Tuesday, May 7, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ



နေပြည်တော် မေ ၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရှမ်းပြည်နယ် အတွင်း တောင်ကြီးခရိုင်နှင့် ကျောက်မဲခရိုင် နှစ်ခရိုင်ကို နယ်နိမိတ်များ ပြင်ဆင်ဖွဲ့စည်း၍ လောက်ကိုင်ခရိုင် တစ်ခရိုင် ပယ်ဖျက်ခြင်း၊ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် ရင်းငြိမ် (မြောက်) ကျေးရွာအုပ်စုတွင် ပါဝင်သော သဗြုချောင် ကျေးရွာနှင့် ဒေးဗရိမ်းကျေးရွာ နှစ်ရွာကိုစုစည်း၍ သဗြုချောင်ကျေးရွာအုပ်စု တစ်အုပ်စုအဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ် ဆူရ်ခွားကျေးရွာအုပ်စုအား ဆိုင်လိုသာရ်ရပ်ကွက်နှင့် ဆလုံပူးရပ်ကွက် နှစ်ရပ်ကွက် ပါဝင်သော ဆူရ်ခွားမြို့အဖြစ် တိုးချဲ့ဖွဲ့စည်း၍ ဆူရ်ခွားကျေးရွာအုပ်စု တစ်အုပ်စုနှင့် ဆူရ်ခွားကျေးရွာ တစ်ရွာ ပယ်ဖျက်ခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော “အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်း လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း လည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မေ ၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment