Thursday, August 8, 2019

ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှီးနွယ်ဆက်စပ် အဖွဲ့အစည်းများ ပါဝင်သည့် ညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် သြဂုတ် ၈
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှီးနွယ်ဆက်စပ် အဖွဲ့အစည်းများ ပါဝင်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပြဿနာ အသွင်သဏ္ဍာန်ဖြစ်နေသော ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများ အားလုံးမှ စနစ်တကျ ပါဝင်ဆောင်ရွက်သော ပြည်သူ့ကျန်းမာရေး မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအ ဝေးသည် အလွန် အရေးကြီးပါကြောင်း၊ ခွေးရူးပြန်ရောဂါသည် တိရိစ္ဆာန်မှတစ်ဆင့်၊ အဓိကအားဖြင့် ခွေးမှ တစ်ဆင့် လူတို့ထံကူးစက်ပြီး ရောဂါဖြစ်ပွားပြီးနောက် ပျောက်ကင်းရန် ကုသမှုပေးနိုင်ခြင်း မရှိသဖြင့် အသက်သေဆုံးရသည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြောက်မက်ဖွက်ကောင်းသော ခွေးရူး ပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူ တစ်ရပ်လုံးကပါ ဝိုင်းဝန်းဆောင်ရွက်ကြမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။
(၂၀၁၇) ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူ (၁၅,၀၀၀) ခန့် ရှိခဲ့ရာမှ (၂၀၁၉) ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူပေါင်း (၁၀,၀၀၀)ခန့်အထိ ကျဆင်းလာသော်လည်း ခွေးကိုက်ခံ ရသည့် အရေအတွက် အလွန်များပြား နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွေးကိုက်ခံရသည့် လူနာများအား ကာကွယ်ကုသမှုပေးရန်အတွက် (၂၀၁၆-၂၀၁၇) ခု ဘဏ္ဍာနှစ်မှ (၂၀၁၈-၂၀၁၉) ခု ဘဏ္ဍာနှစ်အထိ ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးကို ငွေကျပ်(၁၃ ဒသမ ၇၂)ဘီလီယံခန့်နှင့် ခွေးရူးပြန် ဗိုင်းရပ်စ်ပိုး သတ်သည့် ပဋိပစ္စည်းကို ငွေကျပ် (၁ ဒသမ ၂)ဘီလီယံ ခန့် ဝယ်ယူရသည့်အတွက် နှစ်မျိုးပေါင်းကျပ်ငွေ (၁၅)ဘီလီယံ ခန့်ကို ယခုအစိုးရ လက်ထက်တွင် သုံးစွဲထားရပါကြောင်း။
ခွေးကိုက်ခံရသည့် လူနာများကို သီးသန့်ပိုမိုထိရောက်စွာနှင့် ဆေးအလေအလွင့် နည်းပါးစွာဖြင့် ကာကွယ် ကုသမှုပေးနိုင်ရန်အတွက် ခွေးကိုက်ခံရသူ လူနာများအား ကုသမှုပေးသည့် ဌာနများကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ဆောင် ရွက်နေကာ ဆက်လက်၍လည်း အခြား ဆေးရုံကြီးများတွင်လည်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကာကွယ်ကုသမှုများ ပေးအပ်နေသဖြင့် မြန်မာနိုင်ငံ၌ ခွေးရူးပြန် ရောဂါဖြင့် သေဆုံးသူ အရေအတွက်သည် (၂၀၁၄) ခုနှစ်တွင် (၁၅၂) ဦးရှိရာမှ (၂၀၁၈)ခုနှစ်တွင် (၇၁) ဦးအထိ ကျဆင်းလာပါကြောင်း။
ခွေးကိုက်မှုနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု များပြားသည့် နေရာဒေသ၊ မြို့နယ်များကို ဖော်ထုတ်၍ အဆိုပါနေရာဒေသများတွင် လုပ်ငန်းများကို ပိုမိုအားဖြည့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ (၂၀၂၀) ခုနှစ်တွင် အာဆီယံဒေသအတွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ကင်းစင်ရေး မဟာဗျူဟာတွင် ပါဝင်သည့် လူမှုယဉ်ကျေးမှု မူဘောင်၊ နည်းပညာမူဘောင်၊ အဖွဲ့အစည်းဆောင်ရွက်မှု မူဘောင်နှင့်အုပ်ချုပ်မှု စီမံခန့်ခွဲမှု မူဘောင်၊ အရင်းအမြစ်ဆိုင်ရာ စသည့် မူဘောင်များအတိုင်း ထည့်သွင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံးမှ ပါဝင်၍ အကျိုးထိရောက်မှု အရှိဆုံးသော လုပ်ငန်းစဉ်များဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက (၂၀၁၈) ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄) သန်းကျော်ရှိနေပြီး အလွန်များပြားပါကြောင်း၊ ခွေးရူးပြန်ရောဂါ၏ မူလအရင်းအမြစ်ဖြစ်သော ခွေးများတွင် ကာကွယ်ဆေးထိုးခြင်း၊ ခွေးကိုက်ခံရသည့် လူနာများကို အချိန်မီ ကာကွယ်ကုသခြင်းနှင့် ပြည်သူများ၏ အသိပညာ ဗဟုသုတများ မြှင့်တင်ခြင်းတို့ဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း။
သုတေသန တွေ့ရှိချက်များအရ မည်သည့် နေရာဒေသတွင်မဆို ခွေးကောင်ရေ၏ အနည်းဆုံး (၇၀ ရာခိုင်နှုန်း) အား ကာကွယ်ဆေးလွှမ်းခြုံအောင် ထိုးနှံပေးနိုင်ပါက ခွေးရူးပြန်ရောဂါ ကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ပါကြောင်း၊မြန်မာနိုင်ငံတွင် (၂၀၁၃) ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် ပျမ်းမျှခွေးကောင်ရေ (၁၅၀,၀၀၀) ခန့်ကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊Four Paws International အဖွဲ့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်တို့တွင် ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်း စီမံချက်ကို စက်တင်ဘာ (၂၈) ရက်တွင် ကျရောက်မည့် “ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားတွင် စတင်ဖွင့်လှစ်၍ (၂၀၁၉) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် (၂၀၃၀) ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါ ကင်းစင်စေရန်အတွက် ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ် ဆေးထိုးနှံခြင်း၊ ခွေးကိုက်ခံရသည့် လူနာများကို ကာကွယ် ကုသမှုပေးခြင်း၊ အသိအမြင်နှင့် ဗဟုသုတ မြှင့်တင်ခြင်းနှင့် ခွေးကောင်ရေ ထိန်းချုပ်ခြင်း တို့ကို ကဏ္ဍစုံ၊ ဌာနပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခွေးများအား အစုလိုက် ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံခြင်းကို လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွေးကိုက်ခံရသည့် လူနာများကို ကာကွယ်ကုသမှုပေးခြင်းကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ပြည်သူများနှင့် ကျောင်းနေအရွယ် ကလေးများကို အသိပညာ ဗဟုသုတ မျှဝေပေးခြင်းကိုလည်းကောင်း၊ စည်ပင်သာယာရေး ကော်မတီများနှင့် ဆက်စပ် နှီးနွှယ်ဌာနများမှ ခွေးကောင်ရေ ထိန်းချုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း အသီးသီး ဆောင်ရွက်လျက်ရှိပါကြောင်း။
(၂၀၃၀) ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိစေရေး ရည်မှန်းချက် အောင်မြင်စေရေးအတွက် ရေရှည်တည်တံ့သော ခွေးရူးပြန်ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းပေါင်းစုံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး အတူတကွ ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နှီးနွယ်အဖွဲ့ အစည်းအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်း ဆောင်ရွက်သော ကျန်းမာရေး မဟာဗျူဟာ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ World Organization for Animal Health (OIE) တို့က ဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်သည်။
ဆက်လက်၍ လူများတွင် ခွေးရူးပြန်ရောဂါ ကူးစက်ဖြစ်ပွားမှု ပပျောက်ရေးမဟာ ဗျူဟာနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment