နေပြည်တော် ဩဂုတ် ၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ပညာရေးကောလိပ်များမှ သင်ကြားရေး
ဆရာ ဆရာမ များအတွက် ရာထူးတိုး/ပြောင်းရွှေ့ မှုဆိုင်ရာမူဝါဒနှင့် စပ်လျဉ်း၍
ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၃)၊
အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူ များ၊ ပညာရေးကောလိပ် ၂၅ ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာ ဆရာမ ၅၀ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုး/ ပြောင်းရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပညာရေးကောလိပ်မှ ပြုစုပျိုးထောင် မွေးထုတ်လိုက်သည့် ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများ၏ စံပြဖြစ်ရန်၊ အများက လေးစားတန်ဖိုး ထားသူများ ဖြစ်ရန်၊ အကျင့်စာရိတ္တ ကောင်းရန်၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းရန် အရေးကြီးပါ ကြောင်း၊ ပညာရေးကောလိပ်မှ ပြုစုပျိုးထောင်မွေးထုတ် ပေးလိုက်သော ဆရာ ဆရာမ များသည် မြန်မာနိုင်ငံ၏ ပညာရေးတွင် အရေးကြီးဆုံး၊ အခြေခံကျသော အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးကောလိပ်မှ ပညာရေးဒီဂရီ ကောလိပ်ဖြစ်အောင် ကြိုးစားနေခြင်း ကြောင့် ရာထူးတိုးရန် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ပါကြောင်း၊ ပညာရေး ကောလိပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များ၊ ပညာရေးတက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာန၏ ပထမဦးစားပေး ဖြစ်ပါ ကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် ပညာရေး ကောလိပ်များ၊ ဒေသနှင့် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး မျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေး စေလိုပါကြောင်း၊ တန်ဖိုးထား လေးစားရသည့် ဂုဏ်သိက္ခာရှိသော ပညာရေး ကောလိပ်များအဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာ ဆရာမများအတွက် ရာထူးတိုး/ ပြောင်း ဆောင်ရွက်မည့် တန်းစီဇယား ရေးဆွဲရေးမူကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment