Monday, June 10, 2019

ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၁၀
နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်ရရှိပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဆန်တန်ချိန် (၁) သိန်းတင်ပို့ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၁၉ ခုနှစ် ဧပြီ (၂၅) ရက်မှ (၂၇) ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်ရရှိခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန်တန်ချိန် (၁) သိန်းတင်ပို့ရေးကိစ္စနှင့် ပတ်သက်၍ တင်ပို့မည့်နည်းလမ်းများ အား ဆွေးနွေး အဖြေရှာနိုင်ရန်အတွက် ဝိုင်းဝန်း ဆွေနွေးကြပါရန် ပြောကြားလိုကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နည်းလမ်း (၄) မျိုးဖြင့် ဆန်တင်ပို့လျက်ရှိရာ ပထမနည်းမှာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ G to G စနစ်ဖြင့်တင်ပို့ခြင်း၊ ဒုတိယနည်းမှာ Sister City MOU အရ ကုန်ပစ္စည်းခြင်း ဖလှယ်သည့် စနစ်ဖြင့်တင်ပို့ခြင်း၊ တတိယနည်းမှာ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် တိရစ္ဆာန်အစာအဖြစ် ဆန်ကြမ်း၊ ဆန်ကွဲတို့အား ကုန်ကြမ်းအဖြစ်တင်ပို့ခြင်း၊ စတုတ္ထနည်းမှာ တရုတ်နိုင်ငံမှ သွင်းကုန် ကုမ္ပဏီများအတွက် တရုတ်နိုင်ငံအစိုးရမှ သတ်မှတ်ပေးထားသော Quota ဖြင့် မြန်မာကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူခြင်း စသည့် နည်းလမ်းများ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ၎င်းတို့သတ်မှတ်ထားသည့် Sanitary and Phytosanitary – SPS Protocol များကို လေ့လာ၍ စံချိန်စံညွှန်းဆိုင်ရာ အရည်အသွေးပြည့်မီစွာ စနစ်တကျ တင်ပို့သွားနိုင်ရေး ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊
နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှု ရရှိပြီးဖြစ်သည့် G to G စနစ်ဖြင့် တင်ပို့မည့် မြန်မာ့ဆန်တန်ချိန် (၁) သိန်းအား လာမည့် အောက်တိုဘာလအတွင်း အပြီးသတ် တင်ပို့သွားနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် လာမည့်အောက်တိုဘာလအတွင်း လက်ရှိသတ်မှတ်ပေးထားသော ဆန် Quota ခွဲတမ်းအား ပြင်ဆင်သတ်မှတ် မှုများ ပြုလုပ်ရန်ရှိသည့်အတွက် ရရှိပြီး Quota ပမာဏအပေါ် အချိန်မီတင်ပို့နိုင်ရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တာဝန်ရှိသူများ အနေဖြင့် ဆန်တင်ပို့နိုင်ရေးနှင့် ပတ်သက်၍ စနစ်တကျဖြစ်စေရန် ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေနွေး အကြံပြုသွားရန် စသည်ဖြင့် ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူ များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် Japan Patent Office မှ Director-General , Mr. Susumu Iwasaki အဖွဲ့နှင့် တွေ့ဆုံ၍ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အများပြည်သူအား အသိပညာပေးရေးနှင့် ပေါင်းကူး ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်ကျင့်သုံး ဆောင်ရွက်သွားနိုင်ရေး၊ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား နည်းပညာအသုံးပြု အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး၊ IP Cyber Security ခိုင်မာစွာထားရှိ ဆောင်ရွက်သွား နိုင်ရေးနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် Japan Patent Office မှ ပံ့ပိုးကူညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment