ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့် မြောက် ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အား ကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲလုပ်ငန်းစဉ်များ ဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများ အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ဝန်ကြီးဌာနအတွင်း ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ကာလတို၊ ကာလရှည် အကျိုးဖြစ်ထွန်းမည့် စီးပွားရေးဆိုင်ရာများနှင့် လုပ်ငန်းစဉ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ တတိယ(၁)နှစ်တာအတွင်း မြန်မာ့စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းအကျိုးဖြစ်ထွန်းမှုများအတွက် ဆောင်ရွက်နေမှုများကို သိရှိနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး များအား တွေ့ဆုံမေးမြန်းခဲ့သည် -
ဦးစိုးဝင်း
ပြည်ထောင်စုဝန်ကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
မေး။ ။ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ကို မဏ္ဍိုင် သုံးရပ်၊ ပန်းတိုင် ငါးခု၊ မဟာဗျူဟာ ၂၈ ခုနဲ့ လုပ်ငန်းစဉ် (၂၅၁)ခုတို့ ချမှတ်ပြီး ဝန်ကြီးဌာနက အဓိကဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရ-ပုဂ္ဂလိကဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့်ဖြစ်စေ၊ အခြားေ ထာက်ပံ့ နည်းလမ်းများဖြင့်ဖြစ်စေ ဆောင်ရွက်မည့် စီမံကိန်း များကို Project Bank မှာ ထည့်သွင်း ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ရေရှည်၊ ရေတိုစီမံကိန်းတွေအတွက် ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ဝန်ကြီးဌာနကနေ နိုင်ငံတော်ရဲ့ ရသုံး မှန်းခြေငွေစာရင်းအရ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နဲ့အညီ ငွေများသုံးစွဲမှုတွေကို မြေပြင် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်စီမံကိန်းအတွက် အထောက်အကူပြုနိုင်ဖို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းအစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်နိုင်ခဲ့ ပါတယ်။ ပို့ကုန် သွင်းကုန်လုပ်ငန်းတွေရဲ့ ငွေကြေးလိုအပ်ချက်တွေကို အထောက်အပံ့ ပေးနိုင်ဖို့ Export Import Financing ကို ၂၀၁၈ ခုနှစ်ကစပြီး ဘဏ်တွေ ဝန်ဆောင်မှု ပေးနိုင်ခဲ့ တာက တတိယ (၁)နှစ်တာအတွင်း ဆောင်ရွက်မှုတွေထဲက အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
မေး။ ။လယ်ယာကဏ္ဍနဲ့ ကျေးလက်နေပြည်သူတွေရဲ့လူမှုစီးပွားဘ၀ဖွံ့ဖြိုးဖို့အတွက် ဝန်ကြီးဌာန ရဲ့ဆောင်ရွက်ချက်တွေကို သိပါရစေရှင့်။
ဖြေ။ ။စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ကနေ လယ်ယာကဏ္ဍကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) တွေအတွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်တို့ကနေ တတိယ(၁)နှစ်တာကာလ အတွင်း ငွေကျပ်ကျပ် ၁၆၆ ဘီလီယံကို ငွေချေးသူ ၃၇၃၃ ဦးဆီသို့ အရောက်ထုတ်ချေးပေးခဲ့ပါတယ်။ စိုက်ပျိုး စရိတ်ချေးငွေတွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်မှာ ငွေကျပ် ၁၇၀၇ ဘီလီယံ ထုတ်ချေးခဲ့ရာ ကနေ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှာငွေကျပ်၂၀၁၇ ဘီလီယံအထိ ချေးပေးသွားမှာဖြစ်ပါတယ်။ စပါး တစ်ဧကအတွက် ထုတ်ချေးငွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်ကျပ်တစ်သိန်းမှ ငွေကျပ် တစ်သိန်းခွဲ အထိ၊ အခြားသီးနှံတွေအတွက် တစ်ဧကချေးငွေနှုန်းကို အခုဘဏ္ဍာရေးနှစ်မှာ ငွေကျပ်ကျပ် ၅၀၀၀၀ ကနေ တစ်သိန်းအထိ ထပ်မံတိုးမြှင့်ပေးခဲ့ပါတယ်။
ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရဲ့ လူမှုဘ၀တိုးတက်မြင့်မားရေးကို အထောက် အကူဖြစ်ဖို့ အသေးစားငွေရေးကြေးရေး (Micro Finance) အဖွဲ့အစည်း ၁၇၇ ဖွဲ့ ကို လုပ်ကိုင်ခွင့် ပြုထားပြီး မြန်မာတစ်ပြည်လုံး အသေးစားချေးငွေ တွေကို ထုတ်ချေးလျက်ရှိပါတယ်။
မနှစ်က ဘဏ္ဍာရေးနှစ်မှာ ကျေးရွာပေါင်း ၁၈၀၀၀ ကျော်၊ လူဦးရေပေါင်း သုံးသန်းခွဲကျော်ကို ငွေကျပ် ၄၁၂၉ ဘီလီယံထုတ်ချေးခဲ့ပြီး စုဆောင်းငွေကျပ် ၃၃၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။ အခု ဘဏ္ဍာရေးနှစ်တွင်ကျေးရွာပေါင်း ၂၂၀၀၀ ကျော်၊ လူဦးရေ ၅ သန်းခန့်ကို ငွေကျပ် ၆၂၆၇ ဘီလီယံ ထုတ်ချေးခဲ့ပြီး စုဆောင်းငွေကျပ် ၄၈၇ ဘီလီယံ အထိ ရှိခဲ့ပါတယ်။
မေး။ ။အာမခံလုပ်ငန်းတွေ တိုးတက်ဖို့ အတွက် ဝန်ကြီးဌာနရဲ့ အစီအမံနဲ့ ဆောင်ရွက်ထားမှု တွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။အာမခံလုပ်ငန်းတိုးတက်ရေးအတွက် ၂၀၁၃ ခုနှစ်ကစပြီး ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ တွေကို လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ သုံးခုနဲ့ အသက်နဲ့ အထွေထွေအာမခံ ပူးတွဲလုပ်ကိုင်နေတဲ့ ကုမ္ပဏီရှစ်ခုကအာမခံလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒါ့အပြင် နိုင်ငံခြားအသက်အာမခံကုမ္ပဏီတွေနဲ့ အထွေထွေအာမခံကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ လုပ် ကိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ပြုတဲ့ နေရာမှာလည်း နိုင်ငံခြားအသက် အာမခံကုမ္ပဏီတွေ က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အထွေထွေ အာမခံလုပ်ငန်းမှာ ပြည် တွင်းအာမခံကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခြင်းကို ခွင့်ပြုမှာဖြစ်ပါတယ်။
မေး။ ။အငြိမ်းစားဝန်ထမ်းတွေကို လစာထုတ်ပေးခြင်းစနစ်တွေ ပြုပြင်ပြောင်းလဲခဲ့တဲ့အပိုင်းကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ပင်စင်စားတွေရဲ့ အငြိမ်းစားလစာကို လက်ရှိဝန်ထမ်းတွေ ပင်စင်ခံစားခွင့် အတိုင်း တိုးမြှင့် ခံစား ခွင့်ပြုမှာဖြစ်ပါတယ်။ အငြိမ်းစားတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်သို့ အကြိမ်ကြိမ် လာရောက်ဖို့ မလိုဘဲ စရိတ်နဲ့ အချိန် ကုန်သက်သာဖို့ Mobile Payment စနစ်နဲ့ လစာထုတ်ပေးလျက် ရှိပါတယ်။ အငြိမ်းစားလစာ ထုတ်ပေးခြင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဘဏ်ခွဲရှစ်ခုမှာ ဝန်ဆောင်မှုစတင်ပေး လျက် ရှိပါတယ်။
လက်ရှိပင်စင်စနစ်ဟာ နိုင်ငံတော်ဘတ်ဂျက်မှ တာဝန်ယူကျခံရတဲ့အတွက် ပင်စင်စားတွေ အင်အားတိုး တက်လာခြင်း၊ မျှော်မှန်းသက်တမ်း ပိုမိုလာခြင်းတို့ကြောင့် ပင်စင်အသုံးစရိတ် ပိုမို သုံးစွဲရလျက်ရှိ ပါတယ်။ ပင်စင်လစာနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးလျော့ကျစေဖို့နဲ့ ရေရှည် တည်တံ့ ခိုင်မြဲတဲ့စနစ်တစ်ခုပေါ်လာဖို့ထည့်ဝင်ကြေးစနစ်နဲ့ အကျိုးခံစားခွင့်ပြုတဲ့ ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund- CPF) ကို ထူထောင်သွားမှာ ဖြစ်ပါတယ်။
ပင်စင်စားဝန်ထမ်းတွေသာမကအများပြည်သူတွေ အိမ်ရာပိုင်ဆိုင်မှုရရှိရေးနဲ့ နေထိုင်မှုအဆင်ပြေဖို့ အိမ်ရာချေးငွေစီမံကိန်းကို ဂျပန်နိုင်ငံမှ ချေးငွေယန်း ၁၅ ဘီလီယံရယူပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဌာနနဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ်တို့ပူးပေါင်းပြီး အိမ်ဝယ်ယူ မည့်သူတွေကိုစတင်ငွေထုတ်ချေးပေးလျက်ရှိပါတယ်။
မေး။ ။ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသတ်မှတ်ခဲ့ရခြင်း အခြေအနေကို သိပါရစေရှင့်။
ဖြေ။ ။ဘဏ္ဍာရေးနှစ်ကို ၂၀၁၈-၂၀၁၉ ကနေ စပြီး အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ် ခဲ့ပါတယ်။ ဘဏ္ဍာရေးနှစ် ပြောင်းလဲကျင့်သုံးရတဲ့ ရည်ရွယ်ချက်က ကာလရှည်ရုံးပိတ်ရက်တွေနဲ့ လွတ်ကင်းတဲ့ ကာလဖြစ်တာမို့ လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ပြီး တည် ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ဖြစ်သလို ပွင့်လင်းရာသီကာလ ကလည်း ရှစ်လကျော် တစ်ဆက်တည်းရရှိနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးလပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ် မျှတလာနိုင်မှာလည်း ဖြစ်ပါတယ်။
မေး။ ။အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုသိပါရစေရှင့်။
ဖြေ။ ။အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရာမှာ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်တဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးလျက်ရှိပါတယ်။ MPU Debit Card အသုံးပြုပြီး အွန်းလိုင်းမှ အခွန်ပေးဆောင်ခြင်းကို အခွန် ထမ်းကြီးတွေနဲ့ အလယ်အလတ် အခွန်ထမ်းတွေဆိုင်ရာ အခွန်ရုံးတွေမှာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး အောင်ဘာလေထီတစ်စောင်ကို ငွေကျပ် တစ်ထောင်နှုန်း နဲ့ ရောင်းချခဲ့ပါတယ်။ ဆုမဲတွေကို ငွေကျပ် သိန်းပေါင်း ၁၅၀၀၀ အထိ တိုးမြှင့်ပေး နိုင်ခဲ့ပြီး အခြားဆုမဲတွေကို ပိုမိုတိုးမြှင့်ပေးနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဆုကြေးငွေ ပိုမိုရရှိ လာမှာဖြစ်ပါ တယ်။
အကောက်ခွန်ကိစ္စရပ်တွေကို Manual စနစ်မှ အလိုအလျောက် ကုန်စည်ရှင်းလင်းရေး စနစ်ဖြစ်တဲ့ MACCS ( Myanmar Automated Cargo Clearance System) နဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန် ဧရိယာအတွင်း မှာ စတင်ကျင့်သုံးနိုင်ခဲ့ပါတယ်။ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက စတင်အသုံးပြုခဲ့ပြီး ကျန်တဲ့နယ်စပ်ဒေသတွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့နိုင် သွားမှာဖြစ်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှု မူဝါဒ တွေနဲ့အညီ ရေရှည်အကျိုးရှိမယ့်စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်လာရေး၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပွင့်လင်း မြင်သာမှုရှိပြီး လွယ်ကူရှင်းလင်းစွာပါဝင် ဆောင်ရွက်လာရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာကို အများပြည်သူတွေကို တင်ပြလိုပါတယ်။
ဦးမောင်မောင်ဝင်း
ဒုတိယဝန်ကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မေး။ ။ဘဏ္ဍာရေးကဏ္ဍရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုရှင်းပြပေးပါ ဦးရှင့်။
ဖြေ။။ဘဏ္ဍာရေးအပိုင်းမှာ ဌာနပေါင်း ၁၃ ခုရှိတယ်။ ဌာနကြီး ၁၃ ခုရှိတဲ့ အထဲမှာ ပေါ်လစီပိုင်းဆိုင်ရာ ဌာနတွေဖြစ်တဲ့ ရသုံးမှန်းခြေငွေစာရင်းဌာနဆိုရင် နှစ်စဉ် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စု ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ဖို့ ပြုစုတင်ပြဆောင်ရွက်ရပါတယ်။ တိုင်းဒေ သကြီးနဲ့ ပြည်နယ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေတွေကို သူ့အချိန်နဲ့သူ ပြဋ္ဌာန်းနိုင်စေဖို့ ပြုစုတင်ပြ ပါတယ်။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်း ပြီးချိန်တွင် ရသုံးခန့်မှန်းခြေငွေစာရင်းတွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်အစီရင် ခံခြင်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။တစ်နှစ်တာအတွင်းမှာ ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု တိုးတက်မှုတွေ အကြောင်းကိုရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။အရင်နဲ့မတူတာက ဘတ်ဂျက်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြည်သူ လူထုကို အစီရင်ခံတာ၊ သတင်းစာနဲ့ ဂျာနယ်တွေ၊ တီဗွီတွေမှာ ဖော်ပြတာတွေကို တိုးတက် လုပ်ဆောင်လျက်ရှိခြင်း ဖြစ်ပါ တယ်။ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် ငါးနှစ်စီမံကိန်း အနေနဲ့ ဆောင်ရွက်နေပြီး လာမယ့် စက်တင်ဘာလဆိုရင် ငါးနှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဘဏ်နဲ့ ညှိနှိုင်း၍ နောက်ထပ် သက်တမ်းတစ်နှစ်တိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
EITI လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကနေရရှိတဲ့ ရငွေတွေကို ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူထံကို အစီရင်ခံနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ငွေတိုက်ဦးစီးဌာနရဲ့လုပ်ငန်းစဉ်တွေနဲ့ တတိယ(၁)နှစ်တာအတွင်း ဖြတ်သန်း မှုကို သိပါရစေရှင့်။
ဖြေ။ ။ငွေတိုက်ဦးစီးဌာနရဲ့ အဓိကတာဝန်က ပြည်သူ့ကြွေးမြီကိစ္စ ဖြစ်ပါတယ်။ ကြွေးမြီတွေထဲမှာ ပြည်တွင်းကြွေးမြီနဲ့ ပြည်ပကြွေးမြီတို့ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးမှုအကူအညီတွေဆိုင်ရာ မူဝါဒနဲ့အညီ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေရယူဖို့နဲ့ ထောက်ပံ့ငွေတွေ ရယူဖို့ဆောင်ရွက်ပါတယ်။
ပြည်တွင်းကြွေးမြီက နှစ်စဉ်လိုငွေပြနေတဲ့ ဘတ်ဂျက်အတွက် ဆောင်ရွက်ရပြီး ဒီကြွေးမြီတွေကို ခံနိုင်ရည်ရှိမှု အတိုင်းအတာအပေါ်မူတည်ပြီး ထိန်းသိမ်းဆောင်ရွက်ရပါတယ်။ ငွေတိုက် ဌာနအနေနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို တာဝန်ယူ ဆောင်ရွက်ရပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုတွေ တိုးတက်လာအောင် လုပ်ရပါတယ်။ သဘောက ဘတ်ဂျက်တွေမှာ ဌာနကရတာနဲ့ သုံးတာနဲ့ တကယ်ရတာနဲ့ တကယ်သုံး တာတွေ နီးစပ်အောင် အမြဲစောင့်ကြည့်ပြီး ငွေကြေးစီမံခန့်ခွဲမှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ငွေတိုက်ဦးစီးဌာနဟာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်းတွေ အားလုံးကို စုစည်းပေါင်း ချုပ်ပြုစုပြီး အစိုးရနဲ့ လွှတ်တော်ကို အစီရင်ခံရပါတယ်။
မေး။ ။အသေးစား ငွေရေးကြေးရေး အာမခံလုပ်ငန်းတွေ ဖွံ့ ဖြိုးလာဖို့အတွက် ဆောင်ရွက်ချက် တွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေနဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး လုပ်ငန်း တွေကို ကြီးကြပ်ကွပ်ကဲ ရပါတယ်။ အာမခံလုပ်ငန်းတွေ ကြီးကြပ်ကွပ်ကဲပါတယ်။ အသေး စား ငွေရေးကြေးရေးလုပ်ငန်း Microfinance တွေကို ကြီးကြပ်ကွပ်ကဲပါ တယ်။ ဒီအသေးစား ငွေရေးကြေး ရေး လုပ်ငန်းတွေဟာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ လုပ်ငန်းပေါင်း ၁၇၇ ခုနဲ့ ဆောင်ရွက်နေပါ တယ်။
အာမခံလုပ်ငန်းတွေကို ဖြေလျှော့ပေးဖို့နဲ့ လွတ်လပ်ဖို့အတွက် ဆောင်ရွက်ပေးတဲ့ နေရာမှာ အဓိက ဒီနှစ်အတွင်းမှာ ထူးထူးခြားခြား တိုးတက် ပြောင်းလဲလာမှာက နိုင်ငံခြားအာမခံလုပ်ငန်းတွေ ကို ပြည် တွင်းမှာ လုပ်ကိုင်ခွင့်ပြုမယ့်ကိစ္စ ဖြစ်ပါ တယ်။ ဒီလုပ်ငန်းတွေဟာ မကြာခင်မှာ အကောင် အထည်ပေါ် လာတော့မှာဖြစ်ပါတယ်။ နိုင်ငံခြား အာမခံ ကုမ္ပဏီတွေကို အသက်အာမခံလုပ်ငန်းမှာ ရာနှုန်းပြည့်အထိ ခွင့်ပြုမှာဖြစ်ပါတယ်။အသက် အာမခံမဟုတ်တဲ့ အထွေထွေအာမခံလုပ်ငန်းမှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင် ခွင့်ပြုမှာ ဖြစ်ပါတယ်။
မေး။ ။ ပင်စင်စားအငြိမ်းစားတွေအတွက် ဖြေလျှော့ဆောင်ရွက်ပေးခဲ့တာတွေ ကို သိလိုပါတယ်ရှင့်။
ဖြေ။ ။ဝန်ကြီးဌာနမှာ ပင်စင်ဦးစီးဌာနဆိုပြီးရှိပါတယ်။ အားလုံးသိတဲ့ အတိုင်း နိုင်ငံတော်မှ မကြာသေး ခင်ကပင်စင်စား ဝန်ထမ်းတွေအားလုံးအတွက် ပင်စင်လစာကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြည်သူတွေအပေါ် ထားရှိတဲ့ စေတနာအရ ငွေကြေးအကုန်အကျများပေမယ့် ပင်စင်စား ဝန်ထမ်းတွေရဲ့ ဘ၀သက်သာချောင်ချိရေးကို ရှေးရှုပြီးတိုးမြှင့်ပေးခဲ့ရာ အခုဆိုရင် အငြိမ်းစား ဝန်ထမ်းတွေဟာ အရင်ကကွာခြားမှုရှိပေမယ့် အခုဆိုရင် အားလုံးတစ်ပြေးညီ လက်ရှိဝန်ထမ်းတွေ ပင်စင်ယူတဲ့အခါ ရရှိမယ့် နှုန်းထားအတိုင်း ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
မေး။ ။အခွန်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။အခွန်အယူခံခုံအဖွဲ့ရုံး ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ အဲဒီဥပဒေသစ် နဲ့အညီ အခုအခါ အသွင်ကူးပြောင်းရေးကာလကို (၂)နှစ် သတ်မှတ်ဆောင်ရွက်နေပါတယ်။ မကြာခင်မှာပဲ အခွန်အယူခံ ခုံအဖွဲ့ ဥပဒေအသစ်နဲ့အညီ အခွန်အယူခံ ခုံဘုတ်အဖွဲ့ ဖွဲ့စည်းပြီး ဘုတ်အဖွဲ့ကို တင်သွင်းလာ တဲ့ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြားနာဆောင်ရွက်ပေးမှာ ဖြစ်ပါ တယ်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများကြီးလုပ်နေပါတယ်။ အခွန် ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကို လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်ပါတယ်။ မကြာမီလွှတ်တော်မှာ ဆွေးနွေးပြီး ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဝင်ငွေခွန်ဥပဒေသစ်ကိုပြင်ဆင်ဖို့ ဆောင်ရွက် နေပါတယ်။ အောင်ဘာလေထီလုပ်ငန်းတွေမှာ ငွေကျပ် ၁၀၀၀ တန်အထိ တိုးမြှင့်ပြီး ထုတ်ဝေ ပေးနေတာ ရှိပါတယ်။ ခေတ်မီတဲ့ အခွန်လုပ်ငန်း တွေကို ဒီဂျစ်တယ်စနစ် ကူးပြောင်းဖို့အတွက် ITAS ဆိုတဲ့ Integrated Tax Administration System ကို ဆောင်ရွက်လျက်ရှိပါတယ်။
အကောက်ခွန်ဦးစီးဌာနအနေနဲ့ MACCS လို့ခေါ်တဲ့ Myanmar Automated Cargo Clearance System ကိုမူလက ရုံးချုပ် ဆိပ်ကမ်းတွေမှာ ဆောင်ရွက်ရာကနေ အခုဆိုရင် မြ၀တီနယ်စပ်တွေမှ တိုးချဲ့တပ်ဆင်ထားပြီး ဖြစ်ပါ တယ်။ မကြာခင်မှာ ဆက်လက်ပြီး မူဆယ်နယ်စပ် ကို တိုးချဲ့တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ခြင်းအားဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအတွက် အများကြီး အချိန်ကုန်၊ စရိတ်ကုန်သက်သာပြီး ပြည်သူ့ဝန်ဆောင်မှုကို အားကောင်းစေ ပါတယ်။
မေး။ ။တရားမဝင် ကုန်သွယ်မှုပပျောက်ဖို့အတွက် ဌာနကနေဆောင်ရွက်နေတဲ့ အကြောင်းကို သိပါရစေရှင့်။
ဖြေ။ ။တရားမဝင် ကုန်သွယ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနဲ့ မရမ်း ချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွေမှာ နေ့စဉ်နဲ့အမျှ တားဆီး ဖမ်းဆီးမှုတွေ ဆောင်ရွက်နေ ပါတယ်။
ဒါ့အပြင် လှုပ်ရှားကင်းစခန်း အထူးအဖွဲ့တွေနဲ့ လိုက်လံပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ဖမ်းဆီး ဆောင်ရွက်နေပါတယ်။ အရင်က မရှိသေးတဲ့ Bounded Warehouse တွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ တည်ဆောက်ထားပြီး ဆက်လက် ပြီးတော့လည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
မေး။ ။ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာနရဲ့ ဆောင်ရွက် ချက်တွေကို သိပါရစေရှင့်။
ဖြေ။ ။မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးအနေနဲ့ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်စတော့ပ်အိတ်ချိန်းကို တည်ထောင်ခဲ့ရာ အခုဆိုရင် (၃)နှစ်လောက် ရှိခဲ့ပါပြီ။ စာရင်းဝင် ကုမ္ပဏီ ၅ ခုနဲ့ စတော့ပ်ရှယ်ယာတွေကို အရောင်း အဝယ် လုပ်ပေးနေပါတယ်။
ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေက စာရင်းဝင်ကုမ္ပဏီတွေ တိုးပွားလာဖို့အတွက် Corporate Governance လို့ခေါ်တဲ့စာရင်းဝင်ကုမ္ပဏီတွေနဲ့ စီမံအုပ်ချုပ်တာတွေကို တိုးတက်အောင်ကုမ္ပဏီတွေ မှာ တာဝန်ယူဆောင်ရွက်ရမယ့် ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အရည်အသွေးတွေကို သတ်မှတ်ဆောင် ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနစတဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စာရင်းဝင်ကုမ္ပဏီတွေကို မကြာသေးခင်က ပြဋ္ဌာန်း ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနဲ့အညီ နိုင်ငံခြားသားတွေ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေကို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်။
မေး။ ။နိုင်ငံပိုင်ဘဏ်တွေရဲ့အကြောင်းကိုလည်း သိပါရစေရှင့်။
ဖြေ။ ။နိုင်ငံပိုင်ဘဏ်အနေနဲ့ (၄)ခုရှိပြီး မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ပါ တယ်။ ဒီဘဏ်ကြီး (၄)ခုဟာ ခြုံပြီးပြောကြားရမယ်ဆိုရင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အရင်ကထက် ပိုမိုတိုးချဲ့ပြီး ပြည်သူကို ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့် JICA Two Step Loan ကို ရယူပြီး လယ်ယာကဏ္ဍကို စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ဖို့အတွက် ထွန်စက်၊ ခြွေလှေ့စက်၊ အခြောက်ခံစက်၊ ဆီစက်နဲ့ ဆန်စက်စတဲ့ စက်ကိရိယာပစ္စည်းတွေ ဝယ်ယူဖို့ အတွက် နှစ်ဆင့်ချေးငွေတွေကို အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးခဲ့ပါတယ်။
အလားတူ SMEs လုပ်ငန်းတွေအတွက် အတိုးသက်သာတဲ့ ချေးငွေတွေ ချေးပေးနေပါတယ်။ MFTB နဲ့ MICB တို့ဆိုရင် Trade Financing လို့ခေါ်တဲ့ ပြည်ပကုန်သွယ်မှုတွေ လုပ်ဆောင်တဲ့အခါ လိုအပ်တဲ့ ငွေကြေး အထောက်အပံ့တွေ ရရှိနိုင်အောင် ကုန်သွယ်မှု ချေးငွေတွေ တိုးမြှင့်ချေးပေးနေပါတယ်။
ဘဏ်အားလုံးမှာ ငွေလွှဲလုပ်ငန်းတွေ တိုးတက်အောင် ယခင်က Manual စနစ်နဲ့ လုပ်ဆောင်ရာမှ ဒီဂျစ်တယ်ဘဏ်စနစ်တွေ၊ မိုဘိုင်းဘဏ်စနစ်တွေနဲ့ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။စိုက်ပျိုးစရိတ်ချေး ငွေတွေဆိုရင် လယ်သမားတွေအတွက် ချေးပေးရာမှာ ယခင်ကထက် နှုန်းထားတွေ တိုးမြှင့်ပြီး စိုက်စရိတ် ချေးငွေတွေ ချေးပေးလျက်ရှိသလို အချိန်မီပြန်လည်ကောက်ခံရရှိအောင် ဆောင်ရွက်ရ ပါတယ်။
Housing Finance လို့ခေါ်တဲ့ အိမ်ရာ လိုအပ်သူတွေကို အိမ်ရာချေးငွေတွေ ထုတ်ချေး နိုင်အောင် ပြည်ပနိုင်ငံတွေက အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေရယူပြီး နှစ်ရှည် (၁၅)နှစ်၊ (၁၀)နှစ် စတဲ့ အိမ်ရာ ချေးငွေတွေကို တိုးချဲ့ထုတ်ချေး ပေးနေပါတယ်။
မေး။။မြန်မာ့အာမခံလုပ်ငန်းနဲ့ အာမခံလုပ်ငန်းဆိုင်ရာတွေမှာ ဘယ်လို ပြုပြင်ပြောင်းလဲတိုးတက်မှုတွေ ရှိပါသလဲရှင့်။
ဖြေ။ ။မြန်မာ့အာမခံ လုပ်ငန်းအနေနဲ့ ပုဂ္ဂလိကအာမခံလုပ်ငန်း၊ နောင်တွင်ခွင့်ပြုပေးမယ့် နိုင်ငံခြား အာမခံ ကုမ္ပဏီတွေနဲ့ပါ အပြိုင်အဆိုင်လုပ်ရမှာ ဖြစ်ပါတယ်။ အခုကတည်းက အာမခံအမျိုးအစား အသစ်တွေဖြစ်တဲ့တောင်သူလယ်သမား အသက်အာမခံ၊ ပညာရေး၊ ကျန်းမာရေးအာမခံ စတဲ့ အာမခံ အမျိုးအစား သစ်တွေကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ အသက်အာမခံအပိုင်းနဲ့ အထွေထွေ အာမခံအပိုင်း အပေါ်မှာ Product အသစ်တွေ တိုးချဲ့ဆောင်ရွက်နေပြီးမကြာခင်မှာ နိုင်ငံခြားအသက် အာမခံ ကုမ္ပဏီတွေ ဝင်လာပါမယ်။
အထွေထွေအာမခံလုပ်ငန်းတွေကို Joint Venture အဖြစ် လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာမခံကဏ္ဍဟာ ၃ နှစ်တာကာလ အတွင်း တိုးတက်ပြောင်းလဲမှုများစွာရှိခဲ့ပြီး မြန်မာနိုင်ငံမှာ အာမခံ ဈေးကွက် ထိုးဖောက်နိုင်မှုဟာ ရာခိုင်နှုန်းနည်းတဲ့ အနေအထားကနေ ရာခိုင်နှုန်းအတော်များများ ထိုး ဖောက် လာနိုင်မယ် ဆိုတာ သေချာပါတယ်။
မေး။ ။ တတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ် ဆွေးနွေး ပေးပါဦး ရှင့်။
ဖြေ။ ။စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ပါဝင်တဲ့ ဌာန အားလုံးက မိမိတို့ကျရာ နေရာ၊ တာဝန်ကနေ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင် အောင် ဆောင်ရွက်ပေးပြီး အဲဒီကနေ တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေး တိုးတက်ဖွံ့ ဖြိုးလာအောင် နိုင်ငံတော် ကချမှတ် ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ် တွေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြည်သူ ကို တင်ပြအပ်ပါတယ်။
ဦးဆက်အောင်
ဒုတိယဝန်ကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
မေး။ ။ ဝန်ကြီးဌာနရဲ့ စီမံကိန်းပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် အပိုင်းကို ရှင်းလင်းပြောကြား ပေးပါဦးရှင့်။
ဖြေ။ ။လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ဝန်ကြီးဌာနအနေနဲ့ အဓိကဆောင်ရွက်တဲ့ အပိုင်းကြီး (၂)ပိုင်း ရှိပါတယ်။ အဲဒါက စီမံကိန်းပိုင်း(Planning )နဲ့ ဘဏ္ဍာ ရေးပိုင်း(Finance) ဆိုပြီး ဖြစ်ပါ တယ်။ စီမံကိန်း ပိုင်းက National Planning အပိုင်း ဖြစ်ပါတယ်။ စီမံဘဏ္ဍာရဲ့ National Planning နဲ့ ပတ်သက်တဲ့ ဆောင်ရွက်နိုင်တဲ့အချက်ကို အဓိကပြောပါမယ်။
အဓိက ပထမဦးဆုံး ဆောင်ရွက်နိုင်တဲ့ ကိစ္စကဗျူဟာမြောက်လုပ်ငန်းစဉ်တွေကိုအသေးစိတ် သေသေ ချာချာ ရေးဆွဲခဲ့ပါတယ်။ အရင်တုန်းက Policy Direction ပုံစံမျိုးကို စနစ်တကျ ရေးဆွဲ နိုင်ခဲ့ပေမယ့် Policy Direction တွေကို တကယ်အကောင်အထည်ဖော်နိုင်မယ့် Policy Matrix တွေကို ရေးဆွဲနိုင် ခဲ့ခြင်း မရှိပါဘူး။ အခုအချိန်မှာ အဓိက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စက နိုင်ငံတော် ရဲ့ Policy Directionတွင်သာမက ဒီ Policy Direction ကို သွားမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ သွားကြမလဲ၊ ဘယ်လိုဗျူဟာတွေကို ချမှတ်ပြီးသွားမလဲ၊ ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်ပြီးသွားမယ်ဆိုတဲ့ Policy Implementation Matrixကို အတိအကျ ရေးဆွဲနိုင်ခဲ့ပါတယ်။အရင်အခြေ အနေတွေ၊ အရင်ခေတ်တွေ တုန်းက မဆောင်ရွက် နိုင်ခဲ့တဲ့ကိစ္စကို အသေးစိတ် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Policy Matrix အရ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဒီအတိုင်း ဖော်ထုတ်တာ မဟုတ်ဘဲနဲ့ ဗျူဟာတွေ အကောင်အထည်ဖော် နိုင်မယ့် ဏမသနြခအ Bညေု ဆိုတဲ့ စီမံကိန်းဘဏ် ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။
မေး။ ။စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်က ဘယ်လောက်အထိ အဓိကကျတယ် ဆိုတာကို ရှင်းပြပေး ပါဦးရှင့်။
ဖြေ။ ။ဒီစီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်က ဘယ်လောက်ထိကို အဓိက ကျသလဲဆိုရင် Sectorial Plan တွေကနေ Strategic Plan အဆင့်ကို ပြောင်းလဲနိုင်ရုံ သာမက အရင်တုန်းကလို ရင်းနှီးမြှုပ်နှံမှု ပိုင်း ဆိုင်ရာမှာ ရင်းနှီးမြှုပ်နှံသူတွေကို Reactively ထိုင်ပြီး အဆိုပြုလွှာတွေ တင်ကြပါဆိုပြီးစောင့်ဆိုင်း ဖို့မဟုတ်ဘဲနဲ့ ဝန်ကြီးဌာနတွေ ကိုယ်တိုင်ကိုက နိုင်ငံတော်အတွက် အကောင် အထည်ဖော်သင့်တဲ့ ဗျူဟာမြောက်စီမံကိန်းတွေကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်မယ့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ တွေကို Proactively ဝန်ကြီးဌာန တွေကိုယ်တိုင်ကိုက တင်ဒါစနစ်နဲ့ ခေါ်ယူရွေးချယ် ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်မယ့် နည်းလမ်းတွေ ပါဝင်ပါတယ်။
အခုအချိန်မှာ နိုင်ငံတော်ရဲ့ ဗျူဟာမြောက်တဲ့ စီမံကိန်းတွေကို Project Bank မှာ ထည့်နိုင်ဖို့ အတွက် စီမံကိန်းတွေကို ဝန်ကြီးဌာနတွေက ဖော်ထုတ်ပြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို Electronic Database တစ်ခုဖြစ်တဲ့ Project Bank / Data Bankမှာ ထည့်သွင်းပါတယ်။ ထည့်သွင်းပြီး များမကြာမီမှာ ဒီစီမံ ကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကို Proactively ခေါ်ဆောင်မှာ ဖြစ်ပါတယ်။ ခေါ်ဆောင်တဲ့နေရာမှာလည်း ပိုပြီး ပွင့်လင်းမြင်သာတဲ့၊ ယှဉ်ပြိုင်မှုရှိတဲ့ တင်ဒါခေါ်ယူ မှုတွေနဲ့ ယှဉ်ပြိုင်ရွေးချယ်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ သူတွေနဲ့ လက်တွဲပြီး ဆောင်ရွက်ပေးဖို့ အစီအစဉ် တွေကို ချမှတ်ပြီးဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ သိမ့်သိမ့်မိုး၊
ဓာတ်ပုံ - မေဦးမိုး
ဓာတ်ပုံ - မေဦးမိုး










No comments:
Post a Comment