Tuesday, July 30, 2019

ပင်လယ်ရေထွက်ကုန် ငါး၊ ပုစွန်အရှင်များအား ပြည်ပနိုင်ငံများသို့ စက်တင်ဘာလတွင် တိုက်ရိုက်တင်ပို့မည်


ရန်ကုန် ဇူလိုင် ၂၉
ပြည်တွင်းရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေပိုမိုရရှိလာစေရန် အတွက် ပင်လယ်ရေထွက်ကုန်အရှင်များအား ပြည်ပ နိုင်ငံများသို့ စက်တင်ဘာလတွင် တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေပိုမိုရရှိ
ပြည်တွင်းပင်လယ်ရေထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်းများကို ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့သို့ တိုက်ရိုက် တင်ပို့သွား မည်ဖြစ်သည်။ ပြည်တွင်း ငါးဖမ်းလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ပင်လယ်ရေထွက်ကုန်များကို ရှာဖွေနေသည့် ရေလုပ်သားများ ဝင်ငွေပိုမို ရရှိလာစေရန်၊ ငါးဖမ်းလုပ်ငန်းကို မြှင့်တင်ရာရောက်ပြီး ပြည်တွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း Super Search Investment (Hong Kong) Company Limited မှ မြန်မာနိုင်ငံရုံး တာဝန်ခံ ဦးမိုက်အောင်မြင့်ထွန်း ကပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ ရေထွက်ကုန်အရှင်များကို အပို့နည်းနေပြီး အေးခဲပြီးသား ရေထွက်ကုန်များ ကိုသာ ပြည်ပနိုင်ငံများ သို့ တင်ပို့နေကြောင်း၊ ဈေးကွက် အရပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်ကွာခြားမှုရှိပြီး ပြည်တွင်း၌ ကြိုက်ငါး၊ ကြိုက်ပုစွန်များကို ရောင်းချနိုင်ကြောင်း၊ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့ရန် အတွက် သတ်မှတ်အရွယ်အစား၊ အရည်အသွေးများ ရရှိစေရန် လိုအပ်ကြောင်း၊ ရေထွက်ကုန်အရှင် တင်ပို့ရာတွင် ကုန်ကျစရိတ် များပြားသော်လည်းဈေးကောင်း ပိုမိုရရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ လက်ရှိရေထွက်ကုန်တွေကို အရှင်ဖမ်းလေ့ဖမ်းထ မရှိတဲ့အတွက်ကြောင့် အရှင်တင်ပို့နိုင်ဖို့အတွက် ထုပ်ပိုးပြီး သယ်ဆောင်နိုင်ဖို့ကို ဒီနေ့ကစပြီး သင်တန်းတွေပို့ချပေးနေပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရရှိရေးနဲ့ နည်းပညာ ပါ ရရှိအောင် သင်တန်းပို့ချပေးနေတာပါ" ဟု ဦးမိုက်အောင်မြင့်ထွန်းက ပြောသည်။
အဆိုပါ ပြည်တွင်းရေထွက်ကုန်များကို ထုပ်ပိုး သယ်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၌ ဇူလိုင် ၂၉ ရက်မှစတင်၍ သင်တန်းသား သင်တန်းသူ ၂၆ ဦးအား ဝါရင့်နိုင်ငံခြားပညာရှင် နှစ်ဦးက သင်တန်းပို့ချပေးလျက်ရှိပြီး သင်တန်းအား ဇူလိုင် ၃၁ ရက်အထိ ပို့ချပေးမည်ကြောင်းနှင့် ပင်လယ်ရေထွက်ဒေသများဖြစ်သော မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များတွင်လည်း သင်တန်းများ ထပ်မံပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပင်လယ်ရေထွက်ကုန်များ တင်ပို့ရန်အတွက် ပထမဦးစားပေး အဆင့်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယ ဦးစားပေးအနေဖြင့် ရခိုင်ပြည်နယ်၊ တတိယဦးစားပေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တို့အား ရွေးချယ်ထားကြောင်းနှင့် ရေထွက်ကုန်များကို အချိန်မီ တင်ပို့နိုင်ရန်အတွက် လေကြောင်းလိုင်းအား ရွေးချယ် ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment