ရန်ကုန်
ဇူလိုင် ၂၈
တိပိဋကပုလဲရောင်ရှိန် စာသင်တိုက်ဆရာတော်၊
၁၁ ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလ၏ ဝိဇာတပူဇာ မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ အဆိုပါ
စာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ
မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်
ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ
ရွတ်ပွား ချီးမြှင့်တော်မူကြပြီး ဧည့်ပရိသတ် များက ဆရာတော် သံဃာတော်များအား လှူဖွယ်
ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အလှူရှင်များက အလှူငွေများနှင့်
တိပိဋကစက္ခုပါလ မျက်စိဆေးခန်းမှ မျက်စိဆရာဝန်ကြီးများနှင့် သူနာပြုများအတွက် ဝတ်စုံများကို
ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် မော်ကျွန်းဆရာတော် ရွှေရတုတိပိဋကဓရ
ဓမ္မဘဏ္ဍာရိက ဘဒ္ဒန္တ သီလက္ခန္တာဘိဝံသက အနုမောဒနာ တရားမြွက်ကြားတော်မူပြီး တိပိဋက ပုလဲရောင်ရှိန်
စာသင်တိုက်ဆရာတော်က ရေစက်ချတရား မြွက်ကြားတော်မူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း
အမျှပေးဝေကြသည်။
တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော်သည်
မြန်မာတစ်နိုင်ငံလုံးတွင် တိပိဋကဓရဘွဲ့ရ ဆရာတော် ၁၄ ပါးရှိသည့်အနက် ၁၁ ပါးမြောက်ဖြစ်သည်။
မျက်စိအလင်းပေးလှူနိုင်
တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ဆရာတော်ဦးဆောင်စီမံ၍
တိပိဋကစက္ခုပါလ အဖွဲ့ ဖွဲ့စည်းပြီး အဆိုပါ စာသင်တိုက်ရှိ တိပိဋကစက္ခုပါလ မျက်စိဆေးခန်းတွင်
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ မွန်းတည့်
၁၂ နာရီအထိ တစ်လလျှင် လေးရက် မျက်စိဆရာဝန်ကြီးများက စမ်းသပ် ကုသပေးလျက်ရှိရာ မျက်စိဝေဒနာရှင်
ရဟန်းရှင်လူ မည်သူမဆို အခမဲ့လာရောက် ကုသနိုင်ကြောင်း၊ အလှူရှင်များအနေဖြင့် မျက်စိတစ်လုံးလျှင်
ခွဲစိတ်ကုသစရိတ် ငွေကျပ် ကျပ်လေးသောင်းနှုန်းဖြင့် မျက်စိအလင်း ပေးလှူနိုင်ကြောင်း သိရသည်။
ရီရီမြင့်
ဓာတ်ပုံ - လှမိုး

No comments:
Post a Comment