Sunday, June 9, 2019

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေး


နေပြည်တော် ဇွန် ၈
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် တပ်မတော်နှင့်ညှိနှိုင်းမှု၊ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန် ၇ ရက်မှ ၈ ရက်အထိ ကျင်းပသည်။

တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါအခမ်းအနားသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခုကျင်းပသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် တစ်ချိန်တည်း မှာပင် ဇွန် ၇ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၁၉) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမကြီးတွင် လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအား ဖိတ်ကြား၍ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ လမ်းညွှန် မှာကြားချက်နှင့်အညီ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရနိုင်ဘဲ တပ်မတော်၏ ထိရောက်သည့် ပူးပေါင်းပါဝင်မှုနှင့်အတူ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ဆက်နွှယ်သူများ အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထိရောက် ကောင်းမွန်နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒေသတွင်းမှာ လက်ခံကျင့်သုံးနေသည့် ပူးပေါင်း ဆောင်ရွက်မှုပုံစံ၊ လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းစဉ်းစားပြီး မိမိတို့နိုင်ငံ၏ အနေအထားနှင့် လိုက်လျောညီထွေစွာ အကောင်ထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များကို အခြေခံကာ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်နှင့် စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်သင့်သည် များအား ဆက်လက်ညှိနှိုင်းကြိုးစား သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်အကောင်အထည်ဖော်
ယခုကဲ့သို့ နှစ်ရက်တာ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း များနှင့် နည်းလမ်းများ၊ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု၌ တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အောင်မြင်မှုများနှင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည်များ၊ အာဆီယံ ဒေသတွင်း အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်ရာ၌ တပ်မတော်မှ ကိုယ်စားလှယ်များ စေလွှတ်ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား လက်တွေ့ ဆောင်ရွက်မှုများနှင့်အတူ လိုအပ်သည်များ ဆွေးနွေး ဖော်ထုတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အပြုသဘော ဆောင်သည့် ဆွေးနွေး အကြံပြုချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment