Tuesday, April 9, 2019

ဒုတိယမြို့တော်ဝန်နေရာအတွက် မဲဆန္ဒနယ် (၃) မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်



ရန်ကုန် ဧပြီ ၈

လျှို့ဝှက်မဲစနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ မဲဆန္ဒနယ် (၃) မှ မြို့တော် ကော်မတီဝင် နေရာအတွက် ရွေးကောက် တင်မြှောက်ခံရသည့် ဦးစိုးလွင်က ဒုတိယ မြို့တော်ဝန်နေရာအတွက် ရွေးချယ်ခံရကြောင်း သိရသည်။


ဒုတိယ မြို့တော်ဝန်နေရာကို မြို့တော်ဝန် အပါအဝင် အစိုးရခန့် ဗဟို ကော်မတီဝင် ငါးယောက်ရယ်၊ အများပြည်သူက ရွေးချယ်လိုက်တဲ့ ခြောက်ယောက်ရယ် စုစုပေါင်း ၁၁ ယောက်က လျှို့ဝှက်မဲပေး စနစ်နဲ့ ရွေးပါတယ်။ ကျွန်တော်က ဒုတိယမြို့တော်ဝန် နေရာကို မဲအများဆုံးနဲ့ ရရှိခဲ့ပါတယ်ဟု ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသည့် ဦးစိုးလွင်က ပြောသည်။

ဆက်လက်၍ ၎င်းက ရန်ကုန်မြို့ရဲ့ လိုအပ်ချက်တွေကတော့ အများကြီးရှိတယ်။ အမှန်တကယ် စည်ပင်သာယာ ဆိုတာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ ဝန်ဆောင်မှု ပေးတာတွေ လိုအပ်နေပါသေးတယ်။ ကြိုးစားပြီး လုပ်ရမှာပါ။ အစကနေ ပြန်လုပ်ရတဲ့ သဘောမျိုးဖြစ်နေတယ်။ သက်တမ်း နှစ်နှစ်အတွင်းမှာ ကြိုးစားပြီး လုပ်သွားမှာပါဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ရွေးကောက် တင်မြှောက်ခံရသည့် မြို့တော် ကော်မတီဝင် ခြောက်ဦးထဲမှ တစ်ဦးကို ဒုတိယမြို့တော်ဝန်နေရာအတွက် ခန့်အပ်ရန် အစိုးရအဖွဲ့က ခန့်အပ်ထားသော မြို့တော်ဝန် အပါအဝင် ကော်မတီဝင် လေးဦးနှင့် ရွေးကောက်ခံ ကော်မတီဝင် ခြောက်ဦး စုစုပေါင်း ၁၁ဦးတို့က လျှို့ဝှက်မဲ စနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

မတ် ၃၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွင် မြို့တော်ကော်မတီဝင် နေရာအတွက် မဲဆန္ဒနယ် (၁) မှ ဦးဝင်းမြင့်သန်း၊ မဲဆန္ဒနယ် (၂)မှ ဦးသူရအောင်၊ မဲဆန္ဒနယ် (၃)မှ ဦးစိုးလွင်၊ မဲဆန္ဒနယ် (၄)မှဦးစိန်အုန်း၊ မဲဆန္ဒနယ် (၅)မှ ဒေါ်နန့်စုရွှေစင်နှင့် မဲဆန္ဒနယ် (၆)မှ ဦးမင်းဟန်တို့ အသီးသီး အနိုင်ရရှိခဲ့ပြီး ယနေ့ပြုလုပ်သည့် ဒုတိယ မြို့တော်ဝန်နေရာအတွက် အဆိုပါ ကော်မတီဝင် ခြောက်ဦးထဲမှ မဲဆန္ဒနယ် (၃)မှ ဦးစိုးလွင်က မဲအများဆုံးဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မင်းသစ် (MNA)
ဓာတ်ပုံ- စိုးလွင်(မြို့တော်)

No comments:

Post a Comment