ရန်ကုန် မေ ၇
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊
စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး
ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နှင့် သတင်းစာရှင်းလင်းပွဲကို
ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊
ညွှန်ကြားရေးမှူး ချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး
ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အကြံပေးဘုတ်အဖွဲ့ဝင်များ၊
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးရုံး
(AHA Centre) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ကဏ္ဍအလိုက်
ဆွေးနွေးပွဲများကို ကျင်းပရာ လူမှုသဟဇာတ မျှတရေးအတွက် အရေးပါမှု ကဏ္ဍအစီအစဉ်၏ သဘာပတိအဖြစ်
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဦးဆောင်ဆွေးနွေးသူအဖြစ် ကွဲပြားခြားနားမှုနှင့်
အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့- (CDNH) ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင်၊
ပြန်လည် ဆွေးနွေးသူအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးတို့က
ဆောင်ရွက်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ် အတွင်းပညာရေးကဏ္ဍနှင့်
ကျန်းမာရေးကဏ္ဍအစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဦးဆောင်ဆွေးနွေးသူများအဖြစ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့ ဆောင်ရွက်ပြီး ၊ ပြန်လည်ဆွေးနွေးသူအဖြစ်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒေါက်တာသာလှရွှေတို့က ဆောင်ရွက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးပွဲ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နှစ်ရက်တာ ကာလအတွင်း
ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၏ ကဏ္ဍ (၅) ခုစလုံးတွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး
ပေးခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီ ကော်မရှင်အသီးသီးမှ
အဖွဲ့ဝင်များ၊ ပညာရှင်များ၊ အချိန်ပေး တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆွေးနွေးမှုများကို အနှစ်ချုပ်ပါက အားလုံးသည် ဆောင်ရွက်ခဲ့သည့်
လုပ်ငန်းများအပေါ် အောင်မြင်မှုများ ၊ ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေးပေးခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ပြန်လည်သုံးသပ်ခြင်း အစီအစဉ်ကြောင့် လွန်ခဲ့သော
တစ်နှစ်ခွဲကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို
ပြန်လည်သုံးသပ် ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ ယခုလိုဆွေးနွေးမှုကြောင့် ဆောင်ရွက်ဆဲ
ဆောင်ရွက်ပြီး အခြေအနေများတွင် အောင်မြင်မှု မရှိခဲ့သော လုပ်ငန်းများကို သင်ခန်းစာယူပြီး
နောင်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်
နည်းလမ်းများကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များကို နည်းလမ်းမျိုးစုံနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ကော်မတီဝင်များနှင့်
အကြံပြုအဖွဲ့ဝင်များအားလုံး ပါဝင်သုံးသပ် ဆွေးနွေးခဲ့ကြပါကြောင်း၊ ပုံမှန်အားဖြင့်
ကော်မတီ၊ ကော်မရှင်အလိုက်သာ အစည်းအဝေးများ ဆောင်ရွက်လေ့ရှိပြီး အတူတကွ ပေါင်းစုံစုစည်း
သုံးသပ်ဆွေးနွေး ကြသည့် ယခုလို ဆွေးနွေးပွဲမျိုးမှာ ပထမဦးဆုံးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင်
ပါဝင်တက်ရောက်သူများက ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးကြသည့်အတွက်
ဆွေးနွေးပွဲမှရရှိလာသည့် အကြံပြု ဆွေးနွေးချက်များသည် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို
များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးအကြံပြုချက်များ အားလုံးကို မှတ်တမ်းတင်ထား
ရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များနှင့် တိုးတက်ဖြစ်ပေါ်မှုများကို
သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပြန်လည်မျှဝေပေးသွားမည်ဖြစ်ပြီး ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍
သတင်းမှန်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများသို့ ဖြန့်ဝေနိုင်ရန် သတင်းစာရှင်းလင်းပွဲကို
ဆွေးနွေးပွဲအပြီး ဆက်လက် ကျင်းပမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်း အချိန်ကာလအားဖြင့်
နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ပြဿနာများ၊ အကြပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေးသည်
ခက်ခဲသော်လည်း မိမိတို့၏ အဓိက ဦးစားပေးတာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်၍ ဇွဲ၊
လုံ့လ ဝီရိယ တို့စိုက်ထုတ်လုပ်ဆောင်ပါက အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ်
အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏
သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt.
Hon. Lord Darzi of Denham နှင့် Emergency Response And Assessment Team (ERAT) မှ
Mr. ArnelCapili တို့က ဆောင်ရွက်ကြပြီး တက်ရောက်လာကြသော သတင်းမီဒီယာသမားများ၏ မေးမြန်ချက်များကိုပြန်လည်ရှင်းလင်း
ဖြေကြားကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment