Sunday, May 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအား ကြည့်ရှုစစ်ဆေး


 
နေပြည်တော် မေ ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၈) မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေး ခန်းမတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက  ဓာတ်အားပေးစက်ရုံ ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ရေအားလျှပ်စစ်စက်ရုံများက ဆည်ရေလျော့နည်း ကျဆင်းနေ၍ လျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းနေချိန်၌ ပြည်သူတို့၏ လျှပ်စစ်လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ပိုထုတ်နိုင်ရေးအတွက် အလေးထားကြိုးစားဆောင်ရွက်ကြရန် မတတ်သာ၍ ဝန်အားလျော့ရပါကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့အားတင်ပြကာ ပြည်သူလူထုကို ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူ အဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ် ဖြန့်ဖြူး ပေးနေမှုအခြေအနေနှင့် Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၈) မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ် ပေါ်တွင်တည်ရှိပြီး ၁၉၇ ဒသမ ၅ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ် (ဒေါင်လိုက်) တာဘိုင်အမျိုးအစား စက် (၄) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ် ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၅၅၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၀ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်း ဓာတ်အားလိုင်း (၂) လိုင်းနှင့် ၂၃၀ ကေဗွီ ရဲရွာ-မိတ္ထီလာဓာတ်အားလိုင်း (၂) လိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသည်။
မြစ်ငယ်မြစ်ဝှမ်းသည် ရေအရင်းအမြစ်ပေါကြွယ်ဝသည့်အလျောက် တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်း (၁) ခု၊ တည်ဆောက်ဆဲ (၂) ခုနှင့် တည်ဆောက်ရန်ဆောင်ရွက်ဆဲ (၅) ခု စုစုပေါင်း (၈) ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းများအားလုံး ပြီးမြောက်သွားပါက တပ်ဆင်စက်အင်အား စုစုပေါင်း (၂၆၁၅) မဂ္ဂါဝပ်နှင့် နှစ်စဉ်လျှပ်စစ်ဓာတ်အား (၁၁၆၅၂) သန်း ကီလိုဝပ်နာရီထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ နှစ်စဉ်စီးဝင်ရေကို သိုလှောင်၍ ဓာတ်အားထုတ်လုပ်သည့် ရေလှောင်တမံစနစ်စီမံကိန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေလွှဲစနစ်၊ အနိမ့်တမံစနစ် စီမံကိန်းများ ပါဝင်မည် ဖြစ်သည့်အပြင် ထိုသို့မြစ်ကြောင်းတစ်လျောက် အဆင့်လိုက်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရေအရည်အသွေး ကျဆင်းမှုနှင့် ပတ်ဝန်းကျင်ဂေဟဗေဒစနစ် ယိုယွင်းမှုများ လုံးဝဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ တည်ဆောက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment