ဘူဒါပတ်စ် ဇွန် ၅
ချက်သမ္မတနိုင်ငံ Prague မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသမ္မတ Mr. Milos Zeman နှင့် ဇွန် ၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် Prague မြို့ရှိ သမ္မတရုံး ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာထိတွေ့ ဆက်ဆံသွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Prague မြို့ရှိ အမျိုးသားပြတိုက် ၌ ကျင်းပသည့် “မြန်မာ့အလှ” ဓာတ်ပုံပြပွဲဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား ပြီး ဓာတ်ပုံပြပွဲတွင် ပြသထားသည့် မြန်မာနိုင်ငံ၏ သဘာဝတောတောင်အလှ ဓာတ်ပုံ များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအား ရိုက်ကူးထားသည့် ဓာတ်ပုံများအား လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေပိုင်းတွင် ချက်သမ္မတနိုင်ငံ Prague မြို့မှ ဟန်ဂေရီနိုင်ငံသို့လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Martin Tlapa၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာနိုင်ငံ ဆိုင်ရာ ချက်နိုင်ငံသံအမတ်ကြီး Mr. JaroslavDolecek နှင့် တာဝန်ရှိသူများက Prague အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိကြရာ ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန Deputy State Secretary Mr. Laszlo Varadi ၊ ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံသံအမတ်ကြီး Mr. SzilvesZter Bus၊ အာရှပစိဖိတ်ရေးရာညွှန်ကြားရေးမှူးချုပ် Mr. Peter Jakab၊ သံတမန်ရေးရာညွှန်ကြားရေးမှူးချုပ် Ms.Edina PasZtor နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဘူဒါပတ်စ်မြို့ရှိ ခေတ္တ တည်းခိုမည့် Kempinski ဟိုတယ်သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)
No comments:
Post a Comment