Wednesday, May 1, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အန်ကောဝပ်ကျောင်းတော် ( Angkor Wat ) နှင့် Bayon Temple တို့အား လေ့လာကြည့်ရှု နေပြည်တော်သို့ပြန်လည်ရောက်ရှိ




နေပြည်တော် မေ ၁

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့မှ ဆီရမ်ရိမြို့ သို့ရောက်ရှိကြရာ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Tea        Seiha နှင့်ဇနီး၊ တာဝန်ရှိ သူများက ဆီရမ်ရိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Prak Sokhonn တို့နှင့်အတူ အန်ကောဝပ် ကျောင်းတော်သို့ရောက်ရှိလေ့လာပြီး ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာတိုင်များကပ်လှူပူဇော်သည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် Bayon Temple သို့ရောက်ရှိပြီး Bayon Temple အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။           

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က Sokha Resort  Hotel ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့ဝင်များသည် အထူးလေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီးဌာန၀န်ကြီး   H.E.Dr. Kantha Phavi ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr. Sok Chea ၊ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Tea     Seiha နှင့်ဇနီး နှင့်တာဝန်ရှိသူများက ဆီရမ်ရိအပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်ဇနီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး ယာယီတာဝန်ခံ Ms Dy Yoeun နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment