Tuesday, July 30, 2019

မြန်မာ့အလေးမ အားကစားလောကဖွံ့ ဖြိုးတိုးတက်လာစေရန် ခေတ်မီ သိပ္ပံနည်းကျသော နည်းစနစ်များ၊ နည်းဗျူဟာများ၊ ဥပဒေပိုင်းများ၊ အားကစားစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များပေါင်းစပ်၍ ကြိုးစားဆောင်ရွက်ရမည်


နေပြည်တော် ဇူလိုင် ၂၉
အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IWF Development Program 2019 Seminar and Workshop For Technical Officials အလုပ်ရုံ ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မြန်မာ့ အလေးမအားကစားလောက ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီ သိပ္ပံနည်းကျသော နည်းစနစ်များ၊ နည်းဗျူဟာများ၊ ဥပဒေပိုင်းများ၊ အားကစားစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ ပေါင်းစပ်၍ ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ လေ့လာကြရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသည့် သင်ခန်းစာများနှင့်ပေါင်းစပ်ပြီး မိမိတို့ရှိ အရည်အချင်းများဖြင့် သမာသမတ်ရှိသည့် ဒိုင်လူကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်အောင် ကျင်းပခွင့်ပေးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Tamas Ajam, Mr. Intarat, Mr. Miwat (TAWA), ဦးဆောင်ဆွေးနွေးခဲ့သည့် Dr. Sirilak Thatman နှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် Technical Expert Dr. Sirilak Thatman က အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအား ဂုဏ်ပြု လက်မှတ်ပေးအပ်ရာ သင်တန်းသားများကိုယ်စား အမျိုးသား ကိုယ်စားလှယ် နှစ်ဦး၊ သင်တန်းသူများကိုယ်စား အမျိုးသမီး ကိုယ်စားလှယ် နှစ်ဦးကလက်ခံရယူသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက Technical Expert Dr. Sirilak Thatman အား ဂုဏ်ပြုလက်မှတ် ချီးမြှင့်သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ သင်တန်းသား ၃၂ ဦး၊ သင်တန်းသူ ၁၈ ဦး စုစုပေါင်း ၅၀ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment