နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများကို ပိုင်ဆိုင်မှသာ
နိုင်ငံတည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖြစ်ထွန်းအောင်မြင်မှု၊ ပညာရေး မြင့်မားမှု၊ လူမှုစီးပွားဘဝ
ပြည့်စုံ ချမ်းသာမှုများကို ရရှိနိုင်မည်ဖြစ်ရာ ကျန်းမာရေးကဏ္ဍသည် အလွန် အရေးကြီးသကဲ့သို့
ယင်းနှင့်ဆက်စပ်၍ ကျန်းမာ ကြံ့ခိုင်သည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်း ရေးအတွက်သာမက
မျိုးချစ်စိတ်၊ အသင်းအဖွဲ့ စိတ်ဓာတ်တို့ ပျိုးထောင်ပေးရာ အားကစားကဏ္ဍ သည်လည်း အလွန်အရေးကြီးပါသည်။
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ဝန်ကြီး ဌာနနှစ်ခုကို ပေါင်းစုကာ ကျန်းမာရေးနှင့်
အားကစားဝန်ကြီး ဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အစိုးရသက်တမ်းသည် တတိယ (၁) နှစ်တာ
ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ဝန်ကြီးဌာန၏ တတိယ (၁)နှစ်တာ ဖြတ်သန်းမှုများ အကြောင်းကို သိရှိနိုင်ရန်အတွက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်
-
မေး။ ။ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ နဲ့ ပတ်သက်လို့ တတိယ (၁)နှစ်တာအတွင်း
ဖြတ်သန်းမှုအခြေအနေကို သိပါရစေရှင့်။
ဖြေ ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ ပြည်သူလူထုကို ကျန်းမာရေး
စောင့်ရှောက်မှု ပေးလျက်ရှိရာမှာ ရေရှည်ရည်မှန်းချက်အနေနဲ့ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး
ကျန်းမာရေး အဆင့်အတန်း မြင့်မားရေး၊ လူတိုင်း လက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိနိုင်ဖို့အတွက်
မိမိတို့ရဲ့ဝန်ထမ်းတွေ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်ဖို့လည်း
အများကြီးကျန်ရှိ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ဝန်ထမ်းတွေဟာ အခက်အခဲတွေ၊
စိန်ခေါ်မှု တွေ၊ ဘဏ္ဍာငွေရရှိမှု အကန့်အသတ်တွေ ကြား ထဲက ဆောင်ရွက်ခဲ့ရတဲ့ လုပ်ဆောင်ချက်တွေကို
ပြန်လည်သုံးသပ်ကြည့်ရင် ကျွန်တော့်အနေနဲ့ အတော်များများကို အားရကျေနပ်မှုရှိပါတယ်။ြ
ပည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးအပ်တာ အတော်ကို များပြားခဲ့ပြီး လုပ်ဆောင်ချက်တွေ
ပီပြင်ပြောင်မြောက်ခဲ့တာ တွေ့ရပါတယ်။ ဝန်ကြီး ဌာနရဲ့ လုပ်ဆောင်ချက်ဆိုတာ ကျွန်တော်
လုပ်ဆောင်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေကို ကျွန်တော်
က ပြောပြမှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနမှာ အရာထမ်းဝန်ထမ်း ၁၆၉၁၃ ဦးနဲ့ အမှုထမ်း ၉၅၄၈၆ ဦးတို့ တာဝန်ထမ်းဆောင်
နေပါတယ်။ လက်ရှိခန့်ထားတဲ့ ဝန်ထမ်းအရေအတွက်ဟာ စုစုပေါင်း ခွင့်ပြုအင်အားရဲ့ ၅၅ရာခိုင်နှုန်းပဲ
ရှိပါသေးတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဆရာဝန်သစ်လွင် ၃၉၈၈ ဦး၊ သွားဆရာဝန် ၅၁၆
ဦး၊ လက်ထောက် ကျန်းမာရေးမှူး ၃၈၁ ဦး၊ လက်ထောက်တိုင်းရင်းဆေးမှူး ၁၉၁ ဦး၊ ဆေးဘက်ကျွမ်းကျင်
၂၄၀၈ ဦး၊ သူနာပြု ၅၆၈၁ ဦး၊ သားဖွား ၃၀၀၅ ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) ၃၀၀၀ ၊
အငယ်တန်းအ င်ဂျင်နီယာ ၁၃၀ နဲ့ အကူသူနာပြု ၉၃၀ ကို ထပ်တိုးပြီး အသစ်ခန့်ထားခဲ့ပါတယ်။
ဒါ့အပြင် မကြာခင်လပိုင်းမှာ သားဖွားဆရာမ ၉၃၉ ဦး ထပ်ခန့်ဖို့ ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ ၁၆ ခုတင်ကနေ ခုတင် ၂၀၀၀ ဆံ့အထိ စုစုပေါင်း ဆေးရုံ ၁၁၄၄ရုံနဲ့
ဆေးရုံခုတင်ပေါင်း ၅၅၂၆၆ ခုနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသလို၊ ပြည်သူ့ကျန်းမာရေးဘက်က
ဒေသန္တရ/မိခင်နဲ့ ကလေးကျန်းမာရေး ဌာန ၄၄၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၈၄၉ခုနဲ့ ဌာနခွဲပေါင်း
၈၆၂၈ ခုတို့နဲ့ စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ဒါတင်မက တိုင်းရင်းဆေးရုံ ၄၀ နဲ့ တိုင်းရင်းဆေးခန်း
၂၁၀ တို့နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ တိုးချဲ့လူနာဆောင်၊ တိုက်နယ်ဆေးရုံ၊
ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းနဲ့ ဓာတ်ခွဲခန်း စုစုပေါင်း ၃၄၁ ခု အသစ်တိုးချဲ့ ဆောက်လုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ၊ ဒေသန္တရ ဆေးခန်း၊
မိခင်နဲ့ ကလေးကျန်းမာရေးဌာန၊ သားဖွားခန်းနဲ့ ဆေးစတိုစတဲ့ ပြည်သူ့ကျန်းမာရေး အဆောက်အအုံ
စုစုပေါင်း ၁၃၅၇ ခု တည်ဆောက် နိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအသစ်အနေနဲ့ တိုက်နယ် ဆေးရုံပေါင်း
၂၁ ရုံနဲ့ ဆေးရုံခုတင်အဆင့်မြှင့်တင် ခြင်းမှာ ရှစ်ခုခန့်၊ ကျေးလက်ကျန်းမာရေးဌာန ၇၁
ခုနဲ့ ဌာနခွဲပေါင်း ၂၀ ဖွဲ့စည်းပုံအသစ် တိုးချဲ့ နိုင်ခဲ့ပါတယ်။
ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဝန်ထမ်းတွေရဲ့ နေထိုင်ရေး အဆင်ပြေ
စေဖို့ ရည်ရွယ်ပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၇၃၆ ခန်း
တည်ဆောက်ပေးခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ အခန်းပေါင်း ၁၀၃၇၇ ခု ပြီးစီးအောင် တည်ဆောက်နေတဲ့အတွက်
ဝန်ထမ်းအိမ်ရာ တွေမှာ ဝန်ထမ်းတွေ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပြီး နောက်နှစ်တွေမှာ
ဆက်လက် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရသစ် လက်ထက်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေတွေကို
နှစ်စဉ်တိုးမြှင့် ချထားပေးလျက်ရှိပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်မှ ငွေကျပ်
၉၄၄ ဘီလီယံ၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေက ငွေကျပ် ၁၅၂ ဘီလီယံလောက်ရဖို့ရှိပြီး
ချေးငွေအနေနဲ့ ငွေကျပ် ၃၅ ဒသမ ၅ ဘီလီယံ လောက် ရဖို့ရှိပါတယ်။ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ
ကို နှစ်စဉ်တိုးတက် ဝယ်ယူခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဆေးဝါးကို ငွေကျပ် ဘီလီယံ၁၂၀
ဖိုးနဲ့ဆေးပစ္စည်းအတွက် ငွေကျပ် ၆၄ဘီလီယံဖိုး ဝယ်မှာ ဖြစ်ပါတယ်။ ဒီလို ဘဏ္ဍာငွေရရှိမှုအပေါ်
မူတည်ပြီး ဝန်ကြီးဌာနအနေနဲ့ ဦးစားပေးလုပ်ငန်းတွေ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ ဆေးရုံအဆောင်သစ်တွေ တိုးချဲ့ တည်ဆောက်ပြီး ကုသမှုအရှိန်မြှင့်တဲ့ အပိုင်းနဲ့
ထူးခြားတဲ့ ဝန်ဆောင်မှုတွေကို သိပါရစေရှင့်။
ဖြေ ။ ။ ဆောက်လုပ်တဲ့အထဲမှာ ထူးခြားတာ တွေက ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ဃန်းကျွန်း
ပြည်သူ့ ဆေးရုံကြီးမှာ ကျောက်ကပ်၊အစာအိမ်အူလမ်းကြောင်းနဲ့ ရင်ခေါင်းခွဲစိတ် ဆောင်တွေပါတဲ့
တိုးချဲ့ (၆)ထပ် လူနာဆောင်၊ ရန်ကင်းကလေးဆေးရုံကြီးမှာ နှလုံးရောဂါ ဝေဒနာရှင် ကလေးသူငယ်တွေကို
ဆေးဝါးကုသမှု / ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ဖို့ Cardiac Complex (၆)ထပ်ဆောင်၊ ရန်ကုန်
ခုတင်(၅၀၀)ဆံ့ အထူးကု ဆေးရုံကြီးမှာ အသည်းနဲ့ သည်းခြေလမ်းကြောင်း၊ ဆီးနဲ့ ကျောက်ကပ်
ခွဲစိတ်ခန်းတွေ၊ ဓာတ်မှန်ခန်း၊ ICU ပါဝင်သော တိုးချဲ့ (၆)ထပ်ဆောင်၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှာ
အရေးပေါ် လူနာတွေနဲ့ အရိုးလူနာတွေအတွက် (၆)ထပ်လူနာ ဆောင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ
ကင်ဆာ ရောဂါကုသဆောင် (၅)ထပ်ဆောင်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာ မွေးကင်းစ
ကလေးလူနာဆောင် (၅)ထပ်ဆောင်၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံမှာ တိုးချဲ့ (၅)ထပ်လူနာဆောင်တွေကို
ဆောက်လုပ်ပေးခဲ့ပါတယ်။
ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက် ပေးနိုင်မှုအခြေအနေက ၂၀၁၈ ခုနှစ်မှာ အတွင်းလူနာပေါင်း
သုံးသန်းခန့်နဲ့ အပြင်လူနာပေါင်း ၁၂ သန်းခန့်ကို ပြည်သူ့ဆေးရုံတွေမှာ ပြုစုကုသ စောင့်ရှောက်မှု
ပေးနိုင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာ ရေးဘက်မှ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ တွေမှာ ဆေးခန်း
လာပြသူ ပေါင်း ၁၄ သန်းခန့်ကို စောင့်ရှောက်မှုပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တစ်လလျှင်
ကိုယ်ဝန်ဆောင် မိခင် ၇၀၀၀၀ ကနေ ၈၀၀၀၀ ခန့်အထိ စောင့်ရှောက်မှုပေးလျက် ရှိပါတယ်။ အလားတူ
တိုင်းရင်းဆေးရုံ တွေမှာ ၂၀၁၈ ခုနှစ်မှာ အတွင်းလူနာပေါင်း ၁၈၀၀၀ နဲ့ အပြင် လူနာပေါင်း
၃၅၀၀၀၀ စောင့်ရှောက်မှု ပေးခဲ့ပါတယ်။
ခွဲစိတ်ကုသရေးဘက်မှာ လူနာတော်တော်များများကို ခွဲစိတ်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၈ ခုနှစ် အတွင်း ပြည်သူတွေကို ခွဲစိတ်မှုပေါင်း ၇၆၀၀၀၀ ကြိမ်ခန့်အထိ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် (၃)နှစ်တာ ကာလအတွင်း ထူးခြားသော ကုသရေးဆိုင်ရာ စွမ်းဆောင်မှုတွေအနေနဲ့
အသည်းအစားထိုး ခွဲစိတ်မှုပေါင်း (၃၄)ကြိမ်၊ ကျောက်ကပ်အစားထိုး ခွဲစိတ်မှုပေါင်း (၉၉)ကြိမ်၊
ရင်ခေါင်းဖွင့် နှလုံးခွဲစိတ် ကုသခြင်း (၂၀၇၆)ကြိမ်၊ နှလုံးသွေးကြောချဲ့ကုသခြင်း (၁၂၉၈၃)ကြိမ်၊
ဦးနှောက်ခွဲစိတ်မှု အမျိုးမျိုး (၁၀၇၇) ကြိမ်၊ ရိုးတွင်း ခြင်ဆီ အစားထိုးကုသခြင်း (၁၁)ကြိမ်၊
ခြေပြတ် လက်ပြတ် ပြန်လည်ဆက်ပေးခြင်း (၂၁၄)ကြိမ်၊ လက်မပြတ်ခြင်းအား ခြေမဖြင့် အစားထိုးခွဲစိတ်ပေးခြင်း
(၃၇)ကြိမ်၊ အသားအစားထိုးခွဲစိတ် ပေးခြင်း (၁၁၇)ကြိမ်၊ သွေးကြောဆက်ကုသမှု ပေးခြင်း(၃၄၇)ကြိမ်တို့ကို
အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပါတယ်။
ဒါ့အပြင် သားသမီးရလိုသူတွေအတွက်ဌာန (Fertility Centre)ကို ဗဟိုအမျိုးသမီး ဆေးရုံ
မှာ ဖွင့်လှစ်၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ဖန်ပြွန်သန္ဓေသားကို ၂၀၁၈ ခုနှစ် ဇွန်လ
၁၂ ရက်တွင် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာကလည်း အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံအသီးသီးက
ပညာရှင် အဖွဲ့တွေက ၂၀၁၈ ခုနှစ် အတွင်းမှာ အကြိမ်ပေါင်း ၁၂၅ ကြိမ် လာရောက်ပြီး ကျွန်တော်တို့ဆီက
ခွဲစိတ်ဆရာဝန်တွေနဲ့ ပူးပေါင်း၍ ခွဲစိတ်ကုသမှုတွေနဲ့ သင်ကြားရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
ပထမဆုံး ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele - radiology) ကို မွန်ပြည်နယ်
ကျိုက်မရော၊ ဘီးလင်းနှင့် ချောင်းဆုံ မြို့နယ်သုံးမြို့နယ်တွင် ဝန်ကြီးဌာနမှ ဘဏ္ဍာ ငွေကျပ်သိန်း
၄၂၀၀ ခန့် ကျခံသုံးစွဲ၍ စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဓာတ်မှန် ဆရာဝန်မရှိတဲ့ ဒေသမှာ ၎င်းနည်းပညာနဲ့
ရောဂါတွေကို ပိုမိုမှန်ကန်စွာရှာဖွေပေးနိုင်မှာ ဖြစ်တဲ့အတွက် ဝေးလံခက်ခဲတဲ့ ဒေသနေပြည်သူတွေအတွက်
အထူးအကျိုးရှိမှာ ဖြစ်ပါတယ်။ သွားလာမှုခက်ခဲတဲ့ ချင်း၊ ကချင်နဲ့ ကယားပြည်နယ်တွေမှာ ဘဏ္ဍာငွေရရှိမှု
အပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ကုသရေးနဲ့ပတ်သက်ပြီး ပံ့ပိုးတဲ့ဌာနတွေ ဖြစ်တဲ့ ဓာတ်ခွဲခန်းတွေနဲ့ သွေးလှူဘဏ်တို့ရဲ့
ဆောင်ရွက်ချက်တွေနဲ့ အခြားတိုးတက်မှုတွေကို သိလိုပါတယ်။
ဖြေ ။ ။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနမှာ ကမ္ဘာ့အဆင့်အတန်းမီ ဓာတ်ခွဲခန်းကြီးတစ်ခုကို
ပြင်သစ်နိုင်ငံကနေ ချေးငွေယူရို ၂၂ သန်း၊ ထောက်ပံ့ငွေ ယူရိုငါးသန်းနဲ့ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းရဲ့ ဝန်ဆောင်မှုကို ကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ ရောဂါဗေဒ
(Pathology)နဲ့ ပတ်သက်ပြီး ၇၅၀၀၀ ခန့် စစ်ဆေးပေးခဲ့ပါတယ်။ အဏုဇီဝ (Microbiology) နဲ့
ပတ်သက်ပြီး ၆၃၀၀၀ ခန့် စစ်ဆေးခဲ့ ပါတယ်။ ဒီဓာတ်ခွဲခန်းကြီးကို ISO 1518 အဆင့်အတန်းကို
ရဖို့အတွက် US CDC, WHO နဲ့ United Kingdom မှ အဖွဲ့တွေ နဲ့ပေါင်းပြီး ဆောင်ရွက်နေပါတယ်။
ဗဟိုသွေးလှူဘဏ်အနေနဲ့ ရန်ကုန်မြို့မှာ လူနာတွေရဲ့ အရေးပေါ်သွေး လိုအပ်ချက်တွေကို
ထောက်ပံ့လျက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ သွေး ယူနစ်ပေါင်း ၉၇၀၀၀ အထိ အခမဲ့ ဖြန့်ဝေပေးအပ်
နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အရေးပေါ်အသက်ကယ်သင်တန်းဌာနကို နေပြည်တော်မှာ ၂၀၁၉
ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ဒီသင်တန်းမှာ အရေးပေါ်လူနာတွေကို
ဘယ်လို အသက်ကယ် ပြုစုကုသပေးရမလဲဆိုတာ တစ်ပြည်လုံးက ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့
ကြက်ခြေနီအဖွဲ့ဝင်တွေကို သင်ပေးနေတာပါ။
ဆေးရုံအသီးသီးမှာ တက်ရောက်ကုသမှု ခံယူနေသော လူနာတွေ ကျေနပ်မှုရရှိရေး၊ ဆေးရုံ ဝန်ဆောင်မှု
တိုးတက်ရေးတို့အတွက် ဆေးလူမှုဝန်ထမ်းတွေကို ခုတင်(၁၀၀)နဲ့ အထက် ပြည်သူ့ဆေးရုံကြီးတွေနဲ့
ဗဟိုအဆင့်ဆေးရုံကြီးတွေမှာ ဆေးလူမှုဆက်ဆံရေးမှူး ၇၇၂ ဦးကို ခန့်ထားပြီး ပြည်သူတွေကို
ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် ကျင့်ဝတ်ကလည်း အရေးကြီးတဲ့အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာ
ကျင့်ဝတ်တွေကို အမြဲသတိပြုမိနိုင်ဖို့ ဆေးရုံတွေမှာ ဆရာဝန် ကျင့်ဝတ်၊ သူနာပြု/ သားဖွားဆရာမ
ကျင့်ဝတ်တွေကို ချိတ်ဆွဲထား ပါတယ်။
ဒါ့အပြင် ပြည်သူ့ဆေးရုံကြီးတွေမှာ လူနာနဲ့ လူနာမိသားစုတွေ အဆင်ပြေစေဖို့အတွက်
ဆေးရုံ အထောက်အကူပြုအဖွဲ့တွေရဲ့ ကြီးကြပ်မှုနဲ့ ဆေးဆိုင်တွေ၊ စားသောက်ဆိုင်နဲ့ စတိုးဆိုင်ငယ်
တွေကို စတင်ဖွင့်လှစ်လျက်ရှိပါတယ်။
အဝေးပြေးကားစခန်းတွေမှာ အနယ်နယ် အရပ်ရပ်က ခရီးသည်တွေ စုဝေးလာတာ ဖြစ်တဲ့ အတွက်
ကူးစက်ရောဂါ ပြန့်ပွားနိုင်ပြီး ဒီရောဂါတွေကို အချိန်မီကာကွယ်ထိန်းချုပ်နိုင်ဖို့နဲ့
အခြားအရေးပေါ် ကျန်းမာရေး ပြဿနာတွေကို စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး
အောင်မင်္ဂလာနဲ့ ဒဂုံဧရာ အဝေးပြေး ကားကွင်းတွေမှာ (၂၄)နာရီ ကျန်းမာရေး စောင့်ရှောက်မှု
ဆေးခန်းတွေ ဖွင့်လှစ်ထားနိုင် ခဲ့ပါတယ်။
မေး။ ။ ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ အမျိုးသားကျန်းမာရေး
စီမံကိန်းအရ လုပ်ဆောင်ချက်တွေကိုလည်း သိပါရစေ။
ဖြေ ။ ။ အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁)အရ မြို့နယ်ဆေးရုံ အတွက် ငွေကျပ်သိန်း
၈၅၀ တန်ဖိုးရှိတဲ့ ဆေး ပစ္စည်းပေါင်း ၃၃ မျိုး၊ ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိတဲ့ အဆင့်
(ဂ) (Type C) ဓာတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ လူနာတင်ယာဉ်တွေကို နှစ်အလိုက် ဦးစားပေးမြို့နယ်တွေသတ်မှတ်၍
ဝယ်ယူ ဖြည့်ဆည်းပေး လျက်ရှိပါတယ်။ လာမယ့် (၂၀၂၁)ခုနှစ် အကုန်မှာ မြို့နယ်အားလုံး လွှမ်းခြုံ
ရရှိသွားမှာ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးစီမံကိန်းဆိုတာက အခြေခံကျတဲ့ မရှိမဖြစ်
ကျန်းမာရေး စောင့်ရှောက်မှုကို တစ်ပြည်လုံး အတိုင်းအတာနဲ့ရအောင် လုပ်နေ ခြင်းဖြစ်ပါတယ်။
မေး။ ။ကျန်းမာရေးသတင်းအချက်အလက်တွေ ရရှိအောင် ဆောင်ရွက်နေပုံတွေကိုလည်း သိပါရစေ။
ဖြေ ။ ။လက်တွေ့ကျ၍ မှန်ကန်သော ကျန်းမာရေးစီမံကိန်းတွေ ရေးဆွဲနိုင်ဖို့ အရေးကြီးဆုံးက
စာရင်းဇယား တွေ မှန်ကန်ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ဆေးရုံသတင်းစနစ်ကို လချုပ်ပုံစံစာရွက်တွေနဲ့
ပေးပို့သည့်စနစ်မှ အီလက်ထရွန်နစ်စနစ်နဲ့ DHIS 2 ဆော့ဖ်ဝဲကို အသုံးပြုပြီး သတင်းပို့ဖို့အတွက်
ဆေးရုံပေါင်း ၆၆၅ ရုံတွင် သင်တန်းပေးပြီး သုံးနေပါပြီ။ ပြည်သူ့ကျန်းမာရေးသတင်းစနစ်အတွက်
မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအားလုံးမှာ အီလက်ထရွန်နစ်စနစ်နဲ့ DHIS 2 ဆော့ဖ်ဝဲ
အသုံးပြုနေပါပြီ။ ဒါမှသာ စာရင်းဇယားတွေကို အချိန်နဲ့တစ်ပြေးညီရရှိမှာ ဖြစ်ပြီး ဒီစာရင်းဇယားတွေအပေါ်
အခြေခံပြီး စီမံကိန်း အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်မှုအပိုင်းကိုလည်း သိပါ ရစေ။
ဖြေ ။ ။ ကျန်းမာရေးဝန်ထမ်းတွေ အရည်အသွေး မြှင့်တင်နိုင်ဖို့ ပထမအဆင့်အနေနဲ့
Tablet ဖုန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုက အခြေခံကျန်းမာရေးဝန်ထမ်းတွေအတွက်
၁၀၇၈၄ လုံးနဲ့ တိုက်နယ်နဲ့ မြို့နယ်ဆရာဝန်တွေ အတွက် ၄၀၂ လုံး ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။
အခုလာမယ့် လေးလအတွင်း Gavi Vaccine Alliance ထောက်ပံ့မှုနဲ့ Tablet ဖုန်း ၁၄၀၀၀ ထပ်ရမှာ
ဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးကို ဖြန့်ဝေပေးသွားနိုင်မှာ ဖြစ်ပါတယ်။ရွေ့လျားစာကြည့်တိုက်သဖွယ်ဖြစ်တဲ့
Mobile Tablet တွေမှတစ်ဆင့် ပညာရပ်တွေကို လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေဟာ
ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ အသိပညာ အလွန်အဆင့်မြင့်လာပါမယ်။ ပြည်သူတွေကိုလည်း ပိုမိုထိရောက်စွာ
ပညာပေးလာနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ Tablet ဖုန်းထဲမှာ ကျန်းမာရေး စံလုပ်ထုံးလုပ်နည်းတွေ၊ လက်စွဲစာအုပ်တွေ၊
လုပ်ငန်း လမ်းညွှန်တွေ ပါရှိတဲ့ အပြင် စာမျက်နှာ ၃၃၀ ပါတဲ့ ကျန်းမာရေးဆိုင်ရာ စံပြု
အချက်အလက် စာအုပ်ကြီးလည်း ပါပါတယ်။ ကျန်းမာရေးမှူးပဲ ဖြစ်ဖြစ်၊ သားဖွားဆရာမပဲဖြစ်ဖြစ်
ကျန်းမာရေးကြီးကြပ်(၁)ပဲ ဖြစ်ဖြစ်၊ ကြီးကြပ်(၂)ပဲဖြစ်ဖြစ် ဒီစာအုပ်ကိုဖတ်ပြီး ပြည်သူတွေနဲ့
ဆွေးနွေးရင် ပြည်သူတွေရဲ့ ကျန်းမာရေး အသိဉာဏ်တွေ မြင့်မားသွားနိုင်ပြီး တော်ရုံတန်ရုံရောဂါတွေ
မဖြစ်တော့ဘူး။ ရောဂါတွေရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ၊ ကနဦး လက္ခဏာတွေကို ပိုပြီးသိနိုင်မယ်။
Tablet ဖုန်းကနေ ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း
ပိုမိုကောင်းမွန်လာပါမယ်။ မိခင်နဲ့ကလေးကို ချက်ကြိုးနဲ့ သွယ်ထားသလို ဖြစ်လာပြီး ကျွန်တော်
တစ်ခုခုပြောချင်ရင် ခလုတ်တစ်ချက် နှိပ်တာနဲ့ အကုန်လုံးဆီကို ချက်ချင်းရောက်သွားပါမယ်။
ဒီစာအုပ်ကို UNICEF ရဲ့အစီအစဉ်နဲ့ တိုင်းရင်း သားဘာသာ ၅၅ မျိုးကို ဘာသာ ပြန်ပြီးသွားပါပြီ။
ဒီလို ဆောင်ရွက်တဲ့အတွက် သွားလာရေးခက်ခဲတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း
တွေရဲ့ ကျွမ်းကျင်မှုပိုင်းတွေ မြင့်လာပြီး ဝေးလံခက်ခဲတဲ့ ဒေသတွေက ပြည်သူလူထုရဲ့ ကျန်းမာရေး
အသိကလည်း မြင့်မားလာလိမ့်မယ်လို့ ယုံကြည် ပါတယ်။
ဒါ့အပြင် ပြည်သူရဲ့ ကျန်းမာရေးအသိအမြင်တွေ တိုးမြင့်လာအောင် မီဒီယာတွေနဲ့ လူမှုကွန်ရက်
တွေကတစ်ဆင့် ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေနေပါတယ်။ ဥပမာ - ဝက်သက်ရောဂါ၊ မိခင်နို့ဦးရည်၏
အသုံးဝင်အကျိုးရှိပုံ၊ စပ်ဆေး အန္တရာယ်၊ လေဖြတ်ရောဂါ၊ အမျိုးသမီးသားအိမ်ခေါင်းကင်ဆာရောဂါ၊
ရင်သား ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အသိပညာအချက်အလက်တွေကို မျှဝေတဲ့အခါ တစ်ပတ်အတွင်း လူလေးသိန်း
လောက်ကို ရောက်ရှိ ဖြန့်ဝေနိုင်ခဲ့ပါတယ်။
မေး။ ။ မိခင်နဲ့ကလေး သေဆုံးမှုလျှော့ချရေး ဆောင်ရွက်ချက်တွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ မွေးတဲ့ ကိုယ်ဝန်ဆောင်မိခင် အရေအတွက်ဟာ
၂၀၁၆ ခုနှစ်တုန်းက ၆ ဒသမ ၈ သိန်း ရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၇ ဒသမ ၅ သိန်း တက် လာပါတယ်။
ဆေးရုံတွေမှာ မွေးဖွားတဲ့နှုန်းက ၂၀၁၆ ခုနှစ်မှာ ၃ ဒသမ ၉ သိန်း ရှိရာကနေ ၂၀၁၈ ခုနှစ်မှာ
၎ ဒသမ ၅ သိန်းအထိ ရှိလာပါတယ်။ မွေးကင်းစကလေးကို သုံးရက်အတွင်းမှာ ကြည့်ရှု စောင့်ရှောက်နိုင်တဲ့နှုန်းက
၂၀၁၆ ခုနှစ်မှာ ၇၄ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၈၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တက်လာတာကို
တွေ့ရှိ ရပါတယ်။
နိုင်ငံမှာ မိခင်သေဆုံးမှုနဲ့ ကလေးသေဆုံးမှုကို လျှော့ချဖို့အတွက် အခြေခံအရေးပေါ်
သားဖွား မိခင်စောင့်ရှောက်ခြင်း သင်တန်းကို မြို့နယ် ၃၁၂ မြို့နယ်မှာ ၇၀၇ ကြိမ် သင်တန်းပေးခဲ့ပြီး
ဖြစ်ပါ တယ်။ မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေ
ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ်တုန်းက မိခင် ၁၅၀၀ ကျော် သေဆုံးရာကနေ ၂၀၁၈ ခုနှစ်မှာ
သေဆုံးမှု ၈၀၀ အထိ လျော့ကျလာပါတယ်။ သားဆက် ခြားဆေးဝါးတွေ လက်လှမ်းမီရရှိဖို့အတွက် လက်မောင်းအရေပြား
အောက်ထည့် သားဆက် ခြားပစ္စည်းနဲ့ သုံးလခံ သန္ဓေတားထိုးဆေးတွေကို သုံးနှစ်တာကာလအတွင်း
ငွေကျပ်ကျပ်သန်းပေါင်း ၈၀၀၀ ခန့်သုံးစွဲပြီး ဝယ်ယူကာ အခမဲ့ဖြန့်ဝေပေး လျက်ရှိပါတယ်။
ဒီလိုသားဆက်ခြားနည်းလမ်းတွေကို စနစ် တကျသုံးစွဲပြီး ကလေး တစ်ယောက်နဲ့ တစ်ယောက်
သုံးနှစ် လောက် ခြားပြီး မွေးကြရင် မိခင်သေဆုံးမှု ကလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။
လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေး မူဝါဒကို ခေတ်နဲ့လျော်ညီအောင်
ပြင်ဆင်ရေးဆွဲ နိုင်ခဲ့အတွက် ၂၀၁၉ ခုနှစ် မေလ အတွင်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။
မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက် မှုတွေ ပိုမိုထိရောက်ကောင်းမွန်လာဖို့ ရည်ရွယ်၍
ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲတွေနဲ့ မွေးကင်းစကလေးစောင့်ရှောက်မှု နေရာတွေ (Newborn
care corner) သတ်မှတ်ထားရှိကာ လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေ ပံ့ပိုးပေးလျက်ရှိပါတယ်။
မွေးကင်းစကလေး ပေါင်းစည်းကုသခြင်း လုပ်ငန်း သင်တန်းတွေကို အခြေခံ ကျန်းမာရေး
ဝန်ထမ်း တွေအတွက် သင်တန်းတွေပို့ချသလို ၂၀၁၇ ခုနှစ်မှစ၍ ကလေးသေဆုံးမှု စောင့်ကြပ် လေ့လာခြင်းနဲ့
တုံ့ပြန် ဆောင်ရွက်ရေးစနစ် ပြောင်းလဲဆောင်ရွက်ခဲ့တဲ့အတွက် အသက်ငါးနှစ် အောက်ကလေး သေဆုံးနှုန်းဟာ
၂၀၁၀ ခုနှစ် တုန်းက ကလေး အရှင်မွေး ၁၀၀၀ မှာ ၅၉ ယောက် နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်မှာ
၄၉ ယောက်နှုန်းပဲ သေဆုံးပါတယ်။ တစ်နှစ်အောက် ကလေးသေနှုန်းက ၂၀၁၀ ခုနှစ်တုန်းက အရှင်မွေး
ကလေး ၁၀၀၀ မှာ ၄၆ ယောက်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်မှာ ၃၀ နှုန်း ပဲ ရှိပါတော့တယ်။ အလားတူ
မွေးကင်းစကလေး သေနှုန်းက ၂၀၁၀ ခုနှစ်မှာ အရှင်မွေးကလေး ၁၀၀၀ မှာ ၃၀ ယောက်နှုန်းရှိရာကနေ
အခု ၂၄ ယောက်နှုန်းအထိ လျော့ကျသွားကြောင်း တွေ့ရပါတယ်။
မေး။ ။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အာဟာရဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို
သိပါရစေ။
ဖြေ။ ။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း
ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ
ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင် သော မြန်မာနိုင်ငံ အာဟာရဖွံ့ ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်
ဦးဆောင် ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကဏ္ဍပေါင်းစုံ ပါဝင်တဲ့ အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ
ငါးနှစ်စီမံကိန်း (၂၀၁၈/၂၀၁၉ - ၂၀၂၂/၂၀၂၃) Multi - Sectoral National Plan of
Action on Nutrition (MSNPAN) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် အပြီးသတ် ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ အဏုအာဟာရနဲ့ အစာစားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်း
(Myanmar Micronutrient and Food Consumption Survey) ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ
၂၀၁၈ ခုနှစ် မေလ အတွင်း တိုင်းဒေသကြီး/ပြည်နယ် အားလုံးရှိ အိမ်ထောင်စုပေါင်း ၂၇၀၀၀
ကို မေးမြန်းပြီး ဆောင်ရွက် နိုင်ခဲ့ပါတယ်။
အဏုအာဟာရ စစ်တမ်းအရ သွေးအားနည်းခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ၄၀ ရာခိုင်နှုန်း၊
အသက် ငါးနှစ်အောက်ကလေးတွေမှာ ၃၅ ရာခိုင်နှုန်းအထိ နည်းနေတာတွေကို တွေ့ရပါတယ်။ ဒါကြောင့်
လက်မခံနိုင်လောက်တဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါအတွက် ဆေးလည်းရှိတယ်၊ ဆေးလည်း ကုလို့ရတယ်၊
ကာကွယ်လို့လည်း ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၇ ခုနှစ်တွင် သွေးအားနည်း ရောဂါကာကွယ်ရေးအတွက်
ကိုယ်ဝန်ဆောင်မိခင်တွေကို သံဓာတ်ပါဝင်သော ဆေးပြားတွေ လေးကြိမ်နဲ့အထက် ရရှိခဲ့တဲ့ မီးဖွားပြီးမိခင်
၇၂ ဒသမ ၃ ရာခိုင်နှုန်း၊ မွေးဖွား ပြီး တစ်လအတွင်း မိခင်တွေမှာ ဗီတာမင် ဘီဝမ်း ဆေးပြားတွေ
တိုက်ကျွေးခြင်း လွှမ်းခြုံမှု ၈၃ ရာခိုင် နှုန်းရရှိခဲ့ပြီး ပျိုဖော်ဝင်အရွယ် အလယ်တန်းနဲ့
အထက်တန်း ကျောင်းသူတွေကို သံဓာတ်ဆေးပြား တွေ တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၉)နှစ်
အတွင်း ကလေးငယ်တွေကို (၆)လတစ်ကြိမ် သန်ချဆေးတိုက် ကျွေးခြင်း၊ အိုင်အိုဒင်းချို့တဲ့မှု
ရောဂါတွေပပျောက်ရေးအတွက် တစ်နိုင်ငံလုံး အိုင်အိုဒင်းဆား စားသုံးရေးအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းနဲ့
အာဟာရပညာပေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။မြန်မာနိုင်ငံမှာ အဖြစ်များလာတဲ့ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့်
အခြား မကူးစက်တတ်တဲ့ ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းတွေကို ဘယ်လိုချမှတ်
ဆောင်ရွက်နေတယ် ဆိုတာကို ရှင်းပြ ပေးပါဦးရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံမှာ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုသွေးချို
ရောဂါနဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်ပွားမှုဟာ နှစ်စဉ်များပြားလာတာကိုတွေ့ရပြီး အချိန်မီမထိန်းနိုင်ရင်
နောက် ငါးနှစ်မှာ ကျန်းမာရေးဘတ်ဂျက်ရဲ့ တစ်ဝက်လောက်က ဒီရောဂါတွေ ကုရတာနဲ့တင် ကုန်သွားနိုင်ပါတယ်။
ဒီရောဂါတွေအတွက် ကျေးလက်ကျန်းမာရေး ဌာနပေါင်း ၁၈၀၀ မှာ ဗုဒ္ဓဟူးနေ့တိုင်း ဆေးခန်းဖွင့်ပြီး
လူနာတွေရဲ့ သွေးထဲမှာပါဝင်တဲ့ သကြားဓာတ်ကို စစ်ပေးတယ်၊ သွေးပေါင်ချိန်ပေးတယ်၊ လိုအပ်ရင်
ဆေးပေးတယ်။ ဒီဆေးတွေကို အခမဲ့ ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို သွေးတိုး၊
ဆီးချိုသွေးချိုကို စောစီးစွာကုသရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ဘူး။ ဒီလုပ်ငန်းကို
တစ်တိုင်းပြည်လုံး မှာ ကျွန်တော်တို့ အားထည့်ပြီး နံပါတ်တစ် ဦးစားပေးအဖြစ် ဆောင်ရွက်နေပါတယ်။
မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ကင်ဆာ ရောဂါဖြစ်ပွားမှု ပမာဏဟာ တစ်နိုင်ငံလုံးမှာ
ဘယ်လောက် ရှိနေပြီလဲဆိုတာ အတိအကျပြောလို့ မရသေးတဲ့အတွက် လူဦးရေအခြေခံတဲ့ မှတ်ပုံတင်စနစ်
(Population Based Cancer Registry) ကို ဆေးရုံကြီးတွေမှာ စလုပ်နေပါပြီ။ ဘယ်ကင်ဆာအမျိုးအစားက
ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်လောက်အထိဖြစ်လဲဆိုတာ သိရင် ဆေးတွေဝယ်တာကအစ၊ ကျန်တဲ့
ဆေးပစ္စည်းနဲ့ စက်ပစ္စည်းတွေ ဝယ်တာကအစ မှန်ကန်စွာ စီစဉ်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်
အလွန်အရေးကြီးပါတယ်။
မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ အရက်စွဲရောဂါဖြစ်ပွားမှုနှုန်းဟာ
၂၀၁၈ ခုနှစ်တွင် ၂၀၁၃ ခုနှစ်ထက် နှစ်ဆခွဲလောက် မြင့်တက်လာပါတယ်။ ဒါနိုင်ငံတော်ရဲ့ ပြဿနာအသွင်
ဖြစ်နေပါ တယ်။ အရက်ကြောင့် ရောဂါတွေ လည်း ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားတာကအစ အရက်မူးပြီး
ကားမောင်းတာကြောင့် ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင် ဆုံးရှုံးမှုတွေ များစွာဖြစ်ပါတယ်။
ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရတာက ၂၀၁၃ ခုနှစ်မှာ တစ်နေ့ကို ၂၉၁ဦး
ရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၅၁၆ ဦးအထိ တက်လာတယ်။ သေဆုံးမှုနှုန်းကလည်း ၂၀၁၃ ခုနှစ်တုန်းက
ကိုးဦးကနေ အခု ၁၆ ဦးလောက် နေ့စဉ်သေဆုံးနေပါတယ်။
မေး။ ။ ကျောင်းကျန်းမာရေးအတွက် လုပ်ငန်း ဆောင်ရွက်ချက်တွေကို ပြောကြားပေးပါဦးရှင့်။
ဖြေ ။ ။တစ်နိုင်ငံလုံးမှာ ကျောင်းသားပေါင်း ၉ ဒသမ ၇ သန်းခန့်ရှိတဲ့အတွက် သူတို့
ကျန်းမာကြံ့ခိုင်မှ နိုင်ငံရဲ့ ရှေ့ရေးကလည်း ကောင်းမှာဖြစ်တဲ့အတွက် ကျောင်းကျန်းမာရေးကို
ဦးစားပေးလုပ်ငန်း တစ်ရပ် အနေနဲ့ သတ်မှတ် ဆောင်ရွက်နေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကျောင်းကျန်းမာရေး
စစ်ဆေးပေးခြင်းကို တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းအားလုံးမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းမှာ သန်ချဆေး တစ်နှစ်ကို နှစ်ကြိမ် တိုက်ကျွေးနေပါတယ်။
ဒါပေမယ့် အာဟာရဖွံ့ ဖြိုးမှု လုပ်ငန်းဆောင်ရွက်နိုင်တဲ့ ကျောင်းကတော့ ၆၅ ရာခိုင်နှုန်းရှိပြီး
ကျန်းမာရေးအဆင့်မြှင့်တင် ကျောင်းတွေက ၄၃ ရာခိုင်နှုန်း ရှိပါသေးတယ်။ ဒါတွေကို ပညာရေးဝန်ကြီးဌာနနဲ့ပေါင်းပြီး
ဆက်လက်အရှိန်မြှင့် ဆောင်ရွက်ဖို့ ရှိပါတယ်။
မေး။ ။ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို သိပါရစေ။
ဖြေ ။ ။ကူးစက်ရောဂါဖြစ်ပွားနှုန်းက နည်းလာပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် ဆေးရုံအတွင်း
လူနာသေဆုံးမှုအားလုံးရဲ့ ၂၂ ဒသမ ၅ ရာခိုင်နှုန်းက ကူးစက်ရောဂါတွေကြောင့် သေဆုံးတာတွေ
ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် ၁၄ ရာခိုင်နှုန်းသာ သေဆုံးတော့တယ်။ ကူးစက်ရောဂါဖြစ်ပြီး
ဆေးရုံတက်တဲ့ နှုန်းကလည်း ကျသွား ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ၄၁ ရာခိုင်နှုန်းကနေ ၂၀၁၇
ခုနှစ်မှာ ၃၈ ရာခိုင်နှုန်းအထိ ကျသွား ပါတယ်။
HIV / AIDS နဲ့ပတ်သက်ပြီး HIV / AIDS ရောဂါကုသတဲ့ ART ဆေးကို အရင်တုန်းက မြို့နယ်ပေါင်း
၁၄၁ မြို့နယ်မှာ ဆောင်ရွက်နိုင်ခဲ့ရာမှ ယခုအခါ မြို့နယ် ၂၇၂ မြို့နယ်ရှိ ဌာန ၃၂၂ ခုတွင်
တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက HIV ပိုးကူးစက်ခံထားရသူ ၁၀၆၄၉၀
ကိုသာ HIV / AIDS ရောဂါကုသတဲ့ ART ဆေးတိုက်ကျွေးနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာ ၁၆၆၁၂၁
ဦးအထိ တိုးမြှင့်ကုသပေးနိုင်ခဲ့ ပါတယ်။
မူးယစ်ဆေးစွဲလူနာတွေကို မက်သဒုန်း အစားထိုးတိုက်ကျွေးတဲ့ဌာန ၂၀၁၈ ခုနှစ် အကုန်တွင်
၅၅ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ် ၁၄ ခု တိုးချဲ့ ဖွင့်လှစ် သွားမှာ
ဖြစ်ပါတယ်။ မူးယစ်ဆေး သွေးကြော အတွင်း ထိုးသွင်းသူတွေအနက် ၁၅၀၀၀ ကို မက်သဒုန်း အစားထိုးတိုက်ကျွေးပေးနေပါတယ်။
ဒါ့အပြင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတစ်ရပ်အနေနဲ့ ကိုယ်ဝန်ဆောင်
မိခင်တွေကို HIV ပိုး ရှိ/မရှိကို ၂၀၁၅ ခုနှစ်က ရှစ်သိန်းခန့်သာ စစ်ဆေးနိုင်ခဲ့ရာမှ
၂၀၁၈ ခုနှစ်မှာ တစ်သန်း အထိ စစ်ဆေးပေးနိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ တီဘီလူနာပေါင်း ၁၃၅၄၃၅ ဦးအားရှာဖွေ၍ အခမဲ့ကုသပေးခဲ့ပြီး ဆေးကုသမှု
အောင်မြင်မှု နှုန်း ၈၇ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တီဘီ/ဆေးယဉ်ပါး
တီဘီ ရှာဖွေ ကုသရေးကို အရှိန်မြှင့်ဆောင်ရွက် နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂
သန်း ကုန်ကျတဲ့ ဇီဝလုံခြုံမှုအဆင့် (၃)ရှိတဲ့ ဓာတ်ခွဲခန်း တစ်ခုကို တောင်ကြီးမြို့မှာ
တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Gene Xpert လို့ ခေါ်တဲ့ ဆေးယဉ်ပါးတီဘီကို အချိန်တိုအတွင်းသိနိုင်တဲ့
စက် ၈၆ လုံးကို ခရိုင်အဆင့် တီဘီတိုက်ဖျက်ရေး ဌာနတွေအတွက် တပ်ဆင်အသုံးပြု ဆောင်ရွက်နေပါတယ်။
ဒီဆေးယဉ်ပါးတီဘီဟာ နိုင်ငံအတွက် အလွန် အန္တရာယ်ကြီးပါတယ်။ ဆေးယဉ်ပါးတီဘီမှာ MDR-TB နဲ့
XDR-TB အဆင့်နှစ်ဆင့် ရှိပါတယ်။ ပြင်းထန်ဆေးယဉ်ပါးတီဘီ (XDRTB) အဆင့် ဖြစ်ရင်တော့ အလွန်
ပြင်းထန်ပြီး အသက်အ္တရာယ် စိုးရိမ်ရပါတယ်။ ဆေးတွေက ပြင်းထန်တဲ့အတွက် ဘေးထွက်ဆိုးကျိုး
ကလည်း များပါတယ်။ ဒါကိုမဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ တီဘီရောဂါဖြစ်ပွားမှု
အခြေအနေ စစ်တမ်းရဲ့ ရလဒ်အရ မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၀၁၀ ပြည့်နှစ်နှင့်
နှိုင်းယှဉ်လျှင် သလိပ်မှာ ပိုးတွေ့လူနာဟာ တစ်ဝက်ထိ လျော့ကျသွားတာ တွေ့ရပါတယ်။
ငှက်ဖျားရောဂါ ဖြစ်ပွားမှုအခြေအနေက ၂၀၁၆ ခုနှစ်မှာ ငှက်ဖျားဖြစ်တဲ့သူ ၁ ဒသမ ၁
သိန်း ခန့်ရှိရာမှ ၂၀၁၈ ခုနှစ်မှာ ၆၈၀၀၀ ခန့်ပဲရှိပါ တော့တယ်။ ငှက်ဖျားရောဂါကြောင့်
သေဆုံးမှုက တစ်နိုင်ငံလုံးတွင် ၁၄ ဦးပဲ ရှိပါတော့တယ်။ ကျွန်တော်တို့က ငှက်ဖျားကင်းစင်ရေး
ရည်မှန်းချက်ကို ရရှိအောင်ဆောင်ရွက်နေပြီး အခုအခါ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးငှက်ဖျားရောဂါနဲ့
ပိုးသတ်ဆေးယဉ်ပါးတဲ့ငှက်ဖျားခြင် မတွေ့ရှိရ သေးပါဘူး။ ဆေးစိမ်ခြင်ထောင်တွေကို ၂၀၁၇
ခုနှစ်တုန်းက ၄ ဒသမ ၉ သန်း ဖြန့်ဝေနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၆ သန်းအထိ ဖြန့်ဝေပါမယ်။
သွေးလွန်တုပ်ကွေးက ၂၀၁၈ ခုနှစ်မှာ လူနာ ၂၃၀၀၀ ခန့် ဖြစ်နေပါသေးတယ်။ သေတာကလည်း
၁၁၂ ဦးရှိတယ်။ အမှန်ကတော့ သွေးလွန်တုပ်ကွေး ရောဂါဆိုတာ ပြည်သူ့ကျန်းမာရေးနဲ့ ကာကွယ်
နှိမ်နင်းရေး လုပ်ငန်းတွေကို သေချာလုပ်ရင် ဖြစ်ပွားမှုတွေ အလွန်လျော့နည်းသွားနိုင်တဲ့
ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးအသိပညာရှိရှိနဲ့ ပိုးလောက်လမ်းနဲ့
ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းတွေကို ဂရုတစိုက် သေချာစွာဆောင်ရွက်ကြဖို့ အထူးအရေးကြီး
ပါတယ်။
ဆင်ခြေထောက်ရောဂါနဲ့ ပတ်သက်ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ အမြစ်ပြတ်အောင် လုပ်နေပြီး
သန်ချ ဆေးပေါင်းကို ဆင်ခြေထောက် ရောဂါ အမြစ်တွယ်နေမှုရှိနေသေးတဲ့ ခရိုင်နဲ့ မြို့နယ်တွေမှာ
နှစ်စဉ်လူဦးရေ ၃၃ သန်းခန့်ကို တိုက်ကျွေးနေပါတယ်။
အနာကြီးရောဂါကာကွယ်ရေးနဲ့ပတ်သက်လို့တော့ တစ်နှစ်တစ်နှစ်ကို လူနာအသစ် ၂၀၀၀ ခန့်
တွေ့နေရပါ သေးတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဲဒီတော့ အနာကြီးရောဂါကိုလည်း
ပေါ့လို့ မရပါဘူး၊ အနာကြီးရောဂါ လုံးဝကင်းစင်ရေးအတွက် အရှိန်အဟုန်နဲ့ ဆက်လုပ်နေပါတယ်။
နောက်တစ်ချက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မွေးကင်းစ အရွယ်မှစ၍ ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့အစီအစဉ်
ဆောင်ရွက်နေတာ လက်ရှိအခြေအနေမှာ ကာကွယ်ဆေး ၁၁ မျိုး ထိုးပေးနေပါတယ်။ ပုံမှန် ကာကွယ်ဆေးအစီအစဉ်မှာ
အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ ဝယ်ယူရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ
၆ ဒသမ ၇ သန်းခန့် နှစ်စဉ် ထည့်ဝင်သုံးစွဲလျက်ရှိပါတယ်။ ကာကွယ်ဆေးအမျိုးမျိုးရဲ့ လွှမ်းခြုံမှုက
တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ၂၀၂၀
ပြည့်နှစ်မှာ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနဲ့ ဝမ်းလျှောရောဂါ (Rota) ကာကွယ်ဆေးအသစ်
နှစ်မျိုးကို ထပ်မံထည့်သွင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါနဲ့ပတ်သက်လို့ရှိရင် ၃ နှစ်တာ ကာလအတွင်းမှာ နိုင်ငံတော်က ငွေကျပ်
၁၄ ဘီလီယံ လောက် သုံးစွဲပြီး ခွေးရူးပြန်ကာကွယ်ဆေးနဲ့ ပဋိပစ္စည်းတွေဝယ်ယူပြီး အခမဲ့ထိုးနှံကုသပေးခဲ့
ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ခွေးကိုက်ခံရတဲ့လူနာ ၁၉၀၀၀၀ အထိ ထိုးပေးခဲ့တယ်။ ခွေးရူးပြန်ရောဂါကြောင့်
သေဆုံးမှုက လျော့နည်းလာပါတယ်။ ၂၀၁၆ ခုနှစ် မှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးတဲ့လူနာ ၉၉
ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၇၀ အထိ လျော့ကျလာခဲ့ပါတယ်။ ခွေးသာမကိုက်လို့ရှိရင် ခွေးရူးပြန်
ကာကွယ်ဆေး ထိုးစရာ မလိုဘူး၊ ဘဏ္ဍာငွေ အကုန်အကျ နည်းသွားပါမယ်။ ဒီခွေးမကိုက်အောင် ကျွန်တော်တို့
ဝန်ကြီးဌာနက လုပ်လို့မရပါဘူး။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနဲ့ စည်ပင်သာယာ ရေးကော်မတီကအစ
သက်ဆိုင်သူအားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
မြွေကိုက်ခံရပြီး သေဆုံးမှုနှုန်းက နည်းလာပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက လူတစ်သန်းမှာ
၁၂ ဦး သေဆုံးရာကနေ ၂၀၁၈ ခုနှစ်မှာ လူ တစ်သန်းမှာ ကိုးဦးပဲ သေဆုံးပါတော့တယ်။
ရခိုင်ပြည်နယ်မှာ မထင်မှတ်ဘဲတွေ့ ခဲ့ရတဲ့ ရေချိုခရုကနေ ကူးစက်တဲ့ သန်ပြားကောင်ရောဂါ
(Schistosomiasis) ဖြစ်ပွားမှုနဲ့ပတ်သက်လို့ ရောဂါမပြန့်ပွား အောင်လည်း စီမံချက်တွေရေးဆွဲပြီး
စနစ်တကျဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ပေါင်းပြီး
လုပ်ဆောင်နေပါတယ်။ ဒီကိစ္စက အရေးကြီးတဲ့ ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်ပါတယ်။ လူတွေက
ရေထဲမှာ လမ်းလျှောက်သွားတဲ့အတွက် ရေထဲက တစ်ဆင့် အရေပြားကနေဝင်လာတဲ့ရောဂါ ဖြစ်ပါတယ်။
ဒီရောဂါဖြစ်ပွားမှုကိုလည်း သေချာစွာ လေ့လာ သုတေသနပြုလုပ်လျက်ရှိပါတယ်။
ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာ အသိဉာဏ် ဗဟုသုတမြင့်မားဖို့
လိုအပ်တဲ့အတွက် ကူးစက်ရောဂါဆိုင်ရာ လက်တွေ့ကွင်းဆင်းလေ့လာခြင်း သင်တန်းတွေ (Field
Epidemiology Training Program - FETP) ကို ဖွင့်လှစ်ပို့ချလျက်ရှိ ပါတယ်။
မေး။ ။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြောပြပေးပါဦး။
ဖြေ ။ ။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ Global Fund, Gavi, Access
to Health Fund, USAID, World Bank နဲ့ ADB တို့နဲ့ ပူးပေါင်းပြီး လုပ်နေတဲ့အပြင်
UN အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, Unicef, UNDP, UNFPA, UNOPS နဲ့ FAO တို့နဲ့လည်း အကုန်ပူးပေါင်း
ဆောင်ရွက်နေပါတယ်။ အခြားအကူအညီပေးတဲ့ အဖွဲ့တွေက ထိုင်းနိုင်ငံက TICA အဖွဲ့ ၊ ဂျပန်နိုင်ငံက
JICA အဖွဲ့၊ ကိုရီးယားက KOICA အဖွဲ့တွေကလည်း အကူအညီ အထောက်အပံ့တွေ တော်တော်ပေးပြီး
သူတို့နဲ့ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။
ထို့အတူ ကျွန်တော်တို့ဟာ INGO အဖွဲ့ အစည်း ၈၀ လောက်နဲ့ ပူးပေါင်းလုပ်ဆောင် နေပါတယ်။
ဒီလောက်များတဲ့ INGO တွေဘာလုပ်နေလဲဆိုတာ သိနိုင်အောင်လို့ ကျွန်တော် တို့ INGO
Profile စာအုပ်ကို ပြုစုထုတ်ဝေပြီး ဘယ်နေရာမှာ ဘယ်အဖွဲ့က ဘာလုပ်နေလဲ ဆိုတာကို အတိအကျသိရှိအောင်
ဆောင်ရွက်ခဲ့ ပါတယ်။ စီမံကိန်းတွေ ထပ်နေတယ်ဆိုရင် ပိုက်ဆံမကုန်သင့်ဘဲ ကုန်နေတာမျိုးဖြစ်နေမှာ
စိုးတဲ့ အတွက် အခုထက်ပိုပြီး စနစ်ကျအောင် လုပ်ဖို့ရှိပါတယ်။ နောက်တစ်ချက်က ဝန်ကြီးဌာနမှာရှိတဲ့
တက္ကသိုလ်တွေနဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက တက္ကသိုလ်တွေအကြား သဘောတူညီမှု စာချွန်လွှာ
၇၅ ခု ထိုးပြီး ကုသရေးအပိုင်း၊ သင်ကြားရေးအပိုင်းနဲ့ သုတေသနအပိုင်းမှာ အကုန်ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒါ့အပြင် (၃)နှစ်တာအတွင်း နိုင်ငံတကာ အစည်းအဝေး၊ ညီလာခံနဲ့ အလုပ်ရုံဆွေးနွေးပွဲ
တွေကို ၁၅၅၇ ဦး၊ ခြောက်လအောက် သင်တန်း တွေကို ၁၁၆၄ ဦး၊ ခြောက်လအထက် သင်တန်း တွေကို
၂၆၂ ဦး၊ မဟာသိပ္ပံ ၈၆ ဦးနဲ့ ပါရဂူသင်တန်း ၄၅ ဦးတို့ စေလွှတ်ခဲ့ရာ လူဦးရေ ၆၅၃၅ ဦး ရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစည်း အဝေးနဲ့ ညီလာခံ စုစုပေါင်း ၄၀ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ
ရှိပါတယ်။
မေး။ ။ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး လူသားအရင်းအမြစ်တွေ တိုးတက်အောင် ဘယ်လိုမျိုး
ဆောင်ရွက်နေသလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်နိုင်ဖို့ ဘွဲ့ ကြိုနဲ့
ဘွဲ့လွန် သင်တန်းတွေ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပြီး ဘွဲ့ ကြို လက်မှတ်ရ အထူးပြုသူနာပြု
ဒီပလိုမာတန်းအဖြစ် ၂၀၁၈ ခုနှစ်တွင် အစာအိမ်နဲ့ အူလမ်းကြောင်း၊ နှလုံးနဲ့ သွေးကြော၊
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းတို့ကို ထပ်မံဖွင့်လှစ်ထားပြီး အခြား ဘွဲ့ ကြိုဒီပလိုမာဖြစ်တဲ့
ကျန်းမာရေး သတင်းအချက်အလက်နည်းပညာ၊ ဓာတ်ရောင်ခြည်ကုသမှုနဲ့ သူနာပြုသိပ္ပံ(ပေါင်းကူး)
တို့ကို ထပ်တိုးဖွင့်လှစ်ခဲ့ပါတယ်။ ဘွဲ့လွန်သင်တန်း ဒီပလိုမာသင်တန်း နှစ်မျိုး၊ မဟာသိပ္ပံ
သင်တန်း ခြောက်ခုနဲ့ ပါရဂူဘွဲ့ သင်တန်း လေးမျိုး စုစုပေါင်း ဘွဲ့လွန်သင်တန်း အသစ် ၁၂
မျိုး တိုးချဲ့ ဖွင့်လှစ်ခဲ့တဲ့အပြင် အခုအခါ ဒီပလိုမာသင်တန်း၊ ဘွဲ့ ကြိုသင်တန်း၊ ဘွဲ့လွန်
သင်တန်း၊ မဟာသိပ္ပံသင်တန်းနဲ့ ပါရဂူသင်တန်း စုစုပေါင်း ၁၂၆ ခု ဖွင့်လှစ် သင်ကြားပေးလျက်
ရှိပါတယ်။
၂၀၁၈ ခုနှစ်မှာ M.B.B.S အပါအဝင် ဘွဲ့လွန် ဘွဲ့ရတဲ့သူတွေ ဒီပလိုမာရတဲ့သူတွေ၊ မဟာသိပ္ပံ
ပါရဂူ ရတဲ့သူတွေ ၈၃၃၆ ဦး မွေးထုတ်နိုင်ခဲ့ပါတယ်။ (၃)နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း
၂၂၀၀၀ ခန့် ရှိပါတယ်။ နိုင်ငံက ဆေးတက္ကသိုလ်တွေမှာ သင်ကြားမှုစနစ်ကို ကမ္ဘာ့အဆင့်အတန်းမီအောင်
Integrated Teaching ပေါင်းစပ်သင်ကြားမှုစနစ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်မှာ ဖြစ်ပါတယ်။
ဒါမှသာ ကျွန်တော်တို့ရဲ့ ဆေးတက္ကသိုလ်တွေရဲ့ ဘွဲ့ရတွေကို ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုမှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များလာတဲ့အတွက် သက်ကြီးရွယ်အို စောင့်ရှောက်မှု
သင်တန်း ကို ဂျပန်နိုင်ငံနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့လကပဲ ဖွင့်ပါတယ်။ ရှေ့ဆက်ပြီးတိုးချဲ့ဖို့
အစီအစဉ်လည်း ရှိပါတယ်။ သူနာပြုအင်အားက အတော်နည်းနေတဲ့အတွက် အရင်တုန်းက တစ်နှစ်ကို သူနာပြု/
သားဖွား ၁၈၀၀ ခေါ်နေရာကနေ ၂၀၁၈ ခုနှစ်ကစပြီး ၃၆၉၀ သို့ တိုးမြှင့်ခေါ်ယူခဲ့ပါတယ်။ သူနာပြုသိပ္ပံ
(Bachelor of Nursing Science- B.N.Sc) ကို တစ်နှစ် ၃၀၀ ခေါ်နေရာကနေ ၄၀၀ ခေါ်နေပါပြီ။နောက်သုံးနှစ်မှာ
သူနာပြုတွေ ၄၀၀၀ နီးပါးလောက် နှစ်စဉ်ထွက်လာမယ်ဆိုရင် နိုင်ငံရဲ့ သူနာပြုရှားပါးမှုကို
ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။
ခက်ခဲဒေသနဲ့ အထူးဒေသခြောက်ခုက ဆေးတက္ကသိုလ်တက်ချင်တဲ့ ကျောင်းသားတွေ အတွက် ဆေးကျောင်းတက်ခွင့်ရသူ
ပမာဏရဲ့ ၆ ရာခိုင်နှုန်း ပေးပါတယ်။ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ ခက်ခဲဒေသက ၅၆ ဦး၊ ၂၀၁၇ - ၂၀၁၈
ခုနှစ်မှာ ၈၁ ဦး၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ ၇၂ ဦး တက်ရောက် ခွင့်ပေးခဲ့ပါတယ်။ သူတို့ကို
အခြားကျောင်းသား တွေတက်တဲ့အမှတ်ထက်နည်းပြီး တက်ခွင့်ပြု ထားပါတယ်။ အလားတူ အဲဒီဒေသတွေကို
သူနာပြုသင်တန်းတက်ခွင့်ရသူ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်း တက်ခွင့်ပြုထားပါတယ်။ ဒါမှသာ ဝေးလံခက်ခဲဒေသတွေရဲ့
ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုတိုးတက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ အစားအသောက်နဲ့ ဆေးဝါးကဏ္ဍတွေ၊ သုတေသနလုပ်ငန်းတွေနဲ့ တိုင်းရင်းဆေး ကဏ္ဍတွေနဲ့
အားကစားကဏ္ဍတွေကို ဖွံ့ ဖြိုးတိုးတက်အောင် ဘယ်လိုမျိုးဆောင်ရွက်နေလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ အရည်အသွေးပြည့်မီ၍ ဘေးဥပဒ် ကင်းစင်တဲ့ အစားအသောက်၊
ဆေးဝါး၊ ဆေးပစ္စည်းနဲ့ အလှကုန်တွေ ရရှိသုံးစွဲနိုင်ဖို့အတွက် လက်ရှိဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ
ဆောင်ရွက်လျက်ရှိပါတယ်။ Post Marketing Survillance လို့ခေါ်တဲ့ ဈေးကွက်ထောက်လှမ်းခြင်း
လုပ်ငန်း နဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက်တွေကိုယူပြီး စစ်ဆေးပါတယ်။ ၂၀၁၈
ခုနှစ်မှာ ဈေးကွက်အတွင်းမှ အစားအသောက် နမူနာ ၆၇၄၆ ခု စစ်ဆေးခဲ့ပါတယ်။ စားသုံးရန် မသင့်တဲ့
စားသုံးကုန်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာခြင်းနဲ့ တရားစွဲဆို အရေးယူတာတွေ
လုပ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဈေးကွက်အတွင်းမှ ဆေးဝါးနမူနာ ၂၉၈ မျိုးကို စစ်ဆေးခဲ့ပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနအနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ပတ်သက်ပြီး
သွင်းကုန်လိုင်စင်ထောက်ခံချက်က ၇၄၅၂ ခု၊ သွင်းကုန် ကျန်းမာရေးထောက်ခံချက်က ၉၇၃၀၊ ပို့ကုန်လိုင်စင်ထောက်ခံချက်
၃၈၀ နဲ့ ပို့ကုန်ကျန်းမာရေး ထောက်ခံချက် ၆၇ ခု ထုတ်ပေးခဲ့ပါတယ်။ အရည်အသွေးမပြည့်မီတာတွေ၊
မကောင်းတာတွေကို လိုင်စင်ထုတ်ပေးလိုက်မိရင် ပြည်သူလူထုကို အ္တရာယ်ဖြစ်စေတဲ့အတွက် ဒါကို
သေချာကြပ်မတ်ဆောင်ရွက်ပါတယ်။ ဆေးဝါး မှတ်ပုံတင်လျှောက်ထား ခြင်းကို အွန်လိုင်းကနေ တစ်ဆင့်
လျှောက်လို့ရနေပြီ ဖြစ်ပါတယ်။
အလားတူ FDA မှာရှိတဲ့ ဓာတ်ခွဲခန်းတွေက ကမ္ဘာ့အဆင့်မီတယ်လို့ ပြောလို့ရပါတယ်။ ဆေးဝါး
ဓာတုဓာတ်ခွဲခန်းဟာ ISO / IEC 17025:2005 ကို ရထားပြီးပါပြီ။ ဒါ့အပြင် နိုင်ငံတော်က
ငွေကျပ် သန်း ၁၈၀၀ ခန့် အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကို
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုကို
ရွေ့လျား ဓာတ်ခွဲခန်းယာဉ် (Mobile Lab Van) တစ်စီးစီ ဖြန့်ဝေ ပေးခဲ့ပြီး ခြောက်လအတွင်း
ရွေ့လျား ဓာတ်ခွဲခန်းယာဉ်တွေအသုံးပြုပြီး အစားအသောက်နဲ့ ဆေးဝါး နမူနာပေါင်း ၆၂၀၀ ကျော်နဲ့
၂၆၄ ကြိမ် စစ်ပြီးသွားပါပြီ။
သုတေသနကဏ္ဍအနေနဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ ငွေကျပ်
၁၆ ဒသမ ၅ သန်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ ငွေကျပ်သန်း ၁၀၀၀၊ ၂၀၁၈ ခုနှစ် ပထမခြောက်လကာလမှာ
ငွေကျပ်သန်း ၅၀၀ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်း ၁၅၀၀ ခွင့်ပြု ချထားခဲ့ပြီး
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ငွေကျပ် သန်း ၃၀၀၀ အထိ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ လျာထားပါတယ်။
သုတေသနလုပ်မှ နိုင်ငံတိုးတက်မှာဖြစ်တဲ့ အတွက် သုတေသနစိတ်ဓာတ်၊ သုတေသန အလေ့အထ
ယဉ်ကျေးမှုတွေ ဖြစ်လာအောင် အားပေးဆောင်ရွက်နေပါတယ်။ လက်တွေ့အသုံးချ သုတေသနလုပ်ငန်း
(Implementation Research) တွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံမှာ ကျန်းမာရေးနဲ့
ပတ်သက်တဲ့ သုတေသနစာရင်း အကုန်လုံးကို Health Research Registry နဲ့ မှတ်ပုံတင်ထားရှိ
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အလားတူ သုတေသနသတင်းအချက် အလက် (Research Information System) ကို ဖော်ဆောင် ထားပြီး
စနစ်တကျ စာရင်းသွင်းထားပါတယ်။ သုတေသနညီလာခံကို နှစ်စဉ် ဇန်နဝါရီလမှာ လုပ်ပါတယ်။ ၂၀၁၉
ခုနှစ်မှာဆိုရင် စာတမ်းပေါင်း ၂၃၁ ခု ဖတ်တဲ့အပြင် နိုင်ငံပေါင်း တော်တော်များများက
သုတေသနပညာရှင်တွေ လာပြီး ဆွေးနွေးပါတယ်။ ဒီအချက်ဟာ နိုင်ငံရဲ့ သုတေသနအဆင့်အတန်းဟာ ကမ္ဘာမှာတောင်
ရင်ပေါင်တန်းနိုင်တဲ့အဆင့် ဖြစ်တာကို ပြသခြင်း ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဆေးသုတေသနဦးစီးဌာန(ရုံးခွဲ)ကို သင်တန်းကျောင်းပုံစံအဖြစ်
စတင်ဆောင်ရွက် နေပြီး သုတေသနနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပို့ချလျက်ရှိပါတယ်။ ဆေးသုတေသန
ဦးစီးဌာနအနေနဲ့ ဆေးနဲ့နှီးနွှယ် ၁၆ ကျောင်းမှာရှိတဲ့ ဘွဲ့ ကြို၊ ဘွဲ့လွန်ကျောင်းသားတွေကို
သုတေသန စာတမ်းတွေ အရည်အသွေးမြင့်မားအောင် သုတေသနဆိုင်ရာ နည်းပညာအထောက်အပံ့ပေး လျက်ရှိရာ
သုံးနှစ်တာအတွင်း ကျောင်းသားပေါင်း ၁၀၉၃ ဦးရှိပါပြီ။
တိုင်းရင်းဆေးနဲ့ပတ်သက်လို့ တိုင်းရင်းဆေး တက္ကသိုလ် ဘက်စုံဖွံ့ ဖြိုးတိုးတက်ဖို့အတွက်
ပညာရှင်ပေါင်းစုံ ပါဝင်တဲ့အဖွဲ့နဲ့ ဘက်စုံသုံးသပ်ပြီး တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို
ဆေးတက္ကသိုလ်တွေနည်းတူ ဖြစ်အောင် ဆောင်ရွက်နေပါပြီ။ တိုင်းရင်းဆေးအနေနဲ့ ပရဆေးပင်ကျမ်းအတွဲ(၂)
ကို ထုတ်ဝေနိုင်ခဲ့တဲ့ အပြင် မြန်မာ့တိုင်းရင်းဆေးဖုံ တွေရဲ့ ဖော်စပ်ပုံကို စံသတ်မှတ်ခြင်းကိုလည်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။
ဌာနသုံးတိုင်းရင်းဆေးနည်းနဲ့ ဆေးဖုံ ဘယ်လောက်သုံးရမယ် ဆိုတာတွေကိုလည်း သုတေသနလုပ်နေပြီ
ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရက ငွေကျပ် ၄ ဒသမ ၆၇ ဘီလီယံလောက် သုံးပြီး ခေတ်မီ တိုင်းရင်းဆေးစက်ရုံကြီး
မန္တလေး မှာ မကြာခင်က ဖွင့်လိုက်ပါပြီ။ တိုင်းရင်းဆေး လောက မြှင့်တင်ဖို့အတွက် နှစ်စဉ်တိုင်းရင်းဆေး
သုတေသနညီလာခံတွေအပြင် တိုင်းရင်းဆေး သမားတော်တွေညီလာခံကို ကျင်းပပါတယ်။ ညီလာခံတွေက
ထွက်ရှိလာတဲ့ ထောက်ခံချက်၊ အဆိုပြုချက်တွေကို လုံးဝအကောင်အထည်ဖော် ပါမယ်။ ဒါ့အပြင်
တိုင်းရင်းဆေးပညာ အဆင့် မြှင့်တင်ရေးအတွက် အကြံပြုပေးနိုင်ဖို့ ဝါရင့် ပညာရှင်တွေပါဝင်တဲ့
တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့ထားပါတယ်။
ပြည်သူလူထုရဲ့ ကျန်းမာရေးကောင်းဖို့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ အလွန်အရေးကြီးတဲ့အတွက်
၂၀၁၇ ခုနှစ်မှာ Healthy Myanmar Seminar တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီ seminar က ထွက်ပေါ်လာတဲ့
ဆုံးဖြတ်ချက် ၁၃ ချက်အပေါ်မူတည်ပြီး ဆောင်ရွက်နေပါတယ်။ အမျိုးသမီးအားကစားအဖွဲ့ချုပ်က
တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခုမှာ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ်နဲ့ လေ့ကျင့်ခန်းတွေ စနစ်တကျသင်ကြား ဆောင်ရွက်နေပါတယ်။အားကစားနဲ့
ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းတွေကို ကိုယ်လက်လှုပ်ရှားမှု (Physical Fitness Dance) ကို
ရုံးပိတ်ရက်တွေမှအပ နေ့စဉ်ပြုလုပ်လျက်ရှိပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှ
အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ အရာထမ်း၊
အကြပ်စစ်သည် မိသားစုတွေ၊ သူနာပြုသင်တန်းကျောင်းနဲ့ သားဖွားသင်တန်းကျောင်းတွေကို နည်းပြတွေ
စေလွှတ်၍ သင်တန်းပို့ချပေးခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်က အားကစားမှူးတွေနဲ့ ဆရာ ဆရာမတွေကိုလည်း သင်တန်းပေးနေပါတယ်။
ပြည်သူတွေ အလွယ်တကူလေ့ကျင့်ခန်းပြုလုပ်နိုင်ဖို့ Outdoor Fitness Equipment ၁၁၂၇ ခုကို
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တပ်ဆင်ပေးတဲ့အပြင် သူနာပြု၊ သားဖွားသင်တန်းကျောင်း
၅၀ မှာလည်း ပံ့ပိုးပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ; ASEAN
University Games ကိုလည်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါတယ်။
အားကစားသိပ္ပံ ခြောက်ခုရှိပြီး လက်ရွေးစင် တွေဖြစ်အောင် လေ့ကျင့်ပေးနေပါတယ်။ အထူး
သဖြင့် B.Sc(Sports) ဘွဲ့ရ အားကစားမှူးတွေ အများကြီးမွေးထုတ်ထားပါပြီ။ သူတို့ကို ကျန်းမာရေးနဲ့
အားကစားဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာနတွေမှာ အလုပ်ခန့်ထားပါတယ်။နွေရာသီအားကစားသင်တန်းတွေ
နှစ်စဉ်ဖွင့်လှစ်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ကျောင်းသား ၁၂၀၀၀၀ လောက်ကို သင်တန်းပေးနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကောင်စီ (Myanmar Olympic Council) ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ပြီး
ဒီကောင်စီကနေ မြန်မာနိုင်ငံရဲ့ အားကစားလောက တစ်ခုလုံး တိုးတက်အောင် ဘာတွေလုပ်သင့်လဲ၊
ဘယ်လိုလုပ်ရမလဲဆိုတာကို မူဝါဒတွေ ချမှတ်ပါမယ်။
ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ ရောဂါဘယ ကင်းရှင်းရေးနဲ့
ရောဂါဖြစ်ပွားလာပါက ထိရောက်စွာ ကုသမှုခံယူရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်နေ
ပါတယ်။
့ပြည်သူတွေကို ကျွန်တော့်အနေနဲ့ အကြံပြု လိုတာက ကျန်းမာဖို့ဆိုရင် နံပါတ်(၁)
ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာကို လျှော့၊ ဖြစ်နိုင်ရင် လုံးဝမသောက်ပါနဲ့၊ နံပါတ်(၂) ကိုယ်လက်လှုပ်ရှား
အားကစား မှန်မှန် လုပ်ရပါမယ်။ နံပါတ်(၃) အလွန်ချိုသောအစာ၊ အလွန်ငန်သောအစာနဲ့ အလွန်အဆီများသော
အစာကို လျှော့စားရမယ်။ နံပါတ်(၄) FDA အသိအမှတ်ပြုတဲ့ဆေးတွေကိုပဲ သုံးစွဲပါ၊ နံပါတ်(၅)
နှလုံး၊ သွေးတိုးနဲ့ လေဖြတ် ရောဂါတွေဖြစ်ပွားစေတဲ့ စိုးရိမ်သောကတွေနဲ့ လောဘ၊ ဒေါသ၊
မောဟတို့ကို လျှော့ချပါ၊ နံပါတ် (၆) ကလေးတွေကို ကူးစက်ရောဂါတွေက ကြိုတင်ကာကွယ်နိုင်ဖို့
ကာကွယ်ဆေး ထိုးပေးကြပါ၊ နံပါတ်(၇) ကျန်းမာရေးဝန်ထမ်းတွေနဲ့ မီဒီယာတွေကတစ်ဆင့် ဖြန့်ဝေပေးနေတဲ့
ကျန်းမာရေး အသိပညာတွေကို အလေးအနက် မှတ်သား လိုက်နာကြပါ၊ နံပါတ်(၈) ရောဂါဖြစ်ပွားလျှင်
ကြိုတင် လက္ခဏာတွေ သိသိချင်း စောစီးစွာ ဆေးရုံ/ဆေးခန်းတွေကိုသွားပြီး ကုသမှု ခံယူရပါမယ်။
ဒါတွေလုပ်မှသာလျှင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကပေးတဲ့ ဝန်ဆောင်မှု ကလည်း ထိရောက်အကျိုးရှိမှာဖြစ်ပြီး
ပြည်သူ တွေအနေနဲ့ ကျန်းမာခြင်းသုခကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဓာတ်ပုံစုစည်း - အေးသန်း





No comments:
Post a Comment