ရန်ကုန် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ
လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက်
ရှင်းလင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
အမှာစကားပြောကြား ရာတွင် “အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်မှာ သုံးနှစ်ကျော်ကာလကို
ရောက်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာ
ကာလအတွင်း တိုင်းဒေသကြီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍနယ်ပယ်အသီးသီးမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊
အဓိကပြုပြင်ပြောင်းလဲမှုများအနေဖြင့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို
ပြင်ဆင်ပြီးနောက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး တိုင်းဒေသကြီးမှာပင် ပိုမိုဆောင်ရွက်နိုင်သည့်
အခွင့်အလမ်းများကို ပေးခဲ့ကြောင်း။
မြို့တော်စည်ပင်သာယာရေးဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့
တိုင်းဒေသကြီးအဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်အနေဖြင့်လည်း လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းမှာပင် လျင်မြန်စွာဆောင်ရွက်နိုင်ရန်
ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း တိုင်းဒေသကြီးအစိုးရအနေဖြင့်
မြို့တော်စည်ပင်သာယာရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် ၂၀၁၈ မြို့တော်စည်ပင်သာယာရေး
ဥပဒေနှင့် အညီ မြို့တော်စည်ပင်သာယာရေး ရွေးကောက်ပွဲကို ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း။
သယ်ယူပို့ဆောင်ရေး ကဏ္ဍနယ်ပယ်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေး
စနစ်ကို ပြုပြင်ပြောင်းလဲခဲ့သည်မှာ နှစ်နှစ်ကျော်ကာလကို ရောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာမီ
ကာလ အတွင်း Paymant Card စနစ်ဖြင့် စီးနိုင်ရန် ဆက်လက်စီစဉ် ဆောင်ရွက်နေကြောင်း၊ ထို့ပြင်
ဘတ်စ်ကားမှတ်တိုင်များ အဆင်မြှင့်တင်မှုကိုလည်း လုပ်ဆောင်နေကြောင်း၊ မြို့ပြသာယာလှပစေမှုအတွက်
ကြိုးပမ်းနေခြင်းသာဖြစ် ကြောင်း၊ အများပြည်သူ လည်ပတ် သွားလာနိုင်သည့် ပန်းခြံများကိုလည်း
စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ ထို့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို
ပိုမိုကောင်းမွန်သည့် အဆင့်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရထားလမ်း၊
ကားလမ်း၊ ရေလမ်းများနှင့်လည်း စနစ်တကျချိတ်ဆက်နိုင်ရန် ကြိုးပမ်း နေကြောင်း၊ Water
Bus ပြေးဆွဲနိုင်မှုမှာ ရန်ကုန်မြစ်ကြောင်းမှာသာ ပြေးဆွဲနိုင်သေး ကြောင်း၊ ငမိုးရိပ်ချောင်းရိုးတွင်
ပြေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပါကြောင်း၊
ရထားလမ်း၊ ကားလမ်း၊ ရေလမ်း ဆုံနေရာများကို ပိုမိုဖွံ့ ဖြိုးတိုးတက်သည့် နယ်မြေများဖြစ်စေရန်
ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပိုမိုကောင်းမွန်သည့်
သယ်ယူ ပိုဆောင်ရေးစနစ်သစ် ပေါ်ထွန်းစေရန် JICA နှင့် ညှိနှိုင်းကာ ရထားလမ်း အဆင့် မြှင့်တင်မှု
ပြုလုပ်နေကြောင်း ။
တန်ဖိုးနည်းအိမ်ရာများတည်ဆောက်နိုင်ရန်
ရင်နှီးမြှုပ်နှံမည့်သူများဖိတ်ခေါ်
တိုင်းဒေသကြီးအတွင်း လူဦးရေတိုးပွားလာမှုအရ
နေထိုင်ရေးအခက်အခဲရှိနေ သူများကို အမြန်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်
ကြိုးပမ်းနေကြောင်း၊ ယင်းအခြေအနေသို့ ရောက်ရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အနေဖြင့်လည်း စနစ်တကျပြင်ဆင်ဆောင်ရွက်နေကြောင်း၊ ခြောက်လတာကာလ အတွင်း အမြန်ဆုံးနေရာချထားပေးနိုင်ရန်
စီစဉ်ဆောင်ရွက်နေကြောင်း၊ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်နိုင်ရန် ရင်နှီးမြှုပ်နှံမည့်သူများကိုလည်း
ဖိတ်ခေါ်ထား ကြောင်း၊ သတင်းမီဒီယာနှင့်ပတ်သက်၍လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
လစဉ်တွေ့ဆုံရန် စီစဉ်ထားရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက
သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး
က တိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို
ရှင်းလင်းပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက
တိုင်းဒေသကြီးအတွင်း လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊
တိုင်းဒေသကြီး၏ ဘတ်ဂျက်နှင့် ဘဏ္ဍာရေးအခြေအနေများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများတိုးတက်လာမှုများနှင့်
ချေးငွေရရှိမှု ဆောင်ရွက်ပေးမှုအခြေအနေများ၊ စီပွားရေးမူဝါဒ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု
အခြေအနေများ၊ သောက်သုံးရေရရှိမှု ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်
စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက တိုင်းဒေသ ကြီးအတွင်း စပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှုအခြေအနေများ၊
ဆန်စားသုံးမှု ဖူလုံစေရေး၊ စပါးအထွက်နှုန်းကောင်းမွန်စေရေးအတွက် နည်းပညာပိုင်း ပံ့ပိုးကူညီပေးမှုများနှင့်
ရေလုံလောက်စွာရရှိရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တိုင်းဒေသ ကြီးအတွင်း
သဘာဝဘေးဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် ဒီရေတောထိန်းသိမ်းမှုနှင့် တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ မွေးမြူရေး လုပ်ငန်းများ၊ ငါးလုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်သွားမည့်
အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း သားငါး ဖူလုံစွာရရှိရေးနှင့် ပြည်သူတို့အတွက် ဈေးနှုန်းချိုသာစွာ
ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်
အခြေအနေများ၊ စက်သုံးဆီဈေး တည်ငြိမ်လျှော့ချရေး အတွက် ဈေးနှုန်းထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်း ပြောကြားသည်။
နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များပေါ်ထွန်းလာရေး
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေ့စဉ်သုံးစွဲနေမှု
အခြေအနေ များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေမှုအခြေအနေများနှင့် ကျေးရွာမီးလင်းရေးနှင့်
လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေများ၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်ကြီးများ နှင့် အဓိကအရေးပါသည့်
နေရာများကို လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး အတွက် အလေးထားဆောင်ရွက်နေမှုများ၊ ဒဂုံမြို့သစ်
လေးမြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့တွင် လမ်းမီးရရှိရေးဆောင်ရွက်နေမှုများနှင့်
နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး၊
သယ်ယူပို့ဆောင်ရေးနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ကြီးကြပ်စီစဉ် ဆောင်ရွက်နေမှုအခြေအနေများ၊
စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်စီးနင်းခြင်းများ နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုများကို
ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ရန်ကုန်မြို့တော်ဝန်ကိုယ်စား ဒုတိယမြို့တော်ဝန်
ဦးစိုးလွင်က ရန်ကုန်မြို့ ပြ ဖွံ့ ဖြိုး ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လူကူးခုံးကျော်တံတားနှင့်
ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုများ၊ တန်ဖိုးလျော့၊ တန်ဖိုးမျှအိမ်ရာစီမံကိန်း
တည်ဆောက်မှုအခြေအနေများ၊ ပြည်သူများအပန်းဖြေနိုင်ရန် ပန်းခြံများနှင့် အားကစားကွင်းများ
မွမ်းမံပြင်ဆင်ခဲ့မှုများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သာယာ လှပရေးဆောင်ရွက်မှုအခြေအနေများ၊
လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်ရေးဆောင်ရွက်မှုအခြေအနေများ၊
အထပ်နိမ့်၊ အထပ်မြင့်အဆောက်အဦများ ခွင့်ပြုခဲ့မှုများ၊ အခွန်အခကောက်ခံမှုများနှင့် ဝင်ငွေရရှိခဲ့မှု
အခြေအနေများ၊ မြို့ရေပေးရေးစီမံကိန်းများ၊ တိုးတက်လာသော လူဦး ရေနှင့်အညီ သောက်သုံးရေမရရှိသေးသောနေရာများအား
သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ရေပေးဝေရေးနှင့် အဝီစိတွင်း
တူးဖော်မှု အခြေအနေများ၊ ရေကြီးရေလျှံမှုမဖြစ်ပွားစေရန်နှင့် မြို့တွင်းခြောက်မြို့နယ်
ရေကြီး ရေလျှံမှုလျှော့ချရေးတို့အတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ကျောင်းများတွင် စာကြည့်တိုက်များတိုးချဲ့
ဖွင့်လှစ်
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးအတွင်း
ပညာရေးနှင့်ပတ်သက် သည့် ဆောင်ရွက်မှုများ၊ အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်များတိုးချဲ့
ဖွင့်လှစ်မှုများနှင့် ကျောင်းသား ကျောင်းသူများအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပမှုများ၊
တိုင်းဒေသကြီးအတွင်း သာသနာရေးနှင့် ပတ်သက်သည့် ဆောင်ရွက် ချက်များ၊ အားကစားပြိုင်ပွဲများ
ကျင်းပမှုနှင့် ဘတ်ဂျက်သုံးစွဲမှုအခြေအနေများ၊ သဘာဝဘေး ဒဏ်ဖြစ်ပေါ်မှုအခြေအနေများကြောင့်
ထောက်ပံ့ပေးခဲ့မှုများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
နော်ပန်းသဉ္ဇာမျိုးက တိုင်းဒေသကြီး အတွင်း ကရင်စာပေသင်ကြားရေးနှင့် ကရင်စာပေသင်ကြားပေးသည့်
ဆရာ ဆရာမ များ မွေးထုတ်ပေးနေမှုအခြေအနေများ၊ တိုင်းရင်းသားစာပေတည်တံ့စေရေး အတွက် ဆောင်ရွက်မှုအခြေအနေများ၊
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ခဲ့မှုများ၊ အခြားသော တိုင်းရင်းသားရေးရာကိစ္စများ ဆောင်ရွက်ပေးမှုအခြေအနေများ၊
ဟိုတယ်၊ တည်းခိုရိပ်သာ လိုင်စင်ထုတ်ပေးမှုနှင့် သက်တမ်းတိုးပေးမှုအခြေအနေများ၊ ဟိုတယ်
နှင့် ခရီးသွားကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ခရီးလှည့်လည်ရေးလိုင်စင်
ထုတ်ပေးမှု၊ သက်တမ်းတိုးပေးမှုအခြေအနေများနှင့် တိုးတက် လာမှု အခြေအနေများ ၊ ဟိုတယ်၊ တည်းခိုရိပ်သာ
အငြင်းပွားမှုများနှင့် အမှုဖြစ်ပွားမှု အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေးတာဝန်
ဆောင်ရွက်ခဲ့မှု များနှင့် စာကြည့်တိုက်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းဒေသကြီး
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ နှင့် တိုင်းဒေသကြီးအတွင်း
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ပေးခဲ့
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးဇော်အေးမောင်က ရခိုင်စာပေ၊ ရခိုင်သမိုင်း၊ ယဉ်ကျေးမှုခိုင်မာပြန့်ပွားစေရေးနှင့် တိုင်းရင်းသား
စည်းလုံးညီညွတ်မှုကို ဦးတည်၍ ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု အခြေအနေများနှင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှု များ၊
အလုပ်ရှင်မှ အလုပ်သမားများအား လျော်ကြေးပေးဆောင်ခဲ့မှုများနှင့် တိုင်းဒေသ ကြီးအတွင်း
အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ခဲ့မှုများ၊ အခြားသော တိုင်းရင်းသားများ၏ စာပေ၊
ယဉ်ကျေးမှုရေးရာကိစ္စများ ဆောင်ရွက်ပေးမှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက သိရှိလိုသည်များကို
မေးမြန်းရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီများက
ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားသည်။
ယနေ့ရှင်းလင်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်း-ဝင်းဝင်းမော်၊ ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်
No comments:
Post a Comment