မန္တလေး
ဇူလိုင် ၂၈
လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ စမ်းသပ်ကာလတစ်နှစ်
သတ်မှတ်၍ ဥရောပ ခြောက်နိုင်ငံ မှ နိုင်ငံတကာ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့်
လေကြောင်းလိုင်းများမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွား
ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ဝင်ရောက်ခွင့်ပြုမည်
အဆိုပါ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဥရောပ
ခြောက်နိုင်ငံဖြစ်သော ဩစတြီးယား၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ
ခရီးသွားများအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ
ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက်
၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ဖြေလျှော့မှုများအဖြစ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို
ဗီဇာ ကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း
သိရသည်။
ပိုမိုဝင်ရောက်လာဖို့လို
''ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ
ခရီးသွားအရင်းအမြစ်တွေ အများကြီးရှိတဲ့အတွက် နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေ ပိုမိုဝင်ရောက်လာဖို့
လိုအပ်ပါတယ်။ ဒါကြောင့် ဗီဇာကင်းလွတ်ခွင့်တွေ ဆိုက်ရောက်ဗီဇာစနစ်တွေနဲ့ ဖြေလျှော့မှုတွေ
ပေးပြီး ဆောင်ရွက်နေသလို ပြည်တွင်းမှာရှိတဲ့ ခရီးစဉ်ဒေသတွေကို ပိုမိုသိရှိအောင် ဆောင်ရွက်ဖို့
လိုအပ်တဲ့အတွက် ခရီးစဉ်ဒေသတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေ တိုက်ရိုက်ချိတ်ဆောင်ရွက်နိုင်အောင်
Digital marketing စနစ်ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဗီဇာဖြေလျှော့မှုများနှင့်
နိုင်ငံတကာလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း ပြေးဆွဲပေး နေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းသို့
နိုင်ငံတကာ ခရီးသွား ဧည့်သည် တိုးတက်များပြားစွာ ဝင်ရောက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊
ဒေသခံ ပြည်သူများ အကျိုးစီးပွားကို ဖြစ်ပေါ်စေမည့် ခရီးသွားများ အဓိကဝင်ရောက် လာစေရန်လည်း
မျှော်မှန်းလုပ်ဆောင်နေကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံတကာ
ခရီးသွားဧည့်သည် ဝင်ရောက်မှု အနေဖြင့် ၂၀၁၆ ခုနှစ် တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင်
၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်လျက်ရှိပြီး ယခု ၂၀၁၉ ခုနှစ်တွင် ခြောက်လတာ
ကာလအတွင်း၌ သုံးသိန်းကျော် ဝင်ရောက်လျက်ရှိရာ ယမန်နှစ်များထက် ပိုမို ဝင်ရောက်နိုင်မည်ဟု
ခန့်မှန်းထားရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment