Monday, June 10, 2019

ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၏ ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးအကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံး အမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင်ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ (TVET) ပညာရေးကို ပထမတန်းစား ပညာရေးဖြစ်အောင် ကြိုးစားဆောင်ရွက် နေပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ (TVET) ကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိသလို အရည်အသွေး မြင့်မားရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ သက်မွေးပညာကျောင်း (၆) ကျောင်းအပါအ၀င် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းပေါင်း (၆၆) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဆရာ ဆရာမဦးရေ (၃၃၃၁) ဦးရှိနေပြီ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၅) နှစ်တာကာလ အတွင်း ဥရောပသမဂ္ဂ (EU) ၏ထောက် ပံ့မှုဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အညွှန်းကိန်း (၁၀) ခုအနက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှု အညွှန်းကိန်း (၄) ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အညွှန်းကိန်း (၄) ခုအနက် သက်ဆိုင်ရာ ကျောင်းများတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှု ဗဟိုဌာနများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး တစ်ခုအပါအ၀င် ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ စက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်သူများကို မွေးထုတ် ပေးနိုင်ရေး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံနှင့် ပြင်ပ အဖွဲ့အစည်းများ ပူးပေါင်း၍ အလုပ်အကိုင်များ ရရှိအောင် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲ နိုင်ရေးနှင့် နှစ်အလိုက် လိုအပ်သည့်ဘဏ္ဍာ ငွေလျာထားမှုများအား စနစ်တကျတင်ပြ၍ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရေး အလေးထား ဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေးအား ဇွန် ၁၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးနေမှုများကို သွားရောက် လှည့်လည်ကြည့်ရှု၍ ၀န်ထမ်းများနှင့် အမှတ်စာရင်းထုတ်ယူသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ဇွန် (၁၀) ရက်မှစတင်ကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် လည်းကောင်း၊ ရန်ကုန်မြို့အမှတ် (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ် အခြေခံပညာ ကျောင်းသုံးစာအုပ် သိုလှောင်ရုံဝင်းအတွင်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တို့တွင်လည်း ကောင်းတစ်ပြိုင်နက်တည်း စတင်ထုတ်ဝေပေးလျက် ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ယူရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ အမှတ်စာရင်း ထုတ်ပေးရေး mobile အဖွဲ့များသည် မန္တလေးမြို့ အ.ထ.က (၁၄)၊ ရမည်းသင်းမြို့ အ.ထ.က (၁)၊ တောင်ငူမြို့ အ.ထ.က (၁)၊ ပဲခူးမြို့ အ.ထ.က (၁)၊ သာယာဝတီမြို့ အ.ထ.က (၁)၊ ပုသိမ်မြို့ အ.ထ.က (၁)၊ ဟင်္သတမြို့ အ.ထ.က (၁) ကျောင်းများတွင် တစ်ပြိုင်နက်တည်း ထုတ်ဝေပေးလျက်ရှိပြီး ထိုမှတဆင့် ပြည်နယ်နှင့် တိုင်းများသို့ ဆက်လက်ထွက်ခွာ၍ အမှတ်စာရင်းများကို တစ်စောင်လျှင် (၄၀၀) ကျပ်နှုန်းဖြင့် ထုတ်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment