Wednesday, May 8, 2019

သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနှင့် US ICT Council for Myanmar တို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး


 
နေပြည်တော် မေ ၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန နှင့် US ICT Council for Myanmar တို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနတွင် ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းနှင့် ဆပ်ကော်မတီရှစ်ခုမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ US ICT Council for Myanmar, Executive Director Ms. Max Shu Teasdale နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စီးပွားရေးဌာနမှ Ms. Jennifer Peterson နှင့် US ICT Council for Myanmar, Executive Director, Ms. Max Shu Teasdale တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းနှင့် US ICT Council for Myanmar, Executive Director, Ms. Max Shu Teasdale တို့က လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးသည့် တစ်နှစ်တာအတွင်း နေပြည်တော်တွင် ''Myanmar - U.S Digital Forum'' ကျင်းပမည့်အစီအစဉ် အပါအဝင် US ICT Council အဖွဲ့ဝင်ကုမ္ပဏီများက နိုင်ငံ့ဝန်ထမ်းများ၏ ဒစ်ဂျစ်တယ်စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ အိုင်စီတီသင်တန်းများ ဆောင်ရွက်ပေးခြင်း၊ e-Government နှင့် အိုင်စီတီ ''best practices guides'' များ ဖြန့်ဝေပေးခြင်း အစီအစဉ်များပါဝင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment