Friday, June 14, 2019

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ


ရန်ကုန် ဇွန် ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော် များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာရဏီယ အဖွင့်သြ၀ါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး ဒုတိယ၀န်ကြီး ဦးကြည်မင်းက ဂုဏ်ပြု ၀မ်းမြောက်စကား လျှောက်ထားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ကိုယ်စား ဒုတိယပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ပါရဂူဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်းသုံးပါး၊ သီလရှင် သုံးပါး၊ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်း ခြောက်ပါး၊ သီလရှင် ငါးပါး၊ အမျိုးသမီး သုံးဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၀ိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်း ၂၂ ပါး၊ သီလရှင် ၁၅ ပါး၊ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်ရရှိသူ ရဟန်း ၂၆ ပါး၊ သီလရှင် ကိုးပါး၊ အမျိုးသား လေးဦး၊ အမျိုးသမီး ၁၂ ဦးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင် များ ချီးမြှင့်အပ်နှင်းပြီး သြ၀ါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ပြည်ပနိုင်ငံ ၁၄ နိုင်ငံနှင့် ပြည်တွင်းမှ ရဟန်း သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ တက်ရောက်လျက် ရှိကာ ယနေ့ အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်ခဲ့သော ပြည်တွင်း၊ ပြည်ပ သင်တန်းသား များမှ ပါရဂူဘွဲ့ရရှိသူ ၃၂ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၀၃ ပါး/ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ ၇၄၆ ပါး/ဦး၊ ဒီပလိုမာ အောင်လက်မှတ်ရရှိသူ ၁၁၂၈ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြည်တွင်း၊ ပြည်ပသင်တန်းသား စုစုပေါင်း ၃၂၆ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး

No comments:

Post a Comment