Monday, July 29, 2019

ရွှေဘို၊ ကန့်ဘလူ၊ မုံရွာခရိုင်တို့၌ စိုက်ပျိုးရေးနှင့် ဈေးကွက်စွမ်းအားမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်


 
နေပြည်တော် ဇူလိုင် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုး ကျေးရွာအနီး ကာဘိုးရေလွှဲဆည်သို့ ရောက်ရှိစစ်ဆေးပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသော စိုက်ပျိုးရေကို တောင်သူများ ပြည့်ဝစွာ ရရှိအသုံးပြု နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအောက်ရှိ တာဝန်ရှိသူအသီးသီးတို့က အလေးထားဖြည့်ဆည်း ဆောင်ရွက် ပေးကြရမည်ဖြစ်သကဲ့သို့ ဆည်ရေအသုံးချမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဥပဒေများနှင့် ဌာနကစီမံခန့်ခွဲ ပေးနေမှုများ၊ တောင်သူများပူးပေါင်းပါဝင်ရန် လိုအပ်ချက်များကို ရေသောက်စနစ်အတွင်းရှိ တောင်သူများ သိရှိနားလည်လာစေရေးကိုပါ ကြိုးပမ်းပေးကြစေလိုကြောင်း တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။


ကာဘိုးရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မူးမြစ်ပေါ်တွင် တည်ရှိပြီး ကွန်ကရစ်ရေလွှဲဆည် အမျိုးအစားဖြစ်ကာ သဖန်းဆိပ်ဆည်မှ ပို့လွှတ် လိုက်သော ရေများအပါအဝင် နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ပေ ၄၄၈၇၅၀၀ ဧကကို ကာဘိုးရေလွှဲဆည်က ထိန်းသိမ်း၍ မြောင်းမတော်များ မှတစ်ဆင့် စိုက်ပျိုးမြေ ၃၂၁၆၆၇ ဧကကို ဖြန့်ဝေအကျိုးပြု လျက်ရှိသည်။ မြောင်းမတော်ကြီးများမှ ရေပေးလက်တံမြောင်း စုစုပေါင်း ၁၆၇ ခု ခွဲထွက်ပြီး မြောင်းခွဲလက်တံများ၏ စုစုပေါင်း အလျားမှာ ၅၉၅ ဒသမ ၅၀၉ မိုင် ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကင်းတပ်လက်ဝဲတူးမြောင်းတွင် သဲနုန်း ဆယ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် လိပ်ချင်းကျေးရွာရှိ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး AIIP စီမံကိန်း ရှေ့ပြေးအဆင့်မြင့် လယ်ယာ မြေဖော်ဆောင်ခြင်းစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး အေးချမ်းသာယာရွှေချင်းရွာ ရေအသုံးချသူများအသင်းမှ တောင်သူများ၊ စီမံကိန်းတာဝန်ယူ ဆောင်ရွက်မည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စီမံကိန်း လုပ်ငန်းကြီး အောင်မြင်မှု၊ ရေရှည်တည်တံ့ရေးနှင့် သားစဉ် မြေးဆက် အကျိုးခံစားခွင့် ရရှိရေး ပူးပေါင်းဆောက်ရွက်ကြရန်နှင့် ရေရှည်စီမံကိန်း ဖြစ်သည့်အတွက် တောင်သူ အစုအဖွဲ့ သမဝါယမချေးငွေနှင့် လိုအပ်သည့် မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ မျိုးစေ့သိုလှောင်ရုံများ တည်ဆောက်နိုင်ရေးတို့ ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲ တက်ရောက် လာသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားကြကာ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး ကြသည်။

ထို့နောက် စက်မှုလယ်ယာမြေဖော်ဆောင်နေမှု အခြေအနေများကို ကြည့်ရှုရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်းက သဖန်းဆိပ်ဆည်မှ ရေပေးမြောင်း၊ ရေသွယ်မြောင်း ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်း ပြသသည်။

စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်းအရ ၂၀၁၈ - ၂၀၁၉ခုနှစ်တွင် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ၅၇၅ဧက၊ ၂၀၁၉ - ၂၀၂၀ခုနှစ်တွင် ဝက်လက် မြို့နယ် ရွာတော်ကုန်း ကျေးရွာတွင် ၃၁၅ ဒသမ ၀၉ ဧက ၊ ဒီပဲယင်း မြို့နယ် ရွာရှည်နှင့် ကြခတ်ကျေးရွာတို့တွင် ၃၀၈ ဒသမ ၈၇ဧက၊ ရွှေဘိုမြို့နယ် မြင်ချင်ကျေးရွာတွင်၂၈၀ ဒသမ ၈၆ ဧက စုစုပေါင်း ၉၀၄ ဒသမ ၈၂ ဧကကို လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာတွင် ၄၉၉ ဒသမ ၈၅ ဧက၊ ရေဦးမြို့နယ် မုတ်စီကျေးရွာတွင် ၄၁၇ ဒသမ ၃၇ ဧက၊ တန့်ဆည်မြို့နယ် မယ်ဇလီပင် ကုန်းကျေးရွာတွင် ၁၄၄ ဒသမ ၀၄ ဧက၊ အက်ကြီးကျေးရွာတွင် ၁၆၃ ဒသမ ၃၅ ဧက၊ ရွာရှည်(မ) ကျေးရွာတွင် ၁၇၈ ဒသမ ၃၂ ဧက၊ ရွှေဘိုမြို့နယ် ကျားရွာကျေးရွာတွင် ၃၁၃ ဒသမ ၅၁ ဧက စုစုပေါင်း ၁၇၁၆ ဒသမ ၄၄ ဧက ကိုလည်းကောင်း၊ ၂၀၂၁ - ၂၀၂၂ခုနှစ်တွင် ရွှေဘိုမြို့နယ်ရှိ လိပ်ချင်း၊ ယင်းမာ၊ အောင်ချမ်းသာ၊ ဇီးဖြူကုန်းနှင့် ခွန်တောင်းငယ်ကျေးရွာတို့တွင် ၁၈၁၆ ဒသမ ၇၃ ဧကကို လည်းကောင်း စုစုပေါင်းဧကပေါင်း ၅၀၁၂ ဒသမ ၉၉ ဧကတို့ကို နှစ်အလိုက် အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment