Tuesday, May 7, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ ဒုတိယ အကြိမ် အကြုံပြုဆွေးနွေးဝိုင်းသို့ တက်ရောက် အမှာစကားပြောကြား



နေပြည်တော် မေ ၇
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူအားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါကြောင်း။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်သည့် ငြိမ်းချမ်းရေးအ တွက် ကိုးကွယ်ရာဘာသာများ (Religions for Peace-RfP International) အဖွဲ့ကြီးသည် နိုင်ငံတကာ ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်ကြီးများ ပါဝင်ပြီး ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက်ဆောင်ရွက်သည့် အကြီးမား အကျယ်ပြန့်ဆုံး အဖွဲ့ကြီး ဖြစ်သည်ဟု သိရှိရပါ ကြောင်း၊ အဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့ကိုးကွယ်မှုဘာသာဝင်များအားလုံးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ မတူညီသည့်ဘာသာဝင်များအကြား ပဋိပက္ခများကို အသွင်ပြောင်းပြီး လူသားတို့၏တိုးတက်မှု ကိုမြှင့်တင်ရန်၊ ညီညွတ် မျှတသည့် လူမှုအသိုက်အဝန်းများဖြစ်ပေါ်လာစေရန်နှင့် ကမ္ဘာမြေကြီးကို အကာအကွယ် ပေးရန် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းထားရှိသည်ဟု သိရှိရပါကြောင်း။
RfP အဖွဲ့ကြီးကဦးဆောင်ပြီး “မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန်အတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး”ဆွေးနွေးပွဲကြီးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ(၂၁)ရက်မှ (၂၂)ရက်အထိ နေပြည်တော် MICC−2 ၌ ပထမအကြိမ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခု ဒုတိယ အကြိမ်မြောက်ဆွေးနွေးပွဲကို ကျင်းပနိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ကိုးကွယ်မှုဘာသာတရားတိုင်းတွင် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် လူ့ဘောင်လောကကြီး အေးချမ်းသာယာစေမည့် အဆုံးအမတရားများ၊ လမ်းညွှန်ချက်များ၊ နည်းပေးလမ်းပြ လိုက်နာစေရန် သွန်သင်ချက်များ ပါရှိကြသည့်အတွက် ဘာသာတရားများ သည် တရားမျှတမှု၊ လူသားတို့၏ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှု စသည့် လောက ပါလတရားများကို ထွန်းကားစေရန်ဖြစ်ပါကြောင်း၊ ဘာသာတရား၏ သွန်သင်ဆုံးမမှုများက လူသားတို့၏ စိတ်နှလုံးကို ရင့်ကျက်သိမ်မွေ့စေပြီး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်ပါကြောင်း။
ယနေ့ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်ကြီးများသည် ဘာသာတရား၏ အဆုံးအမများကို လိုက်နာခံယူပြီး ညီညွတ်ငြိမ်းချမ်းသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ပိုမိုတိုးတက် ခိုင်မာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မတူညီကွဲပြားသော ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံ သာယာသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း။
ကမ္ဘာပေါ်တွင် ဘာသာရေး အစွန်းရောက်အဖွဲ့များကြောင့် ဖြစ်ပွားနေသည့် အကြမ်း ဖက်မှုများ၊ စစ်မက်ရေးရာများနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာရသည့် ဘေးဒုက္ခများအကြောင်းကို အသိပညာပေးနိုင်ရန်အတွက် အာရှနှင့်ပစိဖိတ် ဘာသာပေါင်းစုံ လူငယ်ကွန်ရက်နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ စိန်မေရီ ကက်သီဒြယ် ဘုရားကျောင်း တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၈)ရက်မှ (၂၀)ရက်အထိ ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-Myanmar) က ကြီးမှူးကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို တာဝန်ယူ ရမည့်လူငယ်များအနေဖြင့် ယခုဆွေးနွေးပွဲတွင် ထာဝရငြိမ်းချမ်းရေး၏ အနှစ်သာရများကို ဆွေးနွေးနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ဂျာမဏီနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Religions for Peace ကမ္ဘာလုံးဆိုင်ရာညီလာခံကြီး၌ ဆွေးနွေးတင်ပြလိုသည်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အာရှတိုက်လုံးဆိုင်ရာ ဘာသာပေါင်းစုံညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ် ၅ ရက် မှ ၇ ရက်အထိ ရန်ကုန်မြို့ စိန်မေရီကယ်သီဒြယ် ဘုရားကျောင်းတွင် အာရှတိုက်အတွင်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ RfP ကိုယ်စားလှယ်များနှင့် ကျင်းပပြုလုပ်နိုင်ခဲ့သည်ကိုလည်း သိရှိရ ပါကြောင်း။
ထို့ပြင် ၂၀၁၉ ခုနှစ် ဧပြီ (၂)ရက်က ရန်ကုန်မြို့ Royal Garden Hotel တွင် မြန်မာနိုင်ငံ၌ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးမှ တစ်ဆင့် ပြည်တွင်းတည်ငြိမ်အေးချမ်း သာယာရေး၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက် သွားကြရန် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-Myanmar)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းသည် နောင်တွင် ဆက်လက်ဆောင်ရွက်မည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကိစ္စရပ်များတွင် ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဟု အလေးအနက် ယုံကြည်မိပါကြောင်း။
နေပြည်တော် သင်္ဂဟဟိုတယ်၌ ငြိမ်းချမ်းမေတ္တာအဖွဲ့(RfP)က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် “မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန်အတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး” ဆွေးနွေးပွဲကြီးတွင် လူ့ဂုဏ်သိက္ခာနှင့် အများတကာ မျှဝေခံစားအပ်သည့် ကောင်းကျိုးအဖြာဖြာ တို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအဝိုင်း တစ်ရပ်လုံးက ခွဲဝေထမ်းဆောင်ရမည့် တာဝန်ခံမှုရှုထောင့်တို့အပေါ် အခြေခံပြီး ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရန်၊ ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိရန်နှင့် တံခါးဖွင့်စီးပွားရေးစနစ် ဖြစ်ထွန်းနိုင်ရန် ကြိုးပမ်းနေစဉ် တွေ့ကြုံရင် ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများကို ကျော်လွှားနိုင်မည့် အဖြေတစ်ရပ်ကို ရှာဖွေကြ ရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင်ရှိသည့် ယုံကြည်ကိုးကွယ်ရာ ဘာသာအသီးသီးတို့တွင် ကိန်းဝပ် တည်ရှိနေသည့် ဓမ္မတရား၊ အကျင့်သီလ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလမ်းညွှန် ဒေသနာတို့၏ အကျိုးပြုဆောင်ကျဉ်းနိုင်စွမ်းနှင့် တာဝန်ယူနိုင်မှု အလားအလာများကို လည်း စူးစမ်းရှာဖွေမှုများ ပြုလုပ်သွားမည်ဟုလည်း သိရှိရပါကြောင်း။
မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် လူမျိုးပေါင်းစုံတို့၏ မတူကွဲပြားသည့် ဘာသာအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုများ ထားရှိပြီး တည်ငြိမ်အေးချမ်း သည့် လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်တား ဆီးရန်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကို အပြည့်အဝ ကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးနိုင်ရန်၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် မိမိတို့ယုံကြည် ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ဆုံးမချက်များနှင့်အညီ အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း။
ယခုကဲ့သို့ ဆွေးနွေးပွဲများ အမြဲမပြတ်လုပ်ဆောင်ခြင်းအားဖြင့် ကိုးကွယ်ရာ ဘာသာ တူသူများအချင်းချင်း၊ ကိုးကွယ်ရာ ဘာသာမတူညီသော ဘာသာဝင်များအချင်းချင်း တစ်ဦး နှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲ နေထိုင်နိုင်ကြစေရန်နှင့် ငြိမ်းချမ်းရေး စိတ်ထားများ ပျံ့နှံ့ကိန်းအောင်းလာစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ကြပါစေ၊ အောင်မြင်မှုအသီးအပွင့်များ ရရှိခံစားနိုင်ကြပါစေ၊ မိမိတို့၏ နိုင်ငံတော်ကြီးလည်း အေးချမ်း သာယာပြီး အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် ငြိမ်းချမ်းမေတ္တာအဖွဲ့နာယက ကာဒီနယ်ချားလ်ဘို၊ ငြိမ်းချမ်းရေးမေတ္တာ အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်နာယကကြီး ဘီးရှော့ဂွန်နာစတော့ဆက်တို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ နှင့်စပ်လျဉ်းသည့် အမှာစကားပြောကြားကြပြီး ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒနှင့် အောက်စ်ဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိတို့က ဓမ္မနှင့် ငြိမ်းချမ်းရေး ဆိုင်ရာများကို မိန့်ကြားကြသည်။
အကြုံပြုဆွေးနွေးဝိုင်းသို့ ဆရာတော်၊ သံဃာတော်များ၊ ဘာသာပေါင်းစုံမှ ဘာသာ ရေးခေါင်းဆောင်များ၊ ဒုတိယသမ္မတ များဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘာသာပေါင်းစုံမှတာဝန်ရှိသူများ၊ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်း မေတ္တာအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ယနေ့ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းတွင် ဘာသာများ အလိုက် အပြုသဘော ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ တင်ပြခြင်း၊ ပညာရေး၊ လူမျိုးစုများနှင့် လူနည်းစု များအားလုံးတွက် ညီမျှသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင်ရွက်မှု၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံ ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသ လက္ခဏာ၊ မတူကွဲပြားမှုများ၊ ဘုံစိန်ခေါ်မှု များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး လူငယ်များ၏ စကားသံများ ကြားနာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းကို မေ ၇ ရက်မှ ၈ ရက်အထိ သင်္ဂဟဟိုတယ်၌ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Ref; Myanmar State Counsellor Office

No comments:

Post a Comment