင်တန်းများ၊ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် စာအုပ်၊ စာတမ်း၊ စာစောင် ငှားရမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရုံးအဆောက်အဦတွင်လည်း စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်းစသည့် ရုံးတွင်းပံ့ပိုး ဆောင်ရွက်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့ပြင် ရုံးအဆောက်အဦအပြင်ဘက် မြေလွတ်နေရာရှိပါကြောင်း၊ ယင်းနေရာတွင် လောလောဆယ် အနေဖြင့် ကလေးသူငယ်များ ဆော့ကစားနိုင်မည့် အားကစားကွင်း (၁) ခုနှင့် လူငယ်များ ကစားမည့် ကစားကွင်း (၁) ခုကို ရုံးအပြင်ဘက် ပံ့ပိုးဆောင်ရွက်မှု (Outdoor Facilities) အဖြစ် စီစဉ်ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးဝန်းအထဲတွင် ခန်းမဆောင် သာမကဘဲ Community Centre တစ်ခု၏ လုပ်ငန်းကဏ္ဍပေါင်းစုံကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်သည့် တင့်တယ်ပြည့်စုံသော အဆောက်အဦတစ်ခု ဆောက်လုပ်လိုသည့်ဆန္ဒ ပြင်းပြစွာ ရှိပါကြောင်း၊ သို့သော် ဝန်ကြီးဌာနအနေဖြင့် ယခုအခါတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) များကို ဘဏ္ဍာရေးနှစ် တစ်နှစ် လျှင် အဆောက်အဦ (၁) လုံးသာ တည်ဆောက်ပေးနိုင်ပါကြောင်း။
ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးအဆောက်အဦ မရှိသေးသည့် ရုံးများကို တည်ဆောက်ပေးနေရပါကြောင်း၊ သက်တမ်းကြာရှည် သောကြောင့် ယိုယွင်းလာသည့် အဆောက်အဦများ ပြင်ဆင်ရန်နှင့် သဘာ၀ဘေး ရန်ကြောင့် ပျက်စီးမှုများကို ဦးစားပေးစီစဉ် ဆောင်ရွက်ပေးနေရသည့်အတွက် လောလောဆယ် အချိန်တွင် တောင်တွင်းကြီး မြို့နယ်ရုံးနေရာတွင် Community Centre Hall တစ်ခု ဆောက်လုပ်ပေးရန် တတ်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် လက်ရှိ ရုံးအဆောက်အဦကို ပိုမိုကြံ့ခိုင်ကောင်းမွန်စေရန်နှင့် ပြင်ပရှိ ကွက်လပ်ကို ကစားကွင်းနေရာ၏ လိုအပ်သည့် ပစ္စည်းများ ဖြည့်တင်းပေး၍ ကစားကွင်းတစ်ခု ဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင်(ခ)ဦးနိုင်ငံကျော်၏ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ ထပ်နေသည့် အတွက် နိုင်ငံသားများ၏ မူလအခွင့်အရေး မဆုံးရှုံးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ အမြန်ဆုံးဖြေရှင်း ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများ အနေဖြင့် နိုင်ငံသားနံပါတ်ထပ်နေကြောင်း သိရှိပါက မြို့နယ်ဦးစီးမှူးရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားတင်ပြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားနံပါတ်ထပ်နေကြောင်း မသိရှိသူများအတွက် လွယ်လင့်တကူ ဆောင်ရွက်နိုင်ရန် မိုးကုတ်မြို့နယ် ဦးစီးမှူးရုံး၏ ရှေ့မျက်နှာစာ လူမြင်ကွင်းတွင် (Vinyl) ဗီနိုင်းဖြင့် ချိတ်ဆွဲ၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကြေညာ ထားပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ရာတွင် ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံသားကတ်ပြား ပေးအပ်ပွဲ အခမ်းအနားများတွင် ပြည်သူလူထုအား ဆွေးနွေးတင်ပြပြီး လစဉ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသော တစ်လနှစ်ကြိမ်ပြုလုပ်သည့် ရပ်၊ ကျေး အစည်းအဝေးများတွင် အုပ်ချုပ်ရေးမှူးများအား ရှင်းလင်း ပြောကြားခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအတွက် အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၏ ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန် စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမြေ၊ ထင်းခြံမြေ (၆၂၂) ဧကတွင် ယနေ့တိုင် ဟိုတယ် (၂) ခုသာ အကောင်အထည် ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် နောက်နောင် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ဟိုတယ်ဇုန် တည်ဆောက်ခွင့်များအတွက် အင်ကြင်းကုန်းကျေးရွာနှင့် ချောင်းပါးကျေးရွာများအကြား အင်းလေးကန် အရှေ့ဘက် ကြိုးဝိုင်းအတွင်းမှ မြေဧရိယာ ၆၂၂ ဧကအား ဟိုတယ်ဇုန်အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ် မတ် ၂၈ ရက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ကွင်းဆင်းတွေ့ရှိချက်များကို ဆက်လက်တင်ပြဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ ခုနှစ် မေ ၉ ရက်တွင် ခွင့်ပြုချက်ရရှိသဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း။
မြေဧရိယာ ၆၂၂ ဧကအား ဟိုတယ်ဇုန်မြေအဖြစ် လွှဲပြောင်းသတ်မှတ်နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီး ဌာနအနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲပါစာဖြင့် ကြိုးဝိုင်းတောမြေ အဖြစ်မှ စွန့်လွှတ် ပယ်ဖျက်ပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ လယ်ယာမြေ သိမ်းဆည်းဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ဟိုတယ်ဇုန်မြေနေရာအတွက် တောင်သူ ၁၁၆ ဦးကို သီးနှံကြေးနှင့် ဂရုဏာကြေး ငွေကျပ် ၇၇၅ ဒသမ ၆၈၉ သန်း ပေးချေခဲ့ပါကြောင်း၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်း ကို ထင်းခြံအတွက် လှူဒါန်းငွေ ငွေကျပ် ၃၃ ဒသမ ၄၇၈ သန်း ပေးအပ်လှူဒါန်းခဲ့ပါကြောင်း။
အင်းလေးဟိုတယ်ဇုန်အနေဖြင့် လက်တွေ့ဆောင်ရွက်ရာတွင် အင်းလေးဟိုတယ်ဇုန် စတင်အကောင်အထည်ဖော်စဉ်ကပင် ဒေသခံပြည်သူလူထုနှင့် ကြေလည်အောင် ညှိနှိုင်းမှုမရှိသဖြင့် သီးနှံကြေးနှင့် ဂရုဏာကြေး မယူသူ ၂ ဦးမှာ ယနေ့တိုင် ကျန် ရှိနေပြီး ဟိုတယ်ဇုန်အပေါ် ဒေသခံပြည်သူလူထုမှ ကန့်ကွက်မှုများရှိနေပါကြောင်း၊ ဟိုတယ်ဇုန်နေရာသည် ရေရရှိမှု အခက်အခဲရှိနေကြောင်းလည်း တွေ့ရှိရပါကြောင်း၊ အင်းလေးဒေသရှိ ခရီးသွားလုပ်ငန်းအခြေအနေအရ ၂၀၁၆ ခုနှစ်တွင် ဟိုတယ် (၈၈) လုံး၊ အခန်းပေါင်း ၂၇၃၁ ခန်းရှိပြီး ဧည့်သည်ဝင်ရောက်မှုအနေဖြင့် နိုင်ငံခြားသား ၁၇၈၇၈၇ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဟိုတယ်ပေါင်း ၁၀၃ လုံး၊ အခန်းပေါင်း ၃၃၅၅ ခန်း၊ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် နိုင်ငံခြားသား ၁၆၆၂၅၁ ဦးသာ ဝင်ရောက်ခဲ့သည့်အတွက် ဟိုတယ်အရေအတွက်များ တိုးတက်လာသော်လည်း ဧည့်သည်ဝင်ရောက်မှု လျော့နည်း သွားသဖြင့် ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် စဉ်းစားဆောင်ရွက် သင့်သည်ကို တွေ့ရှိရပါကြောင်း။
အင်းလေးဟိုတယ်ဇုန် စတင်အကောင်အထည်ဖော်ဆောင်သည့် မြေယာချထားမှု ဆိုင်ရာ စည်းကမ်းချက်များတွင် မြေယာ ချထားပြီး ၆ လအတွင်း အကောင်အထည် ဖော်ရန်ပါရှိပြီး၊ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးသာ ဆောက်လုပ်ပြီး ကျန်လုပ်ငန်းရှင် များ လိုက်နာအကောင်အထည်ဖော်မှု အားနည်းသည်ကို တွေ့ရှိရပါကြောင်း၊ အထက်ပါ အားသာချက်၊ အားနည်းချက် များအရ အင်းလေးဟိုတယ်ဇုန် ဆက်လက်ဆောင်ရွက်မည့် အစီအမံအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားရယူ၍ လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေအရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် ဟိုတယ်တည်ဆောက်ရန် ကြိုတင်ခွင့်ပြုချက် လျှောက် ထားခြင်း၊ ဟိုတယ်လိုင်စင်၊ တည်းခိုရိပ်သာ လိုင်စင်ထုတ်ပေးခြင်းများကိုလည်း ယင်းကော်မတီသို့ လွှဲအပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါကော်မတီမှ အင်းလေးဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ အပေါ် ဝန်ကြီးဌာနကလည်း ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ အငြိမ်းစား ပညာရေးဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်မှုအပေါ် လက်ရှိဝန်ထမ်း များ၏ ပင်စင်ခံစားခွင့်အတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၂ ခုနှစ် စက်တင်ဘာ ၈ ရက်မတိုင်မီ အငြိမ်းစားယူခဲ့သည့် မူလတန်း ကျောင်းအုပ်ကြီး (ပညာရှင်အဆင့်-၂) များ၏ နောက်ဆုံးထုတ် လစာသည် ငွေကျပ် ၅၃၀၀၀ နှုန်းဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ပေးခဲ့သည့် လက်ရှိလစာနှုန်းသစ်မှာ ငွေကျပ် (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၉ ရက်နောက်ပိုင်း အငြိမ်းစားယူခဲ့ပြီး အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်နှင့် ကိုက်ညီသော မူလတန်း ကျောင်းအုပ်ကြီးများ၏ ချိန်နှုန်းလစာမှာ ၅၉၀၀၀ ပြောင်းသွားသည့်အတွက် ၎င်းနှင့်ကိုက်ညီသည့် လက်ရှိ ချိန်နှုန်းအသစ်မှာ ငွေကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပင်စင်ဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ကြသော ဝန်ထမ်းများ၏ အငြိမ်းစားလစာကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာ ၃၀/၂၀၁၈ ၏ စာပိုဒ် ၃ တွင် ဖော်ပြထားသည့်အတိုင်း ဝန်ထမ်းအငြိမ်းစားယူသည့်အချိန်၌ ထုတ်ယူခဲ့သော နောက်ဆုံးထုတ်လစာနှင့် ကိုက်ညီသည့် လက်ရှိဝန်ထမ်းများ၏ ချိန်နှုန်းလစာအတိုင်း တိုးမြှင့်၍ တွက်ချက်ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ ဝင်ငွေခွန်ထမ်းဆောင်ရန် ဝင်ငွေမပြည့်မီသူများအတွက် ထုတ်ပေးသော ဝင်ငွေကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ လက်မှတ်ထုတ်ပေးမှုနှင့် ပတ်သက်၍ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူများက ပြည် သူများထံမှ ကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူ စစ်ဆေးပေး၍ မည်သူက တရားစွဲဆို အရေးယူပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး၏ ဒလမြို့နယ်တွင် အများသုံး ရေနှင့် သောက်သုံးရေ ဖြန့်ဝေနိုင်ရေးအတွက် Japan International Cooperation System (JICS) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကြား စာချုပ်ချုပ်ဆို ဆောင်ရွက် ထားသည့် စီမံချက်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း ကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် အစည်းအဝေးသည် ယနေ့ပြီးဆုံးမည် ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း အစည်းအဝေးကျင်းပရက် (၂၃) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း (၁၆၄) ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၅၅၄) ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝမ်းနည်းကြောင်းအဆို အပါအဝင် အဆို (၁၄) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၇)ခု၊ မှတ်တမ်းတင် အဆို ၆ ခုနှင့် တင်သွင်းပြီး ဆက်လက်ဆောင်ရွက်ရန် ကျန်အဆို(၁)ခုတို့ဖြစ်ကြပါကြောင်း၊ ယခင်က ကျန်ရှိသည့် ဥပဒေကြမ်းများ အပါအဝင် ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း စုစုပေါင်း ၂၈ ခုရှိပြီး ဥပဒေကြမ်း (၁၁) ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၅)ခု ကျန်ရှိပါကြောင်း။
ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄)ဦး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော်ရေးရာ ကော်မတီများအနေဖြင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြောင်းလဲခြင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ခွင့်ပြုခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ သိရှိလိုသည့် တစ်ဦးချင်း စုံစမ်းမေးမြန်းမှု (၇၀) ခု ပြန်ကြားပေးခြင်းနှင့် ကိန်းဂဏန်း ဆိုင်ရာ စာတမ်းတိုအပါအဝင် သုတေသန စာတမ်းတို စုစုပေါင်း (၁၁) စောင်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါကြောင်း။
လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး တာဝန်များ ဆောင်ရွက် သည့်အခါ ပြည်သူများအတွက် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေများကို ရေးဆွဲပြုဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး လက်ခံနိုင်သည့် ဥပ ဒေများ ဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှသာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှုများ ရှိလာ မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဥပဒေကို လေးစားလိုက်နာပြီး မဏ္ဍိုင်ကြီး (၃) ရပ်ကို ကိုယ်စားပြုနေကြသူများအားလုံးကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်နိုင်သည့် ဒီမိုကရေစီယဉ်ကျေးမှု ဖော်ဆောင်နိုင်မှသာ မိမိတို့လူ့အဖွဲ့ အစည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ကို သတိပြုကြ စေလိုပါကြောင်း။
ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြပါ၊ ပါတီများအချင်းချင်းအကြား၊ တိုင်းရင်းသားများနှင့် အဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို မျှော်ကိုးပြီးအတူ လက်တွဲဆောင်ရွက်ပေးကြပါ၊ ကိုယ်စားလှယ်များ၏ ဒေသအသီးသီးကို ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း ပြည်သူလူထုနှင့် ကင်းကွာမနေဘဲ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများတွင် တတ်အားသမျှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးစီးကြောင်း ကြေညာသည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက်

No comments:
Post a Comment